Skip to main content

စေတနာ

(သိပ္ပံမောင်ဝ)

နယ်ပိုင် မောင်လူအေးသည် ယခုအခါတွင် ကြေးတိုင်ဖက်သို့ ပြောင်းသွားပြီဖြစ်သောကြောင့် ကြေးတိုင်မောင်လူအေး ဖြစ်သွားလေပြီ။ နယ်ပိုင်အလုပ်နှင့် ကြေးတိုင်အလုပ်တို့မှာ မည်သို့ကွာခြားသည်ကို စောင့်စား၍ ကြည့်ကြဦးစို့။

မောင်လူအေးမှာ ဖွားဒွေးကြီး၏လက်အောက်တွင် ကြီးပြင်းလာရသောကြောင့်လား မသိ၊ အဘိုးကြီး အမယ်ကြီးများကို တွေ့မြင်လျှင် ခင်မင်လေ့ရှိလေသည်။ နယ်ပိုင်ဘဝတုန်းက တောရွာများသို့ နယ်လှည့်ထွက်သောအခါများတွင် အဘိုးအို၊ အမယ်ကြီးတို့နှင့် တွေ့ရ၊ မြင်ရ၊ နှုတ်ဆက်ရပါ၏။ သို့ရာတွင် နယ်ပိုင်အလုပ်တွေမှာ များပြားလှသောကြောင့် ကြာကြာ စကားမပြောနိုင်။ အသိမိတ်ဆွေမဖြစ်နိုင်ပေ။ တရွာတရွာတွင် တညဉ့်အိပ်သာလျှင် တည်းခိုလေ့ ရှိ၏။ အလုပ်ကိစ္စများ ပြီးစီးသွားပြန်လျှင်လည်း အဘိုးအို၊ အမယ်ကြီးများနှင့် စကားမပြောအား။ အခြားရွာသို့သွားကာ အမှုကိစ္စများကို ဆောင်ရွက်ရပေသေးသည်။

ကြေးတိုင်ဖက်တွင်ကား ဤသို့မဟုတ်ပြီ။ တရွာတရွာရောက်မှဖြင့် ရွက်ထည်ရုံထိုးကာ ကိုးရက်၊ ဆယ်ရက်စသဖြင့် စခန်းချ၍ နေရလေသည်။ နံနက်ခင်းတွင် ကွင်းစစ်၊ နေ့ခင်းတွင် စာရင်းစစ်ပြီးလျှင် လုပ်ဖွယ်ကိစ္စမရှိတော့ပြီ။ ညနေခင်း ညဉ့်ဦးအခါများတွင် ရွာသားများနှင့် ထွေရာလေးပါး စကားတို့ကို ပြောဆိုနိုင်လေသည်။ ဤနည်းအားဖြင့် သူကြီးမင်း၊ ဆယ်အိမ်ခေါင်း၊ သမာဓိ၊ ကော်မီတီမှစ၍ ရွာထဲတွင် ရှိသမျှသောရွာသားများနှင့် ခင်မင်၍သွားလေ့ရှိလေသည်။ ဤကား ကြေးတိုင် မောင်လူအေး၏အလုပ်ပေတည်း။

တရံရောအခါ ပျံချီဆိုသောရွာကလေး၏နောက်ဖေး၊ ကုန်းတန်းကလေးပေါ်ရှိ ညောင်ချဉ်ပင် တပင်အောက်တွင် ရွက်ထည်တဲကို ထိုးကာ မောင်လူအေးတို့လူစု စခန်းချ၍နေကြလေသည်။ ထိုလူစုတွင် ပါဝင်သူတို့၏အကြောင်းကိုအနည်းငယ် ရေးသားလိုသေး၏။ မောင်လူအေး၏ စခန်းစာရေးတို့ကား မောင်ဟန်စိန်နှင့် မောင်အုံးပွင့်တို့တည်း။ နယ်ပိုင်လုပ်စဉ်က တောလိုက်စာရေးကား မောင်ဖျန်စိန်၊ ကြေးတိုင်ဖက်ရောက်သောအခါ စခန်းစာရေးကား မောင်ဟန်စိန်၊ ကာရန်ဘဲ ကိုက်သေးတော့။ နာမည်တွင်သာ ကာရန်ညီသည် မဟုတ်သေး။ သူတို့နှစ်ယောက်စလုံး တရုတ်ကပြားချည်းပင်။ ရှေးအကျိုးဆက် အတော်ပင် ထူးပေသည်ဟု တွေးတောမိလေတော့သည်။

အခြားတပည့်များ၏အမည်ကို နားထောင်ပါဦး။ စခန်းပြာတာကား မောင်ထွန်းကျင်၊ စာပို့ပြာတာကား မောင်ထွန်းရှိန်၊ မောင်လူအေးကိုယ်ပိုင်တပည့်ကား မောင်ထွန်းဘေ၊ သို့နှင့်မောင်လူအေး၏ စခန်းတွင် ထွန်းသုံးလုံး တပြိုင်နက် ထွန်းကားပြီးလျှင် ထွန်းလင်းတောက်ပလျက် နေကြကုန်၏။ သူတို့သုံးယောက်စလုံး စနေသားချည်းပင်။ ထွန်းသုံးထွန်းပေါင်းသော် လောင်းကျော်မည့်အရေးကိုလည်းကောင်း၊ ဂ-ငယ်သုံးခု ဥသျှစ်ထု ဟူသော ရာဇဝင် သင်္ကေတနှင့်အညီ ထွန်းသုံးထွန်း စုလျှင် စခန်းပုသွားမည့်အရေးကိုလည်းကောင်း တွေးလိုက်တိုင်း စိုးရိမ်မကင်းဖြစ်မိ၏။

တခုသောနံနက် ခြောက်နာရီအချိန်တွင် လယ်မြေများကို အယုတ်၊ အလတ်၊ အမြတ်ခွဲခြားရန် လေးဦးသော သမာဓိတို့နှင့်အတူ မောင်လူအေး၊ စာရေး မောင်ဟန်စိန်တို့သည် ကွင်းဆင်း၍ သွားကြကုန်၏။ အဆိုပါ လေးဦးသော သမာဓိတို့အနက် သုံးဦးမှာ ခပ်ငယ်ငယ်၊ ခပ်လည်လည်၊ ခပ်ညာညာ၊ ခပ်ဝါဝါများဖြစ်ကြလေသည်။ သို့ရာတွင် မိမိ နယ်ပိုင်လုပ်စဉ်က တွေ့မြင်ခဲ့ရသော အင်းသားကြီးတို့လောက်ကား အညာ၊ အလှိုင်း၊ အလိမ်၊ အကောက် မကောင်းလှပေ။ ကျန်တဦးသော သမာဓိကား အသက် ၆၀ ကျော်ပြီ။ ခါးကုံးကုံး၊ ပခုံးပေါ်  နံငယ်တထည်ကို တင်ထား၏။ အင်္ကျီကိုကား မဝတ်နိုင်ရှာပေ။ ထိုသမာဓိ အဘိုးကြီးကား ညာခြင်း၊ ဝါခြင်းမရှိ။ အမှန်အတိုင်းပြောဆိုလေ့ရှိ သောကြောင့် မောင်လူအေး၏မျက်စိက တန်းမှန်းမိလေသည်။ သူ၏အမည်ကား ဦးသာရတည်း။ 

ကွင်းစစ်ပြီး၍ စခန်းသို့ပြန်လာသောအခါ လမ်းတွင် မောင်လူအေးနှင့် ဦးသာရတို့မှာ လေပေးဖြောင့်လျက် လာကြလေသည်။ ဦးသာရ၌ သားသမီးခြောက်ယောက် ထွန်းကားရာ နှစ်ယောက်မှာ ငယ်ငယ်ကတည်းကပင် သေဆုံးသွားပြီဖြစ်၍ လေးယောက်သာ ကျန်တော့၏။ ထိုလေးယောက်သော သားသမီးတို့မှာလည်း အသီးသီး အိမ်ထောင်ရက်သားကျပြီးလျှင် သားတွေ သမီးတွေနှင့် ဖြစ်နေကြသောကြောင့် အဖေဦးသာရနှင့် အမေအိုဒေါ်စီလိတို့အား မကြည့်ရှုနိုင်ရှာကြချေ။ ဦးသာရကား “ရေမှန်လျှင် အထက်သို့ ဆန်မြဲမရှိ” ဟူသော စကားကို အမြဲနှလုံးသွင်းထားသောသူဖြစ်သောကြောင့် မိမိတို့၏သားသမီးများ မိမိတို့အား မကြည့်ရှုသည်ကို ဝမ်းလည်းမနည်း၊ သူတို့ကို အားမကိုးပေ။

ရွာမြောက်ဖက် မြေလွတ်မြေလပ်ကလေးတကွက်ကို ခုတ်ပြီးလျှင် ဥယျာဉ်တောင်ယာကလေး လုပ်ကိုင်စားသောက်နေသည်မှာ လေး ငါး ခြောက်နှစ် ကြာလေပြီ။ ထိုတောင်မှ ထွက်သော သစ်ဥတို့ကိုရောင်းကာ အဘိုးအို၊ အမယ်ကြီးတို့ နှစ်ယောက်သား စားသောက်နေရရှာ၏။ ထမင်းဝရုံသာရ၏။ အဝတ်အစားဝတ်ရန်ကား မပို။ သူတကာက သနား၍ပေးသော အဝတ်အစားတို့ကိုသာလျှင် အရှက်လုံရုံ ဝတ်စားရပေသည်။ ချမ်းတုန်းအချိန်များတွင်ကား ခိုက်ခိုက်တုန်။ ခြုံစရာကလည်း စောင်မရှိ။ မိုးတွင်းအခါတွင် ပိုးလောင်းကောင်၊ ခြင်အများဝိုင်းအုံကာ ကိုက်ခဲကြခြင်းကို ခံကြရရှာ၏။ ခြင်ထောင်ကို မဝယ်နိုင်ရှာကြပေ။

မိမိတို့ပိုင်ဖြစ်နေသော ဥယျာဉ်တောင်ယာကလေးအတွက် ကျအပ်သော အခွန်တော် သုံးကျပ်ကို မပျက်ပင် ကြိုးစားကာ ဆောင်ရှာပေသည်။ သိုရာတွင် လွန်ခဲ့သည့်နှစ်က တိုက်စာရေး ကိုယ်တော်မြတ်က အဘယ်အကြောင်းကြောင့်မသိ၊ ဦးသာရ မလုပ်မကိုင် မခုတ်မထွင်သောမြေကိုပါ ထည့်သွင်း၍ အခွန်စည်းကြပ်သောကြောင့် အခွန်တော် ၁ဂိ ကျလေပြီ။ ဦးသာရတို့လင်မယား အကျပ်ကြုံတော့၏။ အခွန်တော် မဆောင်နိုင်။ အကျိုးကား ထိုယာကလေးကို အစိုးရပြန်၍ သိမ်းလိုက်လေတော့သည်။ မကြာမီ နှင်စာလာ၏။ အခြားနေစရာကလည်း မြေမရှိသောကြောင့် ထိုယာထဲမှာပင် ခိုကပ်ကာ နေရရှာပေ၏။ အတန်ကြာလျှင် တရားအစွဲခံရသဖြင့် ဒဏ်ငွေ သုံးကျပ် ဆောင် ရလေသည်။ ရွာထဲမှလူများ စု၍ပေးလိုက်သောကြောင့်သာ ထောင်ဘေးမှ ချမ်းသာခွင့် ရလေသည်။ 

ဦးသာရ၏အဖြစ်အပျက်ကို ကြားသိရသော မောင်လူအေးကား သနား၍မဆုံးပြီ။ နေ့တိုင်းပင် အားလပ်သောအခါများတွင် ဦးသာရအား မိမိ၏စခန်းသို့ ခေါ်ကာ စကားပြောပေ၏။ လက်ဖက်ရည်သောက်ချိန်တွင် လက်ဖက်ရည်ကိုတိုက်၏။ ထမင်းစားချိန်တွင် ထမင်းကျွေး၏။ လက်ဖက်ရည် တခွက်၊ ထမင်း တနပ် နှစ်နပ်မှာ မောင်လူအေးအတွက် မထူးခြားသော်လည်း ဦးသာရအတွက်ကား များစွာထူးခြားလှပေသည်။ ဦးသာရအား ကြေးတိုင်ဝန်

ထောက်က လက်ဖက်ရည်တိုက်ကြောင်း၊ ထမင်းကျွေးကြောင်း သတင်းမှာ ရွာထဲတွင် ချက်ချင်း ပျံ့နှံ့၍သွား၏။ ဦးသာရအိမ်ပြန်သွားသောအခါ သတင်းလာရောက် မေးမြန်းကြသောသူတို့မှာ ပြည့်လျက်နေလေသည်။ ဝန်ထောက် လက်ဖက်ရည်၊ ဝန်ထောက်ထမင်းတို့ကို စားခဲ့ရသော ဦးသာရကြီးမှာ ရွာထဲတွင် အတော်ပင်ထင်ပေါ်  ဂုဏ်ရှိ၍လာလေသတည်း။ ဦးသာရကား မောင်လူအေးအား ကျေးဇူးတင်၍ မဆုံးတော့ပြီ။ 

ပျံချီရွာကလေးတွင် ကိုးရက် ဆယ်ရက်ခန့် စခန်းချပြီးနောက် ရွှေပေါက်ရွာသို့သွားရန် စီမံရပြန်၏။ ဦးသာရကား အတော်ပင် ဝမ်းနည်းရှရှာပေသည်။ သို့သော် ပျံချီရွာမှ ထွက်ခွါမည့်နေ့တွင် ဦးသာရ ပေါ်မလာချေ။ အဘယ်ကြောင့်နည်း။ ဝမ်းနည်းသောကြောင့်ပင်လော၊ ဂရုမစိုက်သောကြောင့်ပင်လော။ ဦးသာရအား နှုတ်ဆက်ရန် အခေါ်လွှတ်လိုက်ပါလည်း ဦးသာရ အိမ်တွင် မရှိပေ။ ရှောင်များနေလေရော့သလားဟု သို့လောသို့လော တွေးတော ဒွိဟ မောင်လူအေး၏စိတ်တွင် ဖြစ်မိပေ၏။

ညနေခင်း ၄ နာရီထိုးသောအခါ မောင်လူအေးတို့လူစုလည်း ရွှေပေါက်ရွာသို့သွားရန် လှေဆိပ်သို့ ဆင်းကြကုန်၏။ လှေများပေါ် တွင် ပစ္စည်းများတင်ပြီး၍ လှေထဲသို့ မောင်လူအေး ဆင်းမည်အလုပ်တွင် ရွာ့မြောက်ဖက်မှ ဦးသာရကြီး ပြေးလာသည်ကို မြင်ကြရလေသည်။ မကြာမီ မောင်လူအေးအနားသို့ ရောက်၏။ မောကြီးပန်းကြီးနှင့်ပင်။ လက်ထဲတွင်လည်း ပုလင်းတလုံး၊ ဘာပုလင်းပါလိမ့်၊ ပျားရည်ပုလင်းဖြစ်ပါသည်။ မိတ်ဆွေတယောက်ထံမှ ငွေတကျပ်ကိုချေးပြီးလျှင် နံနက်စောစောကပင် ခြောက်မိုင်ခန့်အကွာ ကျောက်ဖျာရွာမှ ငွေတကျပ်ပေး၍ ဝယ်လာသော ပျားရည်ပုလင်း ဖြစ်၏။ ထိုပျားရည်ပုလင်းကို ဝန်ထောက်မင်းအား ကျေးဇူးတင်လှသဖြင့် လက်ဆောင်ပေးရန် ဖြစ်ပါသည်။ ဪ ဦးသာရ... ဦးသာရ ကျေးဇူးသိတတ်ပါပေ၏။

မောင်လူအေးသည် ဦးသာရ၏ပျားရည်ပုလင်းကို အသို့လျှင် ယူရက်ပါအံ့နည်း။ ကျေးဇူးသိတတ်စွာနှင့် ပေးသည်ကို မယူဘဲငြင်းပယ်လိုက်မည်ဆိုလျှင်လည်း ဦးသာရကြီး စိတ်မကောင်းဖြစ်တော့မည်။ မောင်လူအေး အကျပ်တွေ့တော့၏။ ထိုအကျပ်ထဲမှ လွတ်မြောက်ရန် နည်းတနည်းသာ ရှိလေသည်။ ယင်းကား ဦးသာရ၏ပျားရည်ပုလင်းကို ယူပြီးလျှင် သူ့အား ငွေသုံးကျပ်ပေးခြင်းပင်တည်း။ ဦးသာရကလည်း ကျေနပ်၊ မောင်လူအေးကလည်း အားရ၍ သွားကြလေ၏။ 

ဤစားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ဖြစ်နေသော အဘိုးကြီးသည် အစိုးရလခစားဖြစ်သော ဝန်ထောက်အား ပျားရည်လက်ဆောင် ပေးနိုင်လောက်သော စေတနာမှာ ထူးဆန်းပေစွဟူ၍ စိတ်ကူးယင်းနှင့်ပင် ပျံချီရွာမှ ထွက်ခဲ့သတည်း။

နေဝင်ချိန်တွင် ရွှေပေါက်ရွာသို့ ရောက်ကြကုန်၏။ ဦးကျော်ဒွန်း၏ဥယျာဉ်အတွင်း သရက်၊ ပိန္နဲ၊ ကနစိုးပင်များအောက်တွင် ရွက်ထည်တဲဆောက်ကာ စခန်းချနေကြပြန်၏။ လူသူအရောက်အပေါက်နည်း၍ အလွန်ခေါင်လှသော ကရင်ရွာကလေးဖြစ်သောကြောင့် ဝန်ထောက်မင်းရောက်သည်ကြားလျှင် တရွာလုံးပင် လာရောက်ကြည့်ရှုကြကုန်၏။ ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ်၊ ပုလုကွေးလေး ပုခက်တွင်းကလေးများပင် ပါလေသည်။ တကဲ့ပွဲကြီး ကျနေတော့၏။

နောက်တနေ့နံနက်တွင် သမာဓိ လေးယောက်နှင့် မောင်လူအေး ကွင်းဆင်းသွားလေသည်။ ထိုသမာဓိအားလုံးမှာ ရိုးသားသူချည်း ဖြစ်သောကြောင့် မြေမျိုးခွဲရာ၌ အမှန်အကန် ရရုံမျှမက လွယ်လည်းလွယ်ကူလှပေ၏။ ထိုသမာဓိလေးယောက်အနက် အသက် ၆၀ ကျော် ခန့်ရှိ အဘိုးကြီးတယောက်လည်း ပါလေသည်။ ထိုအဘိုးကြီးအား မောင်လူအေး မျက်စိကျပြန်လေပြီ။ ဤသို့မျက်စိကျသည့်အတိုင်း ထိုအဘိုးကြီးအား တောင်မေး၊ မြောက်မေးနှင့် တလမ်းလုံး လျှောက်၍ မေးလာခဲ့လေသည်။

အဘိုးကြီး၏အမည်ကား ဦးရွှေလှအောင် ဖြစ်လေသည်။ နာမည်မှာ ရခိုင်နာမည်နှင့် တူသောကြောင့် မေးကြည့်ရာ အသက် ၁၆ နှစ်အရွယ်ကတည်းကပင် ရခိုင်တောင်ရိုးကို ဖြတ်ကျော်လာပြီးလျှင် ဤကရင်ရွာတွင် လာရောက်နေထိုင်ကြောင်း ပြောပြသဖြင့် သိရှိရလေသည်။ ရခိုင်တောင်ရိုးမှ ထွက်လာကတည်းက မိမိနေရပ်သို့ တခါတခေါက် ပြန်၍မရောက်တော့ပြီ။ ဤကရင်ရွာကလေးတွင်ပင် လုပ်ကိုင်စားသောက်၍ ကြီးပြင်းလာသူတည်း။ ကရင်စကားကို သွက်သွက်လက်လက်ကြီး ပြောဆိုနိုင်သောကြောင့် ကရင်ပင် ဖြစ်နေလေပြီ။ သို့သော် ရခိုင်စကားကိုကား တလုံးကောင်း နှစ်လုံးကောင်း မှတ်မိပေသေးသည်။

ဦးရွှေလှအောင်ကား ငယ်စဉ်ကပင် သားမယားမယူ လူပျိုကြီးဘဝနှင့်ပင် ပျော်မွေ့လာသူတည်း။ ယခုအခါတွင် သားထောက်သမီးခံ မရှိသောကြောင့် မိမိယာကလေးကို တီထွင်ကာ တယောက်တည်း နေထိုင်ရရှာ၏။ မိမိယာမှ ထွက်သော အသီးအနှံတို့၏တန်ဖိုးမှာ အခွန်ဆောင်လောက်ရုံသာ ရှိလေသည်။ စားသောက်ရန်ကား ဝေးပေစွ။ သို့ဖြစ်လျှင် ဦးရွှေလှအောင် အဘယ်သို့ စားသောက်နေပါသနည်း။ ကရင်ရွာသူကြီးနှင့် ရွာသားများက စောင်မကြည့်ရှု၊ စောင့်ရှောက်၍ထားသောကြောင့် အစားအသောက်အတွက် မပူပင်ရရှာပေ။ သို့ရာတွင် ရွာသူရွာသားများမှာလည်း ချမ်းသာကြွယ်ဝသောသူများ မဟုတ်ကြသောကြောင့် အဝတ်အစားအတွက် မထောက်ပံ့နိုင်ကြလေရကား ဦးရွှေလှအောင်တွင် ပုဆိုးတထည်နှင့် နံငယ်ပိုင်းတခုသာရှိပေ၏။ သို့ အတိဒုက္ခရောက်နေရရှာသော်လည်း မိမိရပ်ထံသို့ ပြန်လိုသောဆန္ဒကား ရှိသေးသည်။ ရခိုင်တောင်ရိုး မိမိရွာကလေးသို့ လေယာဉ်ပျံစီးကာ သွားရောက်ချင်သည်ဟု ရယ်စရာစကား ပြောကြားရှာလေသည်။ မည်သူသည် မိမိ၏ချက်မြှုပ်နေရပ်ကို မပြန်ချင်ဘဲ ရှိပါအံ့နည်း။

ဤသို့ဆင်းရဲနေသည့်အထဲတွင် လဲရာသူခိုးထောင်းဆိုသည့်စကားပုံအရ ဦးရွှေလှအောင်၏ဥယျာဉ်ကလေးအတွက် ပြေစာနှစ်ရွက် ထွက်လာလေသည်။ ဦးရွှေလှအောင် အသို့လျှင် ထိုပြေစာ နှစ်ရွက်ကို ရွေးနိုင်ပါအံ့နည်း။ အပူမီးလောင်ရှာတော့၏။ သို့သော် စားစရာမရှိစေကာမူ လျော်စရာကား ရှိရမည်။ အခွန်မဆောင်ပြန်လျှင် အမှုရောက်မည်ဖြစ်ခြင်းကြောင့် ရွာသူကြီး ဦးကျားကပင် သူ၏အစား စိုက်၍ဆောင်လိုက်သောကြောင့် ချမ်းသာခွင့်ရ၍သွားလေသည်။

ဤအကြောင်းကို ကြားသိရသောအခါ မောင်လူအေးလည်း မိမိဝတ္တရားရှိသည့်အတိုင်း အမှန်သို့ရောက်စေရန် ရှင်းလင်း၍ပေး၏။ ဦးရွှေလှအောင်ကား ကျေးဇူးတင်၍ မဆုံးပြီ။ ဦးသာရကြီးကဲ့သို့ပင် မပြတ်မပြတ် မောင်လူအေး၏ ရွက်ထည်တဲရှိရာသို့ လာပြီးလျှင် မောင်လူအေးနှင့် ထွေရာလေးပါး စကားစမြည်ပြောလေ့ရှိလေသည်။ တယောက်နှင့်တယောက် အကျွမ်းဝင်သွားကြလေသတည်း။

မောင်လူအေးရောက်၍ သုံးရက်မြောက်သော ညနေခင်းတွင် ခပ်ပျင်းပျင်းရှိသည်နှင့် တဲရှေ့ထွက်ကာ ဝတ္ထုစာအုပ်တအုပ်ကို ဖတ်နေခိုက် ဦးရွှေလှအောင် ပေါက်၍လာလေ၏။ မောင်လူအေး အနားတွင် ထိုင်ကာ မိမိ၏လုံချည် အိတ်ထောင်ထဲမှ ကြက်ဥခြောက်လုံးကို ထုတ်၍ မောင်လူအေးအနားတွင် ချရှာ၏။ မိမိမွေးထားသော ကြက်မကြီး၏ဥများဖြစ်လေသည်။ ထိုဥများကို သားဖောက်ရန် ရည်ရွယ်၍ ထားသော်လည်း ယခုမှာကား မောင်လူအေးအား ကျေးဇူးတင်လှသောကြောင့် လာရောက်ကာ လက်ဆောင်ပေးခြင်းဖြစ်လေသည်။

ထိုကြက်ဥများကို အသို့လျှင် မောင်လူအေး ယူရက်ပါအံ့နည်း။ ဦးရွှေလှအောင်ကို သနားမိ၏။ သူ၏ကြက်မကြီးကို ကရုဏာသက်မိလေသည်။ သို့ရာတွင် ဤမျှဆင်းရဲနေသော ဦးရွှေလှအောင်၏ သဒ္ဓါတရားကိုလည်းကောင်း၊ ကျေးဇူးသိတတ်သောတရားကိုလည်းကောင်း မချီးမွမ်းဘဲ မနေနိုင်တော့ပြီ။ လောကတွင် ဆင်းရဲလေလေ၊ ကျေးဇူးသိတတ်လေလေ ဖြစ်သည်မှာ ဓမ္မတာပင် ဖြစ်သည်ဟူ၍လည်း တွေးမိ၏။ ဆင်းရဲသူတို့ကား ကိုယ်ချင်းစာတတ်ကြလေသည်။ ချမ်းသာသူတို့ကား ကိုယ်ချင်းမစာတတ်ဟုဆိုလျှင် မှားမည်မထင်။ 

အတိဒုက္ခရောက်နေသော ဦးရွှေလှအောင်က ကျေးဇူးသိတတ်နေလျှင် ဝန်ထောက် မောင်လူအေးက ပို၍ပင် ကျေးဇူးသိတတ်ရပေမည်။ သို့ဖြစ်၍ အိတ်ထဲမှငွေနှစ်ကျပ်နှင့် ဦးရွှေလှအောင်အား ကျေးဇူးပြန်ဆပ်ရုံမျှမက သူ၏ကြက်ဥများကိုလည်း ပြန်၍ပေးလိုက်လေသည်။ ဦးရွှေလှအောင်ကား နားမလည်၊ မကျေနပ်။ ဤဝန်ထောက် အဘယ်ကြောင့် မိမိသဒ္ဓါ၍ပေးသော ကြက်ဥများကို ပြန်၍ပေးရသနည်း။ မောင်လူအေးက အကျိုးအကြောင်းကို ပြန်၍ ရှင်းလင်းလိုက်သောအခါကျမှ ကျေနပ်သွားလေသတည်း။ ဪ... မရှိဆင်းရဲသူများ တယ်ကျွေးချင်၊ မွေးချင်ရှိပါကလား။ ကျေးဇူးသိတတ်ကြပေစ္စ။

သိပ္ပံမောင်ဝ

၁၂၉၆-ခု၊ တပေါင်းလ။

စာကို မူရင်းမပျက် တင်ပေးတားသူ စာပေဟောပြောပွဲ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

ဝိဇ္ဇာမောင်ပိန်တွေကတော့ မှားအောင်ပြင်တင်ကြပြီး၊ ဝိဇ္ဇာဒေါ်ပိန်တို့ မှားအောင်ပြင်ထုတ်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ