(ဦးယာ ရေး၊ မုံရွေးဆရာတော် ဖြေ)
ဘုန်းပန်းမဉ္ဇူ၊ သောင်းလုံးကြူသည်
ဗိန္ဒူမင်းမြေး၊ စံမြေရွေး၍
လေးခု နစ်လီ၊ မော်ယွန်းချီသား
ပူရီအောင်မျို့၊ သာသည့်မြို့နှိုက်
တောင်ညို့ မှိုင်းမှိုင်း၊ စက် တံတိုင်းသို့
နောက်ခိုင်း လှည့်လည်၊ ထားခဲ့တည်သား
ဘုန်းစည်ဆော်ရိုက်၊ ထွတ်မကိုဋ်ကို
လျှောက်ထိုက် မတန်၊ လျှောက်တောင်းပန်သည်
ရွှေဉာဏ်ထောက်မ ကူလှည့်သောဝ်။ ။
နှုန်းနှန်းရည်တူ၊ ကြာနန်းသူလျှင်
ညွန့်လူကြာမှ၊ ဘွားမြင်စသို့
နုလှသက်ရွယ်၊ ယဉ်သည့်မယ်ကို
ချစ်ဖွယ်နေ့တိုင်း၊ မညွတ်ရိုင်းလျက် (ခညွတ်-မူကွဲ)
မဂိုဏ်း နက္ခတ်၊ ဘဂိုဏ်းနတ်နှင့်
နှစ်ပတ်ရစ်ခါ၊ သွားပြန်လာပြီး
သည်ရာသီပန်း၊ နှစ်ခိုင်လန်းနှင့်
ရည်မှန်းဓိဋ္ဌာန်၊ တိုင်လျှောက်ပန်သည်
ဝေယန်ပေါက်ပြ ကြူလှည့်သောဝ်။ ။ (ဦးယာ)
မုံရွေးဆရာတော် ဖြေ-
`ဘုန်းပန်းမဉ္ဇူ၊ သောင်းလုံးကြူသည်' စသော နှစ်စုံသော ရတု၌ ဘုန်းတန်းကြီး၍ တသောင်းလုံးကို အစိုးရသော ဗိန္ဒုသာရမင်း၏ သားဖြစ်သော ဓမ္မာသောကမင်း တည်ခဲ့သော ဘုရားကို ဆိုလိုသည်။
`လေးခု နစ်လီ၊ မော်ယွန်းချီသည်' ဟူရာ၌ လေးခု နှစ်လီသော် ရှစ်ခုရှိ မော်လိုဏ်မော်ယွန်း အချိုး ရှိသည်။
ရှစ်ချိုးကား- မိုးကောင်း၊ ဟံသာဝတီ၊ မည်းတဲ၊ အုံးဘောင်၊ တောင်တံခါး လေးရပ်ရှိသည်။ ထိုတံခါးတို့၏ အနောက်ပိုင်း၌ ရတနာပူရမြို့သည် အတွင်းသို့ ဆုတ်၍ အချိုးမော်ယွန်း ငါးခုရှိသည်။ မြောက်မျက်နှာက မာရ်အောင်၊ လေသာ၊ ယိုးဒယား၊ စန္ဒပူရိ၊ အနောက်သို့လျှောက်၍ လေးတံခါး ရှိသည်တွင် ယိုးဒယားတွင်သော မီးသွေးတိုက်၊ စန္ဒပူရိတွင်သော ဆင်ချည်တံခါးတို့မှ အစဉ်အတိုင်း မော်ယွန်း သုံးချိုးရှိသည်။ သည်ကိုရည်၍ မြင့်မိုရ်တောင်ပုံ ခေါ်ကြသည်။
ဤရှစ်ချိုးကို ရည်၍ `လေးခု နှစ်လီ၊ မော်ယွန်းချီသား၊ ပူရီအောင်မျို့' ဆိုလေသည်။
`နောက်ခိုင်းလှည့်လည်၊ ထားခဲ့သည်ကား' ဟူရာ၌ ရွှေရင်းရဲဘုရား ဟူ၏။ မြို့တံတိုင်းနား ဖြစ်သောကြောင့် လျော်သည် ဟူရ၏။
`မြို့၏ အနောက်ဘုရား' ဟူသည်ကား ယခု လောကသရဖူ ကျော်ဖြူဂူတော် အနောက်က စေတီတော်တည်း။
ထိုစေတီတော်၏ အကြောင်းကား- ရှေးအခါ ဤစေတီ၏ အရာ၌ ပြင်ကိုးဆူအဝင် ဘုရားကြီး ဆိုသော မုဋ္ဌောစေတီရှိသည်။ ဆင်ဖြူရှင် လေးကျွန်းမာန်အောင်ဒါယကာ လက်ထက် မြို၍ တည်သည်။ ဟံသာဝတီရောက် မင်းတရား လက်ထက် အပြီးသတ်၍ ရုပ်တုတော်ကြီးနှင့် တကွ ရွှေထီးလည်း တင်တော်မူသည်။ သင်္ဃာတော်ငါးရာ ပင့်၍ သာဓုခေါ်သည်။ လောကသရဖူ နာမံတပ်သည်။
ထို့ကြောင့် ရှေးသူဟောင်းတို့သည် လောကသရဖူဘုရားကြီး ဟူ၍ ခေါ်ဝေါ်ကုန်သည်။
နောက်သားတို့က ရုပ်တုတော်ကြီးကို ဘုရားကြီး ခေါ်ဝေါ်ကုန်၏။ စဉ့်ကူးမင်း ပတ်လည် ခုနစ်တောင်စီ ဖွင့်၍ မြို့တည်ပြန်သည်။ မဟာလောကသင်းကျစ် ကမ္ပည်းတပ်သည်။
မြို့အနောက်က ရှိသည် ဖြစ်၍ `နောက်ခိုင်းလှည့်လည်၊ ထားခဲ့တည်သည်' ဆိုသည်နှင့်လည်း ညီသည်။ ထိုဘုရားကို ယူရာ၏ဟု ထင်သည်။
`မဂိုဏ်းနက္ခတ်၊ ဘဂိုဏ်းနတ်နှင့်' ဟူရာ၌ မဂိုဏ်းနက္ခတ်ကား `လုံးစုံဂလ၊ ဂိုဏ်းမနတည်း၊ ဘူမဣန္ဒာ၊ နက္ခတ်မှာမှ၊ ဇေဋ္ဌခေါ်ညီ၊ ဘရဏီတည်း' ဆိုသည်နှင့် ထောက်သော် ဇေဋ္ဌ နက္ခတ်တည်း။
`ဘဂိုဏ်း နတ်' ကား `အရင်း ဂလ၊ မြင်လကာမူ၊ ဘယာမွေ့သိမ်၊ လနှင့် တိမ်ပြီ' ဆိုသည်နှင့် အညီ လနတ်သား ဆိုလိုသည်။
လနှင့်ဇေဋ္ဌ ရှည်သည်ကား နယုန်လတည်း။
သည်ရာသီပန်း ဟူသည်ကား စပယ်၊ မြတ်လေးပန်း ဆိုလိုသည်။
နှစ်ခိုင်လန်းမှာ ဤပန်းမျိုးနှစ်ထွေကိုပင် ဆိုလိုသည်။
နယုန်လပြီး၏။ (မုံရွေးဆရာတော်ကြီး)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment