Skip to main content

တင်ပြအပ်ပါသည်

ကဗျာဆရာ၊ ပီပြင်ပါအောင်

ကဗျာလင်္ကာ ရေးသတည်း။

တပုဒ်နှစ်ပုဒ်၊ သုံးလေးပုဒ် ထိ

ကျွန်ုပ် ရေးခဲ့ဘူးပါသည်။

ပတ်ဝန်းကျင်က၊ အမွှန်းတင်ကာ

“ကဗျာဆရာ၊ စာဆရာ” ဟု

နာမ,တွင်ခေါ်၊ ကျွန်ုပ်ပျော်၏။

မဂ္ဂဇင်းမှာ၊ ပါ၍လာသော်

မဟာပီတိ ဂွမ်းဆီထိ။

ကျွန်ုပ်ရေးရာ...

ကဗျာတပုဒ်၊ မည်သို့ဟုတ်ကြောင်း

ကာရန်တလုံး၊ မည်သို့မှုန်းကြောင်း

ပါဒတကြောင်း၊ မည်သို့ကောင်းကြောင်း

ကြောင်းရာတကွက်၊ မည်သို့နက်ကြောင်း

နှစ်ထောင်းအားရ၊ ဂုဏ်တင်ပြပြီး

အတ္တ ငမိုက်သား၊ ကျွန်ုကြွားခဲ့။

လမ်းရိုးတလျှောက်၊ကာရန်ကောက်၍

တယောက်ချစ်သူ၊ လွမ်းသော ဟူ၍

ခွဲယူဖြေဖျော်၊ တေးလှ ခေါ်၍

ညဉ့်သော်လည်ကြူး၊ သံစုံမြူး၍

သူရူးဆံဆံ၊ ကျွန်ုပ်ဖန်ခဲ့။

ကျွန်ုပ်မှားသည်၊ ဆိုရမည်တည့်

ပြည်သူနှင့် ဝေး၊ အရေးမသာ

ဘယ်မှာဘဝ၊ ညွှန်ပြရလိမ့်

အလှလိပ်ပြာ၊ သည်းလွှာအိပ်မက်

မျက်ရည်စမ်းချောင်း၊ လွမ်းဟောင်းပုံပြင်

ခုံမင်စိတ်မူး၊ အဆိပ်လူးသော

ပန်းဖူးလင်္ကာ၊ အနုစာကြောင့်

မျက်နှာငယ်ရ၊ အားငယ်ရ၏။

ကဗျာဆရာ၊ ပီပြင်ပါအောင်

ကဗျာလင်္ကာ ရေးသတည်း။

ယခုအခါ၊ ကျွန်ုပ်မှာလည်း

သဘာဝတ္ထ၊ ဘိဓမ္မနှင့်

ဘဝရိပ်မြုံ၊ အလှဘုံမှာ

ပန်းစုံပွင့်ပြီ၊ အခွင့်ညီမျှ

ပြည့်ဝခံစား၊ ပြည်သူများ နှင့်

အားပေးထောက်ကူ၊ ကာရန်ယူကာ

အတူ တေးဆိုပါတော့အံ့။

မောင်စိမ်းခက်

စုံထောက်မဂ္ဂဇင်း ၁၉၆၇ ဇူလိုင်၊အတွဲ-၂/အမှတ်-၅၀

Listener's Heaven Audiobooks - အသံစာအုပ်

ယနေ့ခေတ်မှာ "တစ်" ယောက်ချစ်သူ "ဖစ်" သောဟူ၍တဲ့။

ဒေါက်တာတင့်ဆွေ

Comments