“လွမ်းစာမှာပဲ ရရှိမယ့် ကျန်းမာခြင်း” အမည်နဲ့ အစားအသောက်တွေ ဖွယ်ဖွယ်ရာရာ တင်ထားတာ တွေ့ပါတယ်။ ကျေးဇူး။ ဒီစာအတွက် နမူနာအဖြစ်သုံးရလို့ ဆောရီး။ အခုတင်တဲ့စာကို ထောက်ပြရရင် -
‘လွမ်းစာမှာဘဲ’ နဲ့ ‘ရရှိမည့်’ လို့က စာအရေးအသားအရ မှန်တယ်။
စာကိုဖတ်တဲ့အခါ ‘လွမ်းစာမှာဘဲ’ နဲ့ ‘ရရှိမျိ’ လို့ အသံထွက်ရတယ်။ ‘မျိ’ လို့တော့ ရေးလို့ မသင့်ပါ။
‘ရရှိမဲ့’ လို့ ရေးလည်း မမှားပါ။
‘ပဲ’ နဲ့ ‘ဘဲ’ ကတော့ ခေတ်သစ် မြန်မာစာသင်ကြားနည်းထဲကို နောက်မှ ထည့်သွင်းလာတဲ့ “မ နောက် ဘဲ လိုက်” ဆိုတဲ့ ဖော်မြူလာအရ မှားနေကြတာဖြစ်ပါတယ်။
ဆရာဇော်ဂျီက “ပန်းပန်လျက်ဘဲ” လို့ ရေးထားတယ်။
တက္ကသိုလ်ဘုန်းနိုင်က “သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်” လို့သာ ရေးပါတယ်။
တေဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့ များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဉာဏ် ဝင်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ဝိပဿနာ ဝင်စားထင်လျား၊ မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချုပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလမကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိညာဏ်နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။ (ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ။ (ကျိုက်လတ် ဦးပြုံးချို)
လူဘဲ နတ်ဘဲလို့ ရေးပါတယ်။ ပဲ မဟုတ်ပါ။
အမ္ဗပါလီလောင်းသည် ထိုဆုတောင်းကြောင့် ဘဝပေါင်းများစွာ နတ်ပြည်မှာဘဲ ဖြစ်ခဲ့ရသည်။ (အပဒါန် ပါဠိတော်)။ ပဲ မဟုတ်ပါ။
မြန်မာစာနဲ့ စကားမှာ ထူးခြားတာတွေ များတယ်။
ရိုးရိုး အများသုံး စကားပြေအရေးအသားနဲ့ စာကိုဖတ်ခြင်း၊
‘မိသားစု ထမင်းစားကြသည်’ လို့ ရေးပြီး၊ ‘မိသားဇု ထမင်းစားဂျသည်’ လို့ အသံထွက်တယ်။
စကားပြောသလို စာရေးခြင်းနဲ့ အဲလိုရေးထာတာကို ဖတ်ခြင်း၊
စကားပြောသလို စာရေးနည်းက ဖတ်ရတာ ပိုပြီး လွယ်ကူရှင်းလင်းပေမဲ့ စာလုံးပေါင်းသတ်ပုံတချို့ ပျက်ကုန်တယ်။ ‘ပြီ’ ကို ‘ပီ’ လို့ ရေးတာ မမှန်ပါ။ ‘ပြီး’ ကို ‘ပီး’ လို့ရောတာလည်း မှားတယ်။
ဆောင်ပုဒ်၊ သံချပ် အရေးအသားနဲ့ အသံထွက်ဆိုခြင်း၊
သံချပ်စာရွက်မှာ ရေးတော့ ‘ဒို့တတွေ ရေချမ်းအိုးကြီး’ လို့သာ ရေးပါတယ်။ ‘ဒို့တဒွေ ရေဂျမ်းအိုးဂျီး’ လို့ အသံထွက်တယ်။ ‘တို့တတွေ’ လို့လည်း ရေးနိုင်တယ်။
သီချင်းစာသား အရေးအသားနဲ့ သီချင်းဆိုခြင်း၊
မင်းသုဝဏ်ရဲ့ ‘ပန်းသည်’ ကဗျာကို တေးသံသွင်းတော့ ဂီတသင်္ကေတမှာ ‘ပန်းသယ်’ လို့ ရေးတာတွေ့ရတယ်။
ဝတ္ထုထဲက ဇာတ်ကောင် အပြောကို စာနဲ့ရေးသားခြင်း၊
“လာမဲ့တနင်္ဂနွေ ပန်းခြံသွားကြရအောင်” လို့ ရေးလေ့ရှိတယ်။ စကားပြေအရတော့ ‘လာမည့်တနင်္ဂနွေ’ လို့ ရေးရတယ်။ ဖတ်တော့ ‘လာမဲ့’။
သီချင်းခေါင်းစဉ်၊ ရုပ်ရှင်အမည် အရေးအသားနဲ့ အဲဒါတွေကို ဖတ်ရတဲ့ အသံ မတူတတ်ပါ။
နှစ်ယောက်ထဲ သီချင်း။ စာနဲ့ရေးရင်တော့ နှစ်ယောက်တည်း။
မဲ့ မည့် မယ့်
မည့် = အနာဂတ်ကာလကို ညွှန်းသော နာမဝိသသေန စကားလုံး။ သံသရာရေး၊ လာမည့်ဘေးကို၊ မျှော်တွေငံ့စား ပို ချစ်သားတို့။
လာမည့်ဘေး ပြေးတွေ့ လို့က အရေးအသား မှန်တယ်။
လာမဲ့ဘေး ပြေးတွေ့ လို့လည်း ရေးကြတယ်။
လူထုစိန်ဝင်းကရေးတယ်လို့ တင်ထားတာတွေမှာ လာမယ့်ဘေး ပြေးတွေ့လိုက်စမ်း လို့ဖတ်ရတယ်။ မူရင်းအရေးအသား ဟုတ် မဟုတ်တော့ မသိပါ။
သွားမဲ့လာမဲ့အကြောင်း သူများကို မပြောနဲ့။
မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပါ မတွေ့ပါ။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။
နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ = သို့တစေ၊ သို့သော်လည်း အစား စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။
မယ် လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။
မဲ့
ငိုမဲ့မဲ့
မထီမဲ့မြင်
မျက်နှာမဲ့
မရှိမဲ့ရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပြုံး
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)
ရှုံ့မဲ့မဲ့
သစ္စာမဲ့
အကြွင်းမဲ့
အတူမဲ့ပြီး
အမှတ်တမဲ့
အမှတ်မဲ့
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မဲ့ = မရှိဖြစ်သော။ (မိဘမဲ့၊ အကြောင်းမဲ့၊ အခါမဲ့၊ အတုမဲ့ စသည်ဖြင့် နောက်ဆက်ပစ္စည်းအဖြစ်လည်း သုံးသည်။)
မဲ့ = ပါးစပ်ကို ရွံ့တွန့်သည်။ မကြည်သောစိတ်ကို မျက်နှာထားဖြင့် ဖော်ပြသည်။
မဲ့ခွက်ခွက် = ရွံ့တွန့်ချုင့်ဝှမ်းသည့် မျက်နှာပုံ။
မဲ့မဲ့ = အတန်ငယ် လျော့ပါးလျက်။ မပြည့်မဝအားဖြင့်။ မနက်ကို နို့ဆီဗူး သံခွက်နှင့် လေးလုံးမဲ့မဲ့ ချက်ရပါတယ်။
မဲ့ပြုံး = လှိုက်လှဲရွှင်ပြခြင်း မရှိပဲ၊ မနာလိုစိတ်၊ သို့မဟုတ် ကဲ့ရဲ့စိတ်ဖြင့် အပေါ်ယံ ပြုံးဟန်။
မဲ့ရွဲ့ = အလွန်မဲ့ဟန် ပြုသည်။
မောင်ရွေးလို့ဆင်ပါ့မယ် သီချင်းရှိတယ်။
"မယ့်ကေသာဦးဝယ် ပိတောက်ရွှေရည်ဖူးကို မောင်ခူးလို့ဆင်ပေးမယ်"
ဒီစာသားမှာ 'မယ့်' ဆိုတာ 'မယ်၏'။ အမျိုးသမီးတယောက်ကို နာမ်စားအဖြစ် 'မယ်' လို့ ခေါ်တာရှိတယ်။ ဥပမာ 'မယ်နဲ့မောင်'။ မယ့်ရဲ့ သို့မဟုတ် ‘မယ်၏’ ကို ‘မယ့်’ လို့ ရေးနိုင်တယ်။
သတင်းခေါင်းစဉ်၊ သတင်းရေးခြင်းနဲ့ အသံထွက်ဖတ်ကြားခြင်း အကြောင်းက ပိုရှုပ်တယ်။ ဒီစာမှာ မရေးသေးပါ။ ကျွန်တော့ထက် ပိုသိသူတွေက များပါတယ်။
အလွန်ခက်နေတာတခုက စာကိုမှန်အောင်းရေးတာကို မှန်တယ်လို့မထင်သူက များနေပြီ။ မှန်အောင်ရေးရင် ဝယ်သူ နည်းလေမလား မပြောတတ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment