Skip to main content

တင်ပြအပ်ပါသည်

ကဗျာဆရာ၊ ပီပြင်ပါအောင်

ကဗျာလင်္ကာ ရေးသတည်း။

တပုဒ်နှစ်ပုဒ်၊ သုံးလေးပုဒ် ထိ

ကျွန်ုပ် ရေးခဲ့ဘူးပါသည်။

ပတ်ဝန်းကျင်က၊ အမွှန်းတင်ကာ

“ကဗျာဆရာ၊ စာဆရာ” ဟု

နာမ,တွင်ခေါ်၊ ကျွန်ုပ်ပျော်၏။

မဂ္ဂဇင်းမှာ၊ ပါ၍လာသော်

မဟာပီတိ ဂွမ်းဆီထိ။

ကျွန်ုပ်ရေးရာ...

ကဗျာတပုဒ်၊ မည်သို့ဟုတ်ကြောင်း

ကာရန်တလုံး၊ မည်သို့မှုန်းကြောင်း

ပါဒတကြောင်း၊ မည်သို့ကောင်းကြောင်း

ကြောင်းရာတကွက်၊ မည်သို့နက်ကြောင်း

နှစ်ထောင်းအားရ၊ ဂုဏ်တင်ပြပြီး

အတ္တ ငမိုက်သား၊ ကျွန်ုကြွားခဲ့။

လမ်းရိုးတလျှောက်၊ကာရန်ကောက်၍

တယောက်ချစ်သူ၊ လွမ်းသော ဟူ၍

ခွဲယူဖြေဖျော်၊ တေးလှ ခေါ်၍

ညဉ့်သော်လည်ကြူး၊ သံစုံမြူး၍

သူရူးဆံဆံ၊ ကျွန်ုပ်ဖန်ခဲ့။

ကျွန်ုပ်မှားသည်၊ ဆိုရမည်တည့်

ပြည်သူနှင့် ဝေး၊ အရေးမသာ

ဘယ်မှာဘဝ၊ ညွှန်ပြရလိမ့်

အလှလိပ်ပြာ၊ သည်းလွှာအိပ်မက်

မျက်ရည်စမ်းချောင်း၊ လွမ်းဟောင်းပုံပြင်

ခုံမင်စိတ်မူး၊ အဆိပ်လူးသော

ပန်းဖူးလင်္ကာ၊ အနုစာကြောင့်

မျက်နှာငယ်ရ၊ အားငယ်ရ၏။

ကဗျာဆရာ၊ ပီပြင်ပါအောင်

ကဗျာလင်္ကာ ရေးသတည်း။

ယခုအခါ၊ ကျွန်ုပ်မှာလည်း

သဘာဝတ္ထ၊ ဘိဓမ္မနှင့်

ဘဝရိပ်မြုံ၊ အလှဘုံမှာ

ပန်းစုံပွင့်ပြီ၊ အခွင့်ညီမျှ

ပြည့်ဝခံစား၊ ပြည်သူများ နှင့်

အားပေးထောက်ကူ၊ ကာရန်ယူကာ

အတူ တေးဆိုပါတော့အံ့။

မောင်စိမ်းခက်

စုံထောက်မဂ္ဂဇင်း ၁၉၆၇ ဇူလိုင်၊အတွဲ-၂/အမှတ်-၅၀

Listener's Heaven Audiobooks - အသံစာအုပ်

ယနေ့ခေတ်မှာ "တစ်" ယောက်ချစ်သူ "ဖစ်" သောဟူ၍တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ