‘မြန်မာ’ ကို ဘယ်လိုအသံထွက်သလဲစာ မနေ့က တင်ပြထားတယ်။
‘မြန်မာ’ အသံထွက် ‘မျန်မာ’
‘မြန်မာနိုင်ငံ’ အသံထွက် ‘မျန်မာနိုင်ဂန်’
‘မြန်မာပြန်’ အသံထွက် ‘မျန်မာဗျန်’
စာကလေး = စာဂလေး
စာကျက် = စာကျက်
စာကျ = စာကျာ့
စာကိုယ် = စဂို
စာလုံးပေါင်း = စာလုံးဘောင်း
စာလုံးတွေ ပေါင်ပြီးရေးတော့ အသံနည်းနည်းပြောင်တာလည်း ရှိပါတယ်။
မြန်မာ + စာ = မျန်မာဇာ။ စကားသံဖြစ်ပါတယ်။
မြန်မာစကား = မျန်မာဇဂါး
စာစီစာကုံး = စာဇီစာကုံး (ဂုံး)
တလုံးနှစ်လုံး စာစီကုံး - တလုံးနှလုံး စာစီကုံး (သီချင်း)
တစ်လုံးနှစ်လုံးလို့ရေးထားရင်တော့ တစ်လုံးနှစ်လုံးလို့သာ အသံထွက်ဖတ်ရပါမယ်။
ပြုံး
စာလုံးပေါင်း - အသံထွက်
အပြုံး - အပြုံး
မပြုံး (အမည်) - မပြုံး သို့မဟုတ် မတ်ပြုံး
ပြုံးပြုံးလေးနေပါ - ပြုံးဗျုံးလေးနေပါ
တောင်ပြုန်း - တောင်ဗျုန်း
မချိပြုံး - မချိဗျုန်း
ပြုံးတလှည့် မုန်းတလှည့် - ပြုံးတလှည့် မုန်းတလှည့်
မြို့ရွာ အမည်တွေလည်း အများကြီး
ကျားတက် - ဂဒက်
စစ်ကိုင်း - ဇဂိုင်း
စန်းချောင်း - စန်းဂျောင်း
ဆားလင်းကြီး - ဆလင်းဂျီး
တန့်ဆည် - ဒဇယ်။
တမာတန်း - တမာဒန်း
တကောင်း - ဒဂေါင်း
ထန်းတပင် - ထန်းဒဘင်
ဒီပဲယင်း - ဒဘယင်း
ပုလဲ - ပလဲ
ဘုတလင် = ဗုဒလင်
မင်းတိုင်ပင် - မင်းဒိုင်ဘင်
မကွေး - မဂွေး
မန္တလေး - မန်းဒလေး
ရန်ကုန် - ယန်ဂုံ
သံတွဲ - သံဒွဲ။
သာစည် - သာဇီ။
ရွှေတောင် - ရွှေဒေါင်
ညောင်ကန် - ညောင်ဂန်
ညောင်လေးပင် - ညောင်လေးဗင်
တောင်ကြီး - တောင်ဂျီး
နေပြည်တော် - နေပြည်ဒေါ်
ရေနံချောင်း - ယေနံဂျောင်း
မြန်မာအဘိဓာန် အကျဉ်းချပ် (၁၉၇၈-၇၉-၈၀) ၅ တွဲမှာ -
ကစဉ့်ကလျား - ဂဇင့်ဂလယား/ကစဉ့်ကရဲ။
ကစား - ဂဇား။
ကစားစရာ - ဂဇားဇယာ။
ကချေသည် - ကာ့ဂျေသှယ်
‘ပိုက်ဆံတကျပ်’ လို့ အမှန်ရေးပြီး ‘ပိုက်ဆံဒဂျပ်’ လို့ထွက်ရတယ်။ ‘သစ်ပင်တပင်’ လို့ အမှန်ရေးပြီး၊ ‘သစ်ပင်ဒဘင်’ လို့ အသံထွက်ရတယ်။ ‘တပင်တိုင်’ ကို စသတ်တာ မှားတယ်။ အသံထွက်တော့ ‘ဒဘင်ဒိုင်’။
‘ခေါင်းကိုက်’ - ‘ဂေါင်းကိုက်’။ ‘ဆေးတပြား’ - ‘ဆေးဒဗျား’။
မြန်မာ့ယဉ်ကျေးမှုသရုပ်ကို ရိုးစင်းပေါ်လွင်အောင် ရေးစပ်ထားတဲ့ကဗျာတွေကို နောက်ပေါ်အမိန့်ရသတ်ပုံတွေနဲ့ ပြောင်းရေးပြီး ပြဋ္ဌာန်းစာအုပ်ထဲမှာ ထည့်သွင်းလာတယ်။
တောင်တောရယ်သာ
မာလာက ငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်က မြူး။
ပြင်ရေးထားတဲ့ တစ်ပင်ကို နှစ်ပင်ယှက်တယ်ကို အသံထွက်မှန်အတိုင်း ရွတ်ဆိုကြည့်ပါ။ ဘယ်လိုမှ ကဗျာဟန် စာဟန် မမြောက်တော့ပါ။ တစ်သံကို တသံအဖြစ် ရေးတော့အမှန် ဖတ်တော့အသံလို့ ဇွတ်ပြောရင် မှားပါတယ်။ တစ်တစ်ခွခွသာ ထွက်ဖတ်ရလိမ့်မယ်။ တပင်ကို ဒဘင်သံ ထွက်စေတာကသာ ရေးတော့အမှန် ဖတ်တော့အသံ မှန်ပါတယ်။
ဥပမာတခု - ငါ့မှာ မြေကွက်အကြီးကြီးတကွက် ရှိတယ်ဆိုတဲ့စကားထဲက ကြီးနှစ်လုံးကို အသံတူ မထွက်ရပါ။ ရေးတော့ ကြီး နဲ့ ကြီး။ ဖတ်တော့ ကြီး နဲ့ ဂျီး။
မောင်ကြံရွယ်တဲ့စပယ်ကုံး = မောင်ကြံရွယ်ဒဲ့ ဇဘယ်ဂုံး။
တခါတရံကို စသတ်နဲ့ရေးခိုင်းပြီး စသတ်သံမထွက်ဆိုတာ မှားတယ်။ လူတကာက အဟုတ်မှတ်နေကြတယ်။ အမိန့်ဆိုတော့ တရားဝင်သတဲ့။ တခါတရံကို အရင်က ဘယ်သောအခါမှ တဝမ်းပူစသတ်တွေနဲ့ မရေးခဲ့ပါ။ အဲလို ရေးပြီး ထုံးနည်းကို ကိုးကားကြခြင်းဟာ ရေးတော့ တလွဲ ဖတ်တော့ အမှား။
စကားပြောသံတွေကလည်း နားထောင်သူတွေအခြေအနေနဲ့ စကားပြောဂွင် (မိန့်ခွန်း၊ အမှာစကား၊ သဝဏ်လွှာဖတ်၊ လက်ဖက်ရည်ဆိုင်) မတူရင် နည်းနည်းစီ မတူတတ်ပါ။ သတင်းကြေငြာသူတွေလည်း သူ့မူနဲ့သူ။ ကဗျာရွတ်၊ သီချင်းဆိုသူတွေကလည်း ကွဲပြားကြတယ်။ ကွဲလွဲတာတိုင်းက အမှန်တော့ မဟုတ်ပါ။
မြန်မာ့အသံသည် ကျွန်ုပ်အား မကြာခဏနားကလော၏လို့ ရွှေဥဒေါင်းက ရေးပါတယ်။ ကျွန်တော်လည်း အွန်လိုင်းကနေ ဈေးရောင်းတာတွေ၊ ဟိုအကြောင်းဒီအကြောင်း ပြောဆိုနေတာတွေ အတော်များများကို နားမလည်ပါ။
မှန်အောင် ရေးပြီး၊ မမှားအောင် အသံထွက်တတ်ကြပါစေသတည်း (ဿဒီး)။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment