Skip to main content

ပညာရေးဖြင့် တိုင်းပြည်ကိုမြှင့်တင်အံ့ဟု ဆိုခဲ့ဘူးသည်

(ကျွန်တော်ရေးတာ မဟုတ်ပါ။ ယူးယူတင်ပြတာ။)

ပညာရေးဖြင့် တိုင်းပြည်ကိုမြှင့်တင်အံ့ဆိုတဲ့ ဆောင်ပုဒ်တွေကို မြင်ဖူးကြားဖူးပေမယ့် ပညာရေးက တိုင်းပြည်ကို ဘယ်လိုမြှင့်တင်နိုင်မှာလဲဆိုတာ ကျွန်မရေရေရာရာ မသိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ရဖူးခဲ့တဲ့ ပညာရေးက ဦးသန်းရွှေခေတ် ဦးခင်ညွန့်ခေတ် ပညာရေးဆိုတော့ ဒါကျက်၊ ဒါဖြေ အလွတ်ကျက် ပညာရေးပါ။ ဒါ့ကြောင့် ပညာရေးက တိုင်းပြည်တိုးတက်ရေးအတွက်ဘယ်လို ဘယ်အခန်းကဏ္ဌ(ကဏ္ဍ) ကနေ ပါဝင်သလည်းဆိုတာ သေချာနားမလည်ခဲ့ပါဘူး။ ကျွန်မသားကလေး international school (IB system)တက်တော့မှ သူတို့ curriculum တွေနဲ့ ထိတွေ့ ရင်းနှီးလာတော့မှ ပညာရေးဖြင့် တိုင်းပြည်တည်ဆောက်အံ့ဆိုတာ တကယ်အဟုတ်ပါလား ပညာရေးဟာ တိုင်းပြည်အတွက် တကယ်ရင်းနှီးမြှုပ်နှံရမယ့် အရေးအကြီးဆုံး ကဏ္ဌ(ကဏ္ဍ) ပါလားဆိုတာ သေချာ နားလည်လာပါတော့တယ်။ 

ကျွန်မသားလေးတို့ကျောင်းမှာတော့ ၅တန်းအထိ စာမေးပွဲ မရှိပါဘူး။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းက academic subjects တဝက်၊ အားကစား၊ ဂီတ၊ ပန်းချီ၊ ဘာသာစကား တို့အပြင် လူ့စိတ်ခံစားချက်တွေကို သိရှိပြီး ဘယ်လိုထိန်းချုပ်ရမလည်း ဘယ်လိုဖြေရှင်းရမလည်းဆိုတာတွေပါ အသက်အရွယ်အလိုက် ဖြေရှင်းတတ်အောင်သင်ပေးပါတယ်။ 

ကျွန်မတို့မြန်မာပြည်မှာဆို ကျောင်းမှာဘာတွေသင်တယ် ဘယ်လိုသင်တယ် မိဘတွေက မသိရသလို အခန်းထဲဝင်ကြည့်ခွင့်လည်းမရှိပါဘူး။ IB system မှာတော့ ဆရာမတွေက မိဘတွေကို ၃လတခါ ခေါ်ပြီး သူတို့သင်ကြားပုံတွေပြသလို ကလေးတွေကိုယ်တိုင် သူတို့ဘာတွေသင်တယ် ဘယ်လိုသင်ရတယ် ဦးဆောင်ရှင်းပြတာ ၃လတခါ လုပ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ curriculum ကို ကျွန်မသိလာတာပါ။

သူတို့ရဲ့ curriculum က ခေတ်နဲ့အညီ လက်တွေ့အသုံးချနိုင်အောင် သင်ပေးတာပါ။ ဥပမာ Where do we live ဆိုတဲ့ ခေါင်းစဥ်ကို ၃လ သင်ပါတယ်။ Planets တွေအကြောင်း ကမ္ဘာကြီးအကြောင်း သိပ္ပံဘာသာကိုသင်ရင်း ကမ္ဘာကြီးပူနွေးလာမှုကိုပါ တခါတည်းသင်တဲ့အတွက် ၈နှစ်သားကလေးဟာ ကားစီးဖို့ထက် စက်ဘီးစီးဖို့ ပိုအားသန်လာပါတယ်။ ဂုဏ်တုဂုဏ်ပြိုင် ကားအကြီးကြီးတွေစီးဖို့ထက် carbon emissions လျော့ကြဖို့ လောင်စာလျော့သုံးရမယ် မီးလျော့သုံးရမယ်ဆိုတာ ခေါင်းထဲ စွဲသွားပါတယ်။ food waste တွေမဖြစ်ဖို့ မြေဆွေးတွေလုပ်ဖို့၊ အပင်တွေစိုက်ဖို့ ပလတ်စတစ်တွေလျော့ဖို့ ကျောင်းက curriculum ထဲမှာတဆက်ထဲ ထည့်ထားပါတယ်။ 

ကျွန်မသားလေးက ၂တန်းပါ။ သူတို့ ကျောင်းသားတွေဦးဆောင်တဲ့ မိဘ ကျောင်းသားတွေ့ဆုံပွဲမှာ ကျွန်မကို သူ့ အတန်းထဲက အခန်းထောင့်တနေရာကို ခေါ်သွားပြပါတယ်။ Peace corner လို့ခေါ်ပါတယ်။ သူတို့စိတ်ခံစားချက်အရ ပျော်နေရင်အစိမ်း ပျင်းနေရင်အပြာ စိတ်ဆိုးနေရင် အနီ အစရှိသဖြင့် ခံစားချက်မျိုးစုံတွေကို ရောင်စုံလေးတွေနဲ့ အမျိုးအစားခွဲထားပြီး လုပ်ရမယ့် solution options လေးတွေပါပေးထားပါတယ်။ နံပါတ်တွေရေတွက်နည်း၊ ဘောလုံးလေးနဲ့ စိတ်ငြိမ်အာင်လုပ်နည်းကစ ကော်ရစ်တာမှာ ၁၀မိနစ်လောက် ထွက်ပြေးတာအထိပါပါတယ်။ stress coping mechanism တွေကို ၂တန်းကတည်းက စသင်ပေးနေတာပါ။ 

ပြီးတော့အတန်းထဲမှာ ကလေးတွေကို သူတို့ရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး အသိအမှတ်ပြု ချီးကျူးကတ်ပြားလေးတွေ ပေးပါတယ်။ အဲ့ဒီ ဂုဏ်ပြုကတ်တွေမှာ academic subject တွေထူးချွန်လို့ပေးတာ တခုမှ မရှိပါဘူး ။ သူတို့ပေးတဲ့ဆုတွေက caring၊ သူငယ်ချင်းအချင်းချင်း ကူညီရင် ဂရုစိုက်တတ်ရင် caring ဆုရပါတယ်။ နောက် reflective ဆိုတာ ကိုယ့်အမှား ကိုယ့်လိုအပ်ချက်ကို ပြန်တွေးတတ်ပြုပြင်တတ်ရင်ဆုပေးပါတယ်။ နောက်ဆုတွေက thinker၊ communicator၊ knowledgeable၊risk taker အစရှိသဖြင့် လူတွေရဲ့ soft skill ပိုင်းကို အဓိက ဇောင်းပေး train တာပါ။ လူကောင်းလေးတွေဖြစ်လာအောင် ကျောင်းက သင်ပေးတာပါ။ ဆိုလိုတာက curriculum ကောင်းရင် ကျောင်းထားတာနဲ့တင် ဘုန်းကြီးကျောင်းသွားစရာမလိုတော့လောက်အောင်ပါပဲ။ ဘာလို့လည်းဆိုတော့ ဘာသာရေးဆိုတာ soft skill တွေကို သင်ပေးတာမလား၊ ကျောင်းတွေမှာ yoga ကိုပါ integrate လုပ်လာပြီး meditation တောင် သင်ပေးတာတွေ ရှိလာပါပြီ။ ဒါ့ကြောင့် ပညာရေးအဆင့်အမြင့်ဆုံး နော်ဝေ ဆွီဒင် ဒိန်းမတ်တွေဟာ ဘာသာမဲ့အဖြစ်ဆုံးပေမယ့် ကမ္ဘာ့အယဥ်ကျေးဆုံး စိတ်ထားအကောင်းဆုံးလူမျိုးတွေဖြစ်နေတာပါ။ 

ကျွန်မတို့မြန်မာပြည်မှာ ပညာရေးဆိုတာ မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ပထဝီ သမိုင်း သိပ္ပံ နဲ့ လမ်းဆုံးနေတာပါ။ ထူးချွန်ဆုပေးရင်လည်း ဒီဘာသာရပ်တွေမှာ အမှတ်အများဆုံးသူကိုပဲ ဆုပေးတာပါ။ အဲ့လို ဆုရသူကိုပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက စာတော်သူဆိုပြီး ချီးကျူးကြ ဂုဏ်ယူကြပါတယ်။ ကျန်တဲ့ သူတပါးအပေါ် ကူညီတတ်တာတို့ စိတ်ကောင်းရှိတာတို့ အနုပညာ အားကစား အစရှိတဲ့ domain တွေကို လုံးဝ လျစ်လျူရှုထားသလို ဖြစ်တဲ့အတွက် မြန်မာပြည်မှာ academic ထူးချွန်ဖို့သာ အရေးအကြီးဆုံးဖြစ်နေတာပါ။ အဲ့ဒါကြောင့် ကျွန်မတို့ဆရာဝန်အသိုင်းအဝိုင်းဆိုရင် အရမ်းကိုမနှစ်မြို့စရာ ပတ်ဝန်းကျင်ပါ။ စာတွေတော်သလောက် အတ္တကြီး ပြိုင်ဆိုင်တွန်းတိုက် မာနတွေကြီး ကြွားဝါပြီး hard skill တော်သလောက် soft skill ညံ့ဖျင်းကြပါတယ်။ နောက်တခါ မြန်မာတွေရဲ့ norms ကလည်း ငွေ အဓိက ဖြစ်နေပါတယ်။ ငွေရှိရင် ပြီးပြီ ဘယ်လိုနည်းနဲ့ရတဲ့ငွေဖြစ်ဖြစ် စိတ်မဝင်စားဘဲ ငွေရှိရင်သုံးနိုင်ရင် အထင်ကြီးအားကျ ဝန်းရံသူများ နေတာကိုက လူထုတရပ်လုံးရဲ့ စံတန်ဖိုးလွဲမှားနေမှုပါ။ ဒါတွေကိုဆိုဆုံးမရမယ့် ဆရာတော်တွေ ကိုယ်နှိုက် က သူတို့ကိုယ်တိုင်သေချာမသိတဲ့ နိမ္ဗာန်ကိုသာဟောပြောနေပေမယ့် လူတွေရဲ့ အခြေခံစံတန်ဖိုးတွေကို သင်ပြဖို့မလုပ်နိုင်ကြတာလည်း အတော်လွဲနေတဲ့ ဖြစ်ရပ်ပါပဲ။ 

ပညာရေးစနစ်ကောင်းကောင်းကို ရင်းနှီးမြှုပ်နှံခြင်းဟာ ပြည်သူပြည်သားတိုင်းကို လူကောင်းလူတော်လေးတွေ ဖြစ်စေခြင်းပါပဲ။ Long-term impact အနေနဲ့ လူကောင်းများတဲ့လူအဖွဲ့အစည်းဟာ ကောင်းမွန်တဲ့ ဖွံ့ဖြိုးအေးချမ်းတဲ့ နိုင်ငံကို တည်ဆောက်နိုင်မှာပါပဲ။ နမူနာအနေနဲ့ အခြေခံလူ့စံနှန်း ethics တွေ ကောင်းကောင်းသင်ကြားထားခံရသူတွေဟာ coup ဆိုတဲ့ လက်နက်နဲ့ အာဏာသိမ်းတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ဘယ်အပြုအမူကမှန်တာ ဘယ်ဟာကမှားတယ် ဘယ်ဟာက ဂုဏ်ယူစရာ ဘယ်ဟာက ရှက်စရာဆိုတဲ့ စံတန်ဖိုးတွေကို ငယ်စဥ်ကတည်းက သေသေချာချာ သင်ကြားပေးထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ ပညာရေးစနစ် လုံးဝမြေလှန် ပြောင်းလဲပစ်ဖို့လိုပါတယ်လို့ ယူဆပါတယ်။ (May Nway Oo)

ကဏ္ဍတလုံးသာ ပြင်စရာပါသည်။ ကောင်း + ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ