ကျွန်တော်တို့လူမျိုးက ညီတဲ့နေရာမှာ အင်မတန်ညီကြတယ်။ အမိန့်တော်မှန်သမျှ ကြိုက်ကြိုက်မကြိုက်ကြိုက်၊ မှန်မှန်မှားမှား လိုက်တာကြတယ်။ ဒီအလေ့အကျင့်ကို ငြိမ်ဝပ်ပိပြားရေးခေတ်ကနေစတယ်။
အင်္ဂလိပ်စာသုံးသူတိုင်းကနေ ကျွန်တော်တို့တိုင်းပြည်ကို Burma နဲ့ လူမျိုးကို Burmese လို့ ပေါင်းခဲ့ကြတာ လွတ်လပ်တဲ့ နိုင်ငံမဖြစ်ခင်ကတည်းကပါ။ နိုင်ငံအသက် (၄၀) ကျော်၊ ၁၉၈၉ မှာတော့ နာမည်ပြောင်း ကင်ပွန်းတပ်တယ်။ မျက်နှာလုပ်နိုင်ငံတွေနဲ့ လူတွေက အရင်လိုက်ပြောင်းခေါ်ကြတယ်။ ဘယ်လိုအသံထွက်ရမှန်းမသိသူကများတယ်။
အိန္ဒိယ-အင်္ဂလိပ်သတင်းစာတွေက နိုင်ငံကို Myanmar လို့ ပေါင်းပြီး၊ လူမျိုးကို Myanmerese လို့ ပေါင်းတယ်။ တရုတ်-အင်္ဂလိပ်သတင်းစာက ဦးသိန်းစိန်ကို Wu Dengsheng လို့ ပေါင်းတယ်။
အင်္ဂလိပ်ဆီကနေ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ အိန္ဒိယတွေရော တရုပ်တွေပါ သူ့တို့အကြိုက်သူတို့ရေးတာ ပြောစရာမရှိပါ။ အင်္ဂလိပ်ဆီကနေပဲ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ ကျွန်တော်တို့လူမျိုးတွေက အင်္ဂလိပ်စာအစစ်ကိုသာ ယူသင့်ကြပါတယ်။
အင်္ဂလိပ်စာတတ်တဲ့ ဘယ်သူကမှ Myanmar ကို မြန်မာလို့ မထွက်တတ်ပါ။ My နဲ့ စပေါင်းတော့ (မိုင်-အင်န်-မာ) လို့သာ ထွက်ကြတယ်။ အိန္ဒိယလူမျိုးတွေက မိုင်-အင်န်-မားရ်လို့ထွက်တယ်။
သဒ္ဒါအရပြောရင် မြန်မာဆိုတာ လူမျိုးလို့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ရေးထားတယ်။ နောက်တခုက နာမဝိသသန ဖြစ်တယ်။ မြန်မာနိုင်ငံ၊ မြန်မာစာ၊ မြန်မာလူမျိုး၊ မြန်မာစကားလို့သုံးရတယ်။
အိန္ဒိယ-အင်္ဂလိပ်လဲ မယူနဲ့၊ တရုတ်-အင်္ဂလိပ်လဲ မယူနဲ့။ မြန်မာ-အင်္ဂလိပ်လဲ မသင့်ပါ။ ကိုယ့်တိုင်းပြည်ထဲမှာ သုံးချင်သူများ သုံးကြပေါ့။ အပြင်ထွက်ရင်တော့ အဆင်မပြေဖြစ်ကြမယ်။ ကွယ်ရာမှာ ရီတာခံရမယ်။ အစစ်ကိုသာ ယူချင်သူတွေက ယူပေါ့။ အတုယူချင်သူတွေကလဲ ယူကြပေါ့။ တချို့က ညံ့မှကြိုက်တယ်လို့တော့ မငေါ့ချင်ပါ။
ဦးနိုးကို U Noe လို့ ပေါင်းတယ်။ လေဆိပ်တခုမှာ မစ္စတာ ယူ-နိုး-အီး လို့ အော်တာကို သူ့ကိုခေါ်နေမှန်းမသိ ဖြစ်ခဲ့တယ်။ ပြည်တွင်းခရီးစဉ်မှာတော့ အဆင်ချောမယ်။ ကမ္ဘာပေါ်မှာ လေဆိပ်တွေအများကြီးရှိတာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment