ဧည့်သည်
လာရောက်ခိုနား
သူပြန်သွားသော်
ကိုင်းဖျား သိမ့်သိမ့်ခါသတည်း။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
အမေ
မိခင်ကိုရှာ
ရေဇလာမိုးမြေထိ
အူဝဲညံ ငိုသံကြားမှ
နားလည်ပါ၏- -။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
မိသားစု
တောင်ကိုကျော်လွှား
ငါတို့သွားမည်
သားနှင့်သ္မီး ချွေးဒီးဒီးကျ
ခရီးမဝေး
အနီးကလေးဟေ့။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
'လွမ်းရာသီ'
အဓိက ကတော့
သတိရတာပါပဲ…ညို။
တောင်ဆီမှာ
မှောင်ရီသန်းပြန်တော့
လွမ်းတယ်လို့…ငို။
ထီးတလက် နှစ်ယောက်ခို
တယောက်စိုမှာ တယောက်စိုး…
သစ်ရိပ်အောက် နှစ်ယောက်ဝင်
တယောက်ရင်ခွင် တယောက်တိုး…
သြော်…ခုတော့
အဖော်ပြုစရာ ညိုမရှိတာမို့
ငိုမိတယ်……မိုး။
(မောင်ပေါက်စည် မန်းတက္ကသိုလ်)
"မျှော်လင့်ချက်"
မိုးပေါ်မှာ ကြယ်တလုံး
တိမ်ဖုံးလို့ လမသာ
သာတဲ့အခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
ဖိုးရွှေလမင်း ။ ။
လကမသာ ကြယ်ကမပြုံး
အမုန်းပင် တရာ စိုက်လေတော့
လမမိုက် ကြယ်တွေ ပြုံးချိန် သင့်ရင်ပေါ့
မျှော်လင့်လျက်ကူး
လောင်းလှေနဲ့မြူး။ ။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
"ပုထုဇနော ဥမ္မတကော"
အချစ်ပဝါခြုံ
ကဗျာဘုံရက်ကန်း ရှယ်သည်သို့
စိတ်ကူးနယ်ကျယ်မဆုံးပါဘု
လက်ထုံးသင် ငယ်စဉ်ကချစ်ဦး။ ။
မေတ္တာအုတ်စီ
ချစ်တိုင်းပြည်တည်ဆောက်ကာ
ချစ်မိုးပေါက်ရွာစေမူးမူး
ချစ်ပင်လယ် လက်ပစ်ကူးခဲ့ပါ
ငယ်စဉ်ကရူး။ ။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
သမိုင်း
ကြည်။
ပဲပြုတ်နဲ့ နံပြား
စားချင်သည်။
ရှေးအတေတီက မှတ်တမ်း
သူရဲကောင်း သခင်အောင်ဆန်း
သမိုင်းနဲ့လွမ်း။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
စင်ကာပူ (MRT ပေါ်မှာရေး)
လွတ်လပ်ရေးကြီးရမရ
အချစ်ကို မတွေး
အသစ်ကို မတွေး
စစ်ကိုတော့ ဆွေးနေး
အရေးက တရေး
လွတ်လပ်ရေး
ပညာကိုသင်
အမြင်ကို တည်ဆောက်
ကျွန်သဘောက်မဖြစ်ရေး
အချစ်ကို မတွေး
အသစ်ကို မတွေး
စစ်ကိုတော့ ဆွေးနွေး
အရေးက တရေး
လွတ်လပ်ရေး
လွတ်လပ်ရေးသည် အဓိက
အခြားအရာ သာမည
လွတ်လပ်ရေးကို ရမှရ
ကျွန်ဘဝ
မသေကြစတေး
ဤကဗျာရေး။
မောင်ပေါက်စည်(မန်းတက္ကသ်ိုလ်)
"စိတ်တလုံး"
စိတ်တလုံး
အပြုံးတခုကိုပေါ်စေ၏။
စိတ်တလုံး
အမုန်းတခုကိုဖော်လေ၏။
စိတ်တလုံး
အရှှုုံးတခုကိုခေါ်နေ၏။
အပြုံး အမုန်း
အရှုံး မဆုံးစေဘဲ
သုဉ်းသုညသုဉ်း မဖြစ်စေနဲ့
စိတ်သစ်ရင်အောင်ပွဲ။ ။
၇-၁၂-၉၆
မောင်ပေါက်စည်( မန်းတက္ကသိုလ်)
စာပေသူရဲကောင်း
ဗုဒ်သုံးဗုဒ်
သုတ်သုံးသုတ်
ကျွန်ုပ်ပညာရှာသည့်တော
ထိငါးထိ
ဝိန္ဒာမိ
လွန်တာရှိ
မိုးပြည့်လက်စုံမိုး
အစု
အတု
အပြု
ယေရှုကျမ်းဂန်
ရကန်အဲမောင်း
ထောင်းလမောင်းကျေ
ဒိုးလိုမွှေသော်
စာပေသူရဲကောင်းဖြစ်လတံ့
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
(ဆရာကြီးမင်းသုဝဏ်သို့)
"ငြိမ်းချမ်းရေး"
တို့က - ရွှေ-
မပြေလည်သူသာ-ကြေး-
သရုပ်သကန်နဲ့
အဟုတ်အမှန်ပြောရရင်
စောဒကလဲ မတက်ဝံ့ပါဘူး
မောဟလည်း မဖက်ဝံ့ပါဘူး
ဒေါသလည်းမထွက်ဝံ့ပါဘူး။
ကမာ္ဘကုန်ကျယ်သရွေ့၊ မတွေ့တွေ့အောင်ရှာဖွေမယ်
လေအသုန်နဲ့လိုက်မယ်
ရေအစုန်နဲ့လိုက်မယ်
မြေအဟုန်နဲ့လိုက်မယ်။
အမိုက်လုံဖိုမထိုးဘဲ
အဖိုးရယ်၊ အဖွါးရယ်
အမိုးရယ်၊ အပါးရယ်
ရေမှာသားလို့ခြားမထင်သလို၊
အမြင်မှန်လောင်းလှေကလေးနဲ့
ရေအေးကြည် ချောင်းရေကလေးမှာ။
စောင်းသံ
မောင်းသံ
သောင်းယံထိကြားစေသတည်း။
(မောင်ပေါက်စည်-မန်းတက္ကသိုလ်) ၁၉၉၄
သပြေအောင်မြင် ကသစ်ပန်းတွေနဲ့
ဖေမောင်တင် တခေတ်ဆန်းချိန်တော့
သူ့လမ်းသူဖောက်လို့
မကြောက်သူ ဆရာကဝိကြီး။
တော်လည်းတော်ပါ၏။
မော်လည်းမော်စရာရှိ။
ကျော်ကမ္ဘာစာပါဠိ
ဝိသုဒ္ဓိမဂ် အဌသာလိနီ သဒ္ဒါနဲ့လည်းညှိ
ဘယာဘယ်မှာမသိ
ပညာရှိတံခွန်ထူ
ဇမ္ဗူမှာ တလူလူ တလွင့်လွင့်နဲ့
မာန်မဝင့် သိန်သရေ
ထိန်ဝေစည်နေသို့ လင်းခဲ့ပါတော့။
မင်းဆရာကျွန်ကန်တော့ပါ၏။
ပန်းတမော့ကဲ့သို့ မိုးပေါ်ကထီး
စည်ဗြောသံတီး။
(မောင်ပေါက်စည်-မန်းတက္ကသိုလ်)
၁၁-၁၂-၁၉၉၈
"မင်းနေပြည်"
အရှေ့ကိုရွေ့ဆင်းတော့
ရန်ကင်းသည်တောင်ညိုညို
စိမ်းလဲ့လဲ့စို
ဆီးလှည့်လို့ကြို
လေချိုနဲ့သုတ်သုတ်ဆန်း။
စိတ်ပုတီး
ရိပ်ကြီးမြိုင်တခိုသို့
ပြည်နိဗ္ဗိုသံသာဦး
ကူးတော့မယ်လှမ်း ။ ။
အနောက်ကိုမျှော်ပေးတော့
တာမဝေးတောင်သေလာ
ရှုခင်းကသာ
အောင်ခေမာ
ဇေယျာတဲ့မြို့။
ကုန်းကမူ
ထုံးဖြူစေတီဦးကို
ဖူးနိုင်သည်မို့ ။ ။
တောင်ဆီကိုမျှော်ကြည့်တော့
ကြာအတည့်အောင်ပင်လယ်
တေးသံကကြွယ်။
နောက်ဆီဘက်နေအကွယ်
ဖန်ချယ်တဲ့ပန်းချီကား
မိုးခမောက်ကယ်နဲ့
ဒိုးဒေါက်သံလွင်လွင်မို့
နွားအနှင်လူညိုချော
တောရဲ့ဘသား ။ ။
မြောက်ဘက်ကိုရွေ့လှမ်းတော့
မင်းကွန်းတဲ့ကျောင်းဝိဟာ
ရှေးခေတ်မြင်တိတ်အဟောင်း
ခေါင်းလောင်းသံသာ ။ ။
မမင်းဗြူပါ
ယူလာလို့စက်ချိန်
မှန်မှန်ပြောပါမှ
သဘောသာထိုအလေးကို
တွေး၍မခက် ။ ။
မြို့ရိုးကိုဗဟိုထား
ဇာအနားကျုံးရေယဉ်
ပြာလဲ့လဲ့စင်
တခေါက်တော့လာစေချင်
ခင်မင်တဲ့တေး ။ ။
ရွှေမန်းဆိုတောင်ညိုရိပ်ကယ်
ခေါ်ဖိတ်တယ်လေး ။ ။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
၁၉၅၆ ခုနှစ် သြဂုတ်လ မြတ်ရတနာမဂ္ဂဇင်း
ဖန်ဆင်းယူရသော ဗိမာန်ဘုံကလေး
အကြော့ရမက်တွေနဲ့
ချော့ကလက် လှုပ်ဝေတဲ့
ကျွန်တော့်အတွက် မဟုတ်လေသည့် ဗိမာန်ဘုံ။
ပျော်တယ်ဟေ့ မော်တယ်
မော်တယ်ဟေ့ ပျော်တယ်
ရွှင်ပြုံးဖွယ် မိုးဘဝဂ်
ပြိုးပြက်ပြက်စုံ။ ။
ကျွန်တော့်မှာ မျက်နှာမွဲတာမို့
မတော်ရာ အချက် မသဲပါဟု
အရက်စွဲပါလို့ သောက်ကာဟုန်
လူမွဲ လူနုံဟု ဆိုကြလေမလား။
အပြစ်တော် တင်ချင်သပတင်
အချစ်တော် မဝင်နေစေတော့
စိတ်တေလေ ချည်တိုင်မစိုက်လို့
အခိုက်အခါ ငြိမ်းစေဆေးရယ်ဟု
မတွေးနိုင် အနေခက်လှတဲ့
အရက်ဆို သူရာမင်းကိုဖြင့်
သောက်ရင်း ဗိမာန်ရှာလေတော့မယ်
လူမဟန် ကိုယ်မထိန်းရင်လ
ဖုန်လိမ်းရာ မြေအပြင်၌
မပြောချင် ရွှေစင်တို့ မသိပ်ကြပါနဲ့
ကိုယ့်ဗိမာန်ဘုံကလေးမှာပဲ
ပုန်း အိပ်ချင်သား။ ။
(ရွှေမန်းဆောင်နေ ကျောင်းသူတစုသို့)
သွေးသောက် မဂ္ဂဇင်း၊ အေပြီလ၊ ၁၉၅၉
“ရေနီမြောင်းတေးသံ” ကဗျာများ မှ
"မှတဆင့်"
မြကြေးမှုံတွင်
အရိပ်ထင်သည်၊ အသင်သိရန်မလိုပါ။
ရေကြည်အိုင်တွင်
အရိပ်ထင်သည်၊ အသင်သိရန်မလိုပါ။
တက္ကသိုလ်တွင်
သွေးစွန်းထင်သည်၊ အသင် သိမှ သိပါစ။
မောင်ပေါက်စည်(မောင်ပေါက်စည်)
"ငြင်းလိုကငြင်းပါ"
ပြည်သူတို့မျက်နှာ
သာယာသည်ဟု။
ငြိမ်းပါတယ်
ချမ်းပါတယ်။
ဘယ့်နှယ်နှယ် “သင်” တို့ ပြောပေမင့်
သောကတောင်ထု။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
(၁၉၆၃ - ခု၊ သြဂုတ်လတွင် ငြိမ်းချမ်းရေးကို ကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ်
မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂမှ ထုတ်ဝေသည့် ရေအယဉ် ကဗျာစာအုပ် ပထမနှိပ်ခြင်းမှ)
"ဆရာတော် ဆုံးမပါ"
ကဗျာတပုဒ်တော့ ရေးချင်တယ်
မတွေးတတ် တွေးတတ်နဲ့
ရဟတ်လို ချာချာလည်။ ။
ဘယ်နှတောင်းက ဘယ်နှစ်စလယ်
ငါ့မယ်က မသိဘူး။ ။
စုံစီနဖာ
ယုံကြည်ရာ ယုံကြည်ကြောင်း
တို့ကျောင်းရာ တောင်လေးလုံးက
ပြုံးစစထူး
မုန်းမရဘူး
(ကိုပညာရေ)
ဘုန်းဘုရာ့ ဆရာတထူးငဲ့
ရုန်းဘဝကူးချင်ပြီပေါ့
ဆုံးမပါဦး။ ။
၉ သြဂုတ် ၂၀၀၀
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
"ထိုဣတ္ထိ"
ကကြီး မှ အစ အ” တွင် အဆုံး
ရေး ထုံး ရှိခဲ့ ဖူးလေပြီ ။
မိန်းမ သစ္စာ မုသားသာတည်း ။
ကျမ်း လာလဲရှိ
ထိုပြီးတခါ
မာယာ တသိန်း
အပလိန်း အနန္တ
တက္ကဗေဒ သင်္ကေတသို့
က ကြီးမှ အစ အ တွင် အဆုံး
ရေးထုံးပမာ သူ့မာယာသည်
သချာင်္ သင်္ချေ ပြောင်းခဲ့ပေလည်း
မြစ်ရေ အဟန် ထက်ပြန်မစးီ
အောက်သို့ စီးလိမ့်
ပုံပမာ ယုံပါစေချင်
အသွင်မပြောင်း ရှည်ညောင်းကာလ
ဆင် သ ခြယ် မှုန်း
တနှုန်း ပရိယာယ်
တသွယ် မာယာ
တဖြာ ရက်စက်
တခက် ကျော့ကွင်း
သင် သက်ဆင်းမည်
မယွင်း မယိုင် မလွဲတည်း
သင်မယုံလည်း
သင်ကြုံသော အခါ
ဤ ကဗျာသည် ခြယ်ရာ လှလှ ဖြစ်လိမ့် တကား
သင်မယုံလည်း
သင်ကြုံသော အခါ
ဤကမ္ဘာသည် ရယ်ကာ ပျပျ ဖြစ်လိမ့် တကား။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
(၁၉၅၉)
မောင်ပေါက်စည် (မန်းတက္ကသိုလ်)(၁၉၃၂-၂၀၀၆)
Comments
Post a Comment