ယမုန်နာဆေးခန်း ‘လက်တာဟက်’ ပြန်ရှာရတယ်။ အချက်အလက်တွေဖြည့်၊ ‘ပရင့်’ ထုတ်၊ လက်မှတ်ထိုး၊ ‘စကင်’ လုပ်ပြီး ပို့ပေးပါတယ်။
ကလေးမိဘတွေကလည်း အမျိုးမျိုး။ အမည်စာလုံးကို အတိအကျ မရေးတတ်သူတွေလည်းရှိတယ်။ အမည်ဆိုတာ အစဆုံးစာလုံးကို ကယ်ပီတယ်လက်တား ခေါ် စာလုံးကြီးနဲ့ရေးရတာကို မသိသူတွေလည်း မနည်းပါ။ ချင်းအမည်စာလုံးတွေကို ကျွန်တော်က မှန်အောင် မရေးတတ်။ ပြန်ပြင်ပေးရတာလည်း ရှိတယ်။ ဟိုမှာတုန်းကတော့ ချင်းလူမျိုး ဆရာမတွေရှိတော့ လွယ်တယ်။
တချို့ကလည်း ‘အီးမေးလ်’ နဲ့ ‘မက်စင်ဂျာ’ ကို ကောင်းကောင်း မသုံးတတ်ကြပါ။ ဟိုမှာကျန်ရစ်တဲ့ ဆေးခန်းဆရာမကို မေးပြီး ပြန်ပို့ပါလို့ ခိုင်းရတယ်။
တကယ်တော့ ‘ဘာ့သ်ဆာတီဖီကိတ်’ တော့မဟုတ်။ ကျွန်တော်နဲ့ ကျွန်တော့ လက်ထောက်ဆရာမ တို့ကနေ ဘယ်နေ့ဘယ်ရက်က သူတို့နေအိမ်သွားပြီး ဘယ်အချိန်မှာ ‘မောင်ဘယ်သူ’ ‘မဘယ်သူ’ ကို မွေးပေးကြောင်းနဲ့ ဆေးခန်းကနေ ကာကွယ်ဆေးထိုးကြောင်း စာသာဖြစ်ပါတယ်။
တကယ်တော့ ကလေးအားလုံးကို ယမုန်တာဆေးခန်းမှာသာ မွေးပေးရတာ။
အဲဒီ အိန္ဒိယအစိုးရရုံးကလည်း တခါတခါ ခေတ်စကားနဲ့ပြောရရင် ‘ရစ်’ တယ်။ အစတုန်းကတော့ ထောက်ခံစာရိုးရိုး တောင်းတယ်။ နောက်တခါ ကာကွယ်ဆေးတဲ့။ နောက်တခါ လူနာအိမ်သွားမွေးပေးတာ မှန်ကန်ကြောင်းတဲ့။
ထောက်ခံစာပို့ပေးရတဲ့မိသားစုတွေ အဆင်ပြေကြသတဲ့။ အခုဆို မိသားစု ၇၀ ကျော် တတိယနိုင်ငံတွေကို ရောက်ကြပြီတဲ့။ အမောပြေစေပါတော့တယ်။
ကနေ့ခေတ်မှာ နိုင်ငံရေး ပြောကြ၊ ဟောကြ၊ ဖြေကြ၊ ရေးကြသူတွေ အများစုက ကျွန်တော်တို့တတွေ ၁၉၉၀ ကနေ ၂၀၀၂ အထိ ၂၂ နှစ်ကျော်ကြာလုပ်ခဲ့တဲ့ NCGUB အစိုးရအလုပ်တွေကို “ဖုတ်လေတဲ့ငပိ” လို့သာ မှတ်ထင်ကြတယ်။ အကောင်းမြင်သူ မရှိသေလောက်ပါ။ မတတ်နိုင်။
အမှတ်ထင်ထင်ကျန်ရစ်တဲ့ ကျွန်တော့နိုင်ငံရေးဆိုတာ ၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ ပုလဲဆေးခန်းက လူနာတွေကို ထားရစ်ခဲ့ရပြီး တိုင်းပြည်ကနေထွက်ပြေး။ ပြည်ပမှာ ဆေးကုသပေးတာနဲ့ ကလေးမွေးပေးတာသာ ဖြစ်ပါတယ်။
“နိုင်ငံရေးဆိုတာ အဲလိုဘဲ” တဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment