Skip to main content

ဆရာလုပ်သူတို့ အမှားများ

ဇိုးကနဲ ဇတ်ကနဲ

ဇိုးဇိုးဆတ်ဆတ်

၁။ ဖြတ်ကနဲလို့ရေးရင် မှန်ပါသလား ဆရာ။

နောက်ထုတ်သတ်ပုံကျမ်းမှာ ကနဲစာလုံးကို ခနဲသို့ဖတ်ရန်လို့ ညွှန်းထားပြီး ဝုန်းခနဲ၊ လှစ်ခနဲလို့ပါတယ်။ 

အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ မပါ။ ဖြတ်ကနဲလို့လည်း ရေးကြပါတယ်။ မူးကနဲ၊ မိုက်ကနဲ၊ အေးကနဲ၊ သိမ့်ကနဲ။

၂။ မှားလေ့ရှိသော မြန်မာစကားလုံးများကနေ ဆရာလုပ်ထားတာတွေ့တယ်။ (၁) မှာ ဇိုးကနဲ ဇက်ကနဲကမှားပြီး၊ ဆိုးခနဲ ဆတ်ခနဲက အမှန်လို့ တွေ့ရတယ်။ အမှန်လို့ပြောတာက မှားနေတယ်။ အဲလိုဘဲ ဆရာလုပ်ပြီး အစိမ်းရောင်က အမှန်၊ အနီရောင်က အမှားလို့ တင်နေကြတာတွေထဲမှာ အမှားတွေကို မကြာခဏတွေ့ရတယ်။ မသိတဲ့သူတွေက အဲလိုဟာမျိုးဆို ထပ်ထပ်တင်ပြနေကြတယ်။

အမှားကွက်မှာ ဇက်ကနဲလို့ ရေးပြထားတာလည်း မှားတယ်။ ဇတ်ကနဲလို့ တသတ်နဲ့သာ ရေးတယ်။ 

ဇက်ဆိုတာ လည်ပင်းနေရာကိုခေါ်တယ်။ မြင်းကိုနိုင်လို ဇက်ကို ဆွဲ။

ဇိုးကနဲ ဇတ်ကနဲဆိုတာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။ 

ဇွတ်၊ ဇွတ်ဒရွတ်လို့သုံးသလိုဖြစ်တယ်။ ဘန်းစကားအဖြစ် ဇွတ်ကြီးပဲ၊ ဇွတ်သမားလို့ သုံးပါတယ်။ ဆွတ်သမားလို့သာ ရေးရင် ပန်းခူးတဲ့သူဖြစ်သွားမယ်။

ဒေါက်တာတင့်ဆွေ

၂၃-၃-၂၀၁၉


Comments