ကျွန်တော်ကတော့ မြစေတီကျောက်စာ ၄ မျက်နှာလုံးကို မဖတ်တတ်ပါ။ မြန်မာ့စွယ်စုံကျမ်းကနေတဆင့်သာ ဖတ်ရပါတယ်။
မကြာခဏ တင်ပြထားတယ်။ 'ဟောင်းတိုင်းမှန်၊ သစ်တိုင်းမှား' မဟုတ်ပါ။ အကြောင်းအရာတခုစီ၊ စာလုံးတလုံးစီကို ကြည့်ရပါတယ်။
ဥပမာ အစောဆုံးတရားစာတွေကို ပါဠိဘာသာနဲ့ ရေးပါတယ်။ နောက် မြန်မာလိုဘာသာပြန်တယ်။
ဗုဒ္ဓဘာသာသာမကပါ ခရစ်ယာန်ကျမ်းစာတွေထဲမှာလည်း ပါဠိစာလုံးတွေ အများကြီးပါတယ်။ ကျမ်းကို ကျကျနနဖတ်သူတွေကို မေးကြည့်တော့ သူတို့လည်း အသေမှတ်ထားရတယ်တဲ့။
ဗုဒ္ဓစာပေကို မြန်မာလိုရှင်းလင်းအောင် ရေးတဲ့အတွက် လယ်တီဆရာတော်ကြီးရဲ့ ကျေးဇူး အင်မတန်ကြီးတယ်။ လက်ထဲမှာ မူရင်း လယ်တီဒီပနီစာအုပ် ရှိပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။ လယ်တီဒီပနီ ပြန်ထုတ်တွေက မှားအောင်ပြင်ထားတယ်။
ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်း (၁၉၅၄) ကို ဦးဘေမောင်တင်က ‘တည်းပြဋ်ပြင်ဆင်သည်’ လို့ စာအုပ်ဖုံးမှာ ပုံနှိပ်ထားတယ်။ ကျွန်တော်တို့ ဆယ်တန်း (၁၉၆၄) ရောက်တော့ ‘တည်းဖြတ်’ နဲ့ ‘တည်းပြတ်’ လို့သာ ရေးကြတော့ပါတယ်။
အဲဒီစာအုပ် ဒုတိယတွဲမှာ ‘ဂုမ္ဘဏီတိုက်’ လို့ ရေးပါတယ်။ အခုဆိုရင် ‘ကုမ္ပဏီ’ လို့ရေးလာကြတယ်။
သိပ္ပံမောင်ဝ (ဦးစိန်တင်) အောက်စ်ဖို့ဒ်တက္ကသိုလ် စာအုပ်မူရင်းထဲမှာ ‘စာဟောပွဲ’ လို့သာရေးတယ်။ ‘စပွဲ’ လို့သာ ရေးတယ်။
အဲလို လေ့လာမှတ်သားစရာတွေ အများကြီးရှိတယ်။
အချုပ် -
ဘယ်အကြောင်းအရာကိုမဆို
“အဟောင်းတွေ မကောင်း၊ အဟောင်းတွေကောင်း” လို့ မပြောသင့်ပါ။
“အသစ်တွေ မကောင်း၊ အသစ်တွေကောင်း” လို့ မပြောသင့်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment