Skip to main content

ရေးတော့ အမှန် ဖတ်တော့ အသံ (၂)

လူတိုင်းသိတဲ့ ထုံးနည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရေးထုံးဖတ်ထုံးကို တလွဲသုံးနေသူတွေ များတယ်။

‘မြန်မာ’ ကို ဘယ်လိုအသံထွက်သလဲစာ မနေ့က တင်ပြထားတယ်။

‘မြန်မာ’ အသံထွက် ‘မျန်မာ’

‘မြန်မာနိုင်ငံ’ အသံထွက် ‘မျန်မာနိုင်ဂန်’

‘မြန်မာပြန်’ အသံထွက် ‘မျန်မာဗျန်’

စာကလေး = စာဂလေး

စာကျက် = စာကျက်

စာကျ = စာကျာ့

စာကိုယ် = စဂို

စာလုံးပေါင်း = စာလုံးဘောင်း

စာလုံးတွေ ပေါင်ပြီးရေးတော့ အသံနည်းနည်းပြောင်တာလည်း ရှိပါတယ်။ 

မြန်မာ + စာ = မျန်မာဇာ။ စကားသံဖြစ်ပါတယ်။

မြန်မာစကား = မျန်မာဇဂါး

စာစီစာကုံး = စာဇီစာကုံး (ဂုံး)

တလုံးနှစ်လုံး စာစီကုံး - တလုံးနှလုံး စာစီကုံး (သီချင်း)

တစ်လုံးနှစ်လုံးလို့ရေးထားရင်တော့ တစ်လုံးနှစ်လုံးလို့သာ အသံထွက်ဖတ်ရပါမယ်။

ပြုံး

စာလုံးပေါင်း - အသံထွက်

အပြုံး - အပြုံး

မပြုံး (အမည်) - မပြုံး သို့မဟုတ် မတ်ပြုံး

ပြုံးပြုံးလေးနေပါ - ပြုံးဗျုံးလေးနေပါ

တောင်ပြုန်း - တောင်ဗျုန်း

မချိပြုံး - မချိဗျုန်း

ပြုံးတလှည့် မုန်းတလှည့် - ပြုံးတလှည့် မုန်းတလှည့်

မြို့ရွာ အမည်တွေလည်း အများကြီး

ကျားတက် - ဂဒက်

စစ်ကိုင်း - ဇဂိုင်း

စန်းချောင်း - စန်းဂျောင်း

ဆားလင်းကြီး - ဆလင်းဂျီး

တန့်ဆည် - ဒဇယ်။

တမာတန်း - တမာဒန်း

တကောင်း - ဒဂေါင်း

ထန်းတပင် - ထန်းဒဘင်

ဒီပဲယင်း - ဒဘယင်း

ပုလဲ - ပလဲ

ဘုတလင် = ဗုဒလင်

မင်းတိုင်ပင် - မင်းဒိုင်ဘင်

မကွေး - မဂွေး

မန္တလေး - မန်းဒလေး

ရန်ကုန် - ယန်ဂုံ

သံတွဲ - သံဒွဲ။

သာစည် - သာဇီ။

ရွှေတောင် - ရွှေဒေါင်

ညောင်ကန် - ညောင်ဂန်

ညောင်လေးပင် - ညောင်လေးဗင်

တောင်ကြီး - တောင်ဂျီး

နေပြည်တော် - နေပြည်ဒေါ်

ရေနံချောင်း - ယေနံဂျောင်း

မြန်မာအဘိဓာန် အကျဉ်းချပ် (၁၉၇၈-၇၉-၈၀) ၅ တွဲမှာ -

ကစဉ့်ကလျား - ဂဇင့်ဂလယား/ကစဉ့်ကရဲ။

ကစား - ဂဇား။

ကစားစရာ - ဂဇားဇယာ။

ကချေသည် - ကာ့ဂျေသှယ်

‘ပိုက်ဆံတကျပ်’ လို့ အမှန်ရေးပြီး ‘ပိုက်ဆံဒဂျပ်’ လို့ထွက်ရတယ်။ ‘သစ်ပင်တပင်’ လို့ အမှန်ရေးပြီး၊ ‘သစ်ပင်ဒဘင်’ လို့ အသံထွက်ရတယ်။ ‘တပင်တိုင်’ ကို စသတ်တာ မှားတယ်။ အသံထွက်တော့ ‘ဒဘင်ဒိုင်’။

‘ခေါင်းကိုက်’ - ‘ဂေါင်းကိုက်’။ ‘ဆေးတပြား’ - ‘ဆေးဒဗျား’။

မြန်မာ့ယဉ်ကျေးမှုသရုပ်ကို ရိုးစင်းပေါ်လွင်အောင် ရေးစပ်ထားတဲ့ကဗျာတွေကို နောက်ပေါ်အမိန့်ရသတ်ပုံတွေနဲ့ ပြောင်းရေးပြီး ပြဋ္ဌာန်းစာအုပ်ထဲမှာ ထည့်သွင်းလာတယ်။

တောင်တောရယ်သာ

မာလာက ငုံဖူး

တပင်ကို နှစ်ပင်ယှက်တယ်

ကျေးငှက်က မြူး။ 

ပြင်ရေးထားတဲ့ တစ်ပင်ကို နှစ်ပင်ယှက်တယ်ကို အသံထွက်မှန်အတိုင်း ရွတ်ဆိုကြည့်ပါ။ ဘယ်လိုမှ ကဗျာဟန် စာဟန် မမြောက်တော့ပါ။ တစ်သံကို တသံအဖြစ် ရေးတော့အမှန် ဖတ်တော့အသံလို့ ဇွတ်ပြောရင် မှားပါတယ်။ တစ်တစ်ခွခွသာ ထွက်ဖတ်ရလိမ့်မယ်။ တပင်ကို ဒဘင်သံ ထွက်စေတာကသာ ရေးတော့အမှန် ဖတ်တော့အသံ မှန်ပါတယ်။

ဥပမာတခု - ငါ့မှာ မြေကွက်အကြီးကြီးတကွက် ရှိတယ်ဆိုတဲ့စကားထဲက ကြီးနှစ်လုံးကို အသံတူ မထွက်ရပါ။ ရေးတော့ ကြီး နဲ့ ကြီး။ ဖတ်တော့ ကြီး နဲ့ ဂျီး။

မောင်ကြံရွယ်တဲ့စပယ်ကုံး = မောင်ကြံရွယ်ဒဲ့ ဇဘယ်ဂုံး။

တခါတရံကို စသတ်နဲ့ရေးခိုင်းပြီး စသတ်သံမထွက်ဆိုတာ မှားတယ်။ လူတကာက အဟုတ်မှတ်နေကြတယ်။ အမိန့်ဆိုတော့ တရားဝင်သတဲ့။ တခါတရံကို အရင်က ဘယ်သောအခါမှ တဝမ်းပူစသတ်တွေနဲ့ မရေးခဲ့ပါ။ အဲလို ရေးပြီး ထုံးနည်းကို ကိုးကားကြခြင်းဟာ ရေးတော့ တလွဲ ဖတ်တော့ အမှား။

စကားပြောသံတွေကလည်း နားထောင်သူတွေအခြေအနေနဲ့ စကားပြောဂွင် (မိန့်ခွန်း၊ အမှာစကား၊ သဝဏ်လွှာဖတ်၊ လက်ဖက်ရည်ဆိုင်) မတူရင် နည်းနည်းစီ မတူတတ်ပါ။ သတင်းကြေငြာသူတွေလည်း သူ့မူနဲ့သူ။ ကဗျာရွတ်၊ သီချင်းဆိုသူတွေကလည်း ကွဲပြားကြတယ်။ ကွဲလွဲတာတိုင်းက အမှန်တော့ မဟုတ်ပါ။ 

မြန်မာ့အသံသည် ကျွန်ုပ်အား မကြာခဏနားကလော၏လို့ ရွှေဥဒေါင်းက ရေးပါတယ်။ ကျွန်တော်လည်း အွန်လိုင်းကနေ ဈေးရောင်းတာတွေ၊ ဟိုအကြောင်းဒီအကြောင်း ပြောဆိုနေတာတွေ အတော်များများကို နားမလည်ပါ။

မှန်အောင် ရေးပြီး၊ မမှားအောင် အသံထွက်တတ်ကြပါစေသတည်း (ဿဒီး)။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ