Skip to main content

တိုင်းပြည်ပြုလွှတ်‌တော်

ဆရာ ခင်ဗျ အင်္ဂလိပ်ပြန်အဝင် ၁၉၄၇ မှာလုပ်တဲ့ တိုင်းပြုပြည်ပြုရွေးကောက်ပွဲမှာ ဦးအောင်ဆန်းဦးဆောင်တဲ့ ဖဆပလအွဲ့အနိုင်ရခဲ့တယ် ဖတ်ဖူးပါတယ်။ ကျနော် လက်လှမ်းမီသမျှ လေ့လာခဲ့ပေမယ့် အဲရွေးကောက်ပွဲဟာ ယခုခေတ် ရွေးကောက်ပွဲတွေလို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ခဲ့တာလားဆရာ။ စောနားက(စောစောက) တင်ထားတဲ့ နိုင်ငံခြားမှာ ဆရာမလုပ်နေတဲ့ တယောက်ကို မေးတာ ဘယ်လို မြင်သွားလဲ မသိဘူး သမိုင်းဆရာတယောက်မေးဆိုပြီး ပြောသွားပါတယ်။ ကျနော် သိချင်တာ ဆရာ အဲအချိန်က ရွေးကောက်ပွဲက ဘယ်လို ကျင်းပခဲ့တာပါလဲ အကျဉ်းချုပ်ဖြစ်ဖြစ် ရှင်းပြပေးပါဆရာ။ ကျေးဇူးပါဆရာခင်ဗျ။

တိုင်းပြည်ပြုလွှတ်‌တော် (ရှာဖွေ ကူးယူတင်ပြခြင်းသာဖြစ်ပါတယ်။)

မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်‌နေ့၌ ချုပ်ဆိုလက်မှတ်‌ရေးထိုးခဲ့သည့် ‌အောင်ဆန်းအက်တလီ စာချုပ်အရ တိုင်းသူပြည်သားများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရန်အတွက် တိုင်းပြည် ပြုလွှတ်‌တော်တရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည့်အတိုင်း ထိုနှစ်ဧပြီလတွင် တိုင်းပြည်ပြုလွှတ်‌တော်‌ ရွေး‌ကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော်သို့ အရွယ်‌ရောက်သူတိုင်း မဲ‌ပေးနိုင်သည့်စံနစ်ဖြင့် မြန်မာနိုင်ငံသားများကိုသာ ‌ရွေး‌ကောက်တင် ‌မြှောက်ရမည်ဖြစ်ရာ ပြည်မအတွက် ကိုယ်စားလှယ်များကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ‌တော် အက်ဥပ‌ဒေအရ ပြဋ္ဌာန်းထားသည့် မဲဆန္ဒနယ်များအတိုင်း တနယ်လျှင် နှစ်ဦးကျစီ ‌ရွေး ကောက်တင်‌မြှောက်ရန် သတ်မှတ်‌ပေးခဲ့၍၊ ကိုယ်စားလှယ်‌တော် ဦး‌ရေမှာ ကရင်လူမျိုးများအတွက် ၂၄ ဦး နှင့် အင်္ဂလိပ်မြန်မာ ကပြားများအတွက် ၄ ဦးအပါအဝင် ၂၁၀ ဖြစ်၏။ နယ်စပ် ‌ဒေသများအတွက် ၄၅ ဦး သတ်မှတ်‌ပေးခဲ့ရာ ရှမ်းပြည်အတွက် ၂၆ ဦး၊ ကချင်‌တောင်တန်း‌ဒေသအတွက် ၇ ဦး၊ ချင်း ၈ ဦး၊ ကရင်နီ ၂ ဦးနှင့် သံလွင်ခရိုင်အတွက် ၂ ဦးဖြစ်‌လေသည်။

၁၉၄၇ ခုနှစ် ဧပြီလ ၂၇ ရက်‌နေ့တွင် တိုင်းပြည်ပြု လွှတ်‌တော်‌ရွေး‌ကောက်ပွဲများကို ကျင်းပခဲ့၏။ သို့‌သော် တိုင်းပြည်ပြုလွှတ်‌တော်ညီလာခံ မကျင်းပမီ ပဏာမအ‌နေဖြင့် ဖဆပလ အဖွဲ့ကြီးသည် ‌မေလအတွင်းဝယ် ရန်ကုန်မြို့ ဂျူဗလီ ‌ဟော၌ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးတရပ်ကို ဖိတ်‌ခေါ် ကျင်းပခဲ့‌လေသည်။ ထိုညီလာခံသဘင်ကြီး၌ အချက် ၁၄ ချက် ပါဝင်‌သော အဆိုတရပ်ကို ‌မေလ ၂၃ ရက်‌နေ့တွင် ပြဋ္ဌာန်း အတည်ပြုခဲ့ရာ ယင်းမှာ တိုင်းပြည်ပြုလွှတ်‌တော်က ‌ရေးဆွဲ အတည်ပြုရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံ ဥပ‌ဒေသစ်အတွက် အ‌ခြေခံပင် ဖြစ်‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော် ပထမညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်‌နေ့တွင် စတင်ကျင်းပခဲ့၏။ ဇွန်လ ၁၁ ရက် ‌နေ့တွင် သခင်နုအား လွှတ်‌တော်ဥက္ကဋ္ဌအဖြစ် ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ကြ၍၊ ဇွန်လ ၁၆ ရက်‌နေ့ ဗိုလ်ချုပ်ဦး‌အောင်ဆန်းသည် တိုင်းပြည်ပြုလွှတ်‌တော်က ‌ရေးဆွဲရမည်ဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေအတွက် အ‌ခြေပြုရမည့် အချက်ကြီး ၇ ချက်ပါဝင်‌သော ရည်ညွှန်းပြဋ္ဌာန်းချက် အဆိုတ   ရပ်ကို တင်သွင်းခဲ့‌လေသည်။ ဇွန်လ ၁၈ ရက်‌နေ့တွင် အဖွဲ့ဝင် ၇၅ ဦးပါဝင်‌သော ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်း ‌ကော်မတီကြီးနှင့် ဆပ်‌ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ထို‌နောက်တွင် တိုင်းပြည်ပြုလွှတ်‌တော် ပထမညီလာခံကို ရုပ်သိမ်းလိုက်လေသည်။

ထိုအ‌တောအတွင်း ဇူလိုင်လ ၁၉ ရက်‌နေ့တွင် ဗိုလ်ချုပ် ‌အောင်ဆန်းနှင့်တကွ အ‌ပေါင်းအပါဝန်ကြီးများ လုပ်ကြံသတ် ဖြတ်ခြင်းခံရသဖြင့် တိုင်းပြည်အုပ်ချုပ်‌ရေးတာဝန်ကို သခင်နုက ‌ခေါင်း‌ဆောင်ခံယူလိုက်ရလေသည်။ သို့ဖြစ်၍ တိုင်းပြည်ပြု လွှတ်‌တော် ဒုတိယညီလာခံကို ဇူလိုင်လ ၂၉ ရက်‌နေ့ တွင် စတင်ကျင်းပခဲ့‌သောအခါ၊ လစ်လပ်လျက်ရှိ‌သော လွှတ်တော်ဥက္ကဋ္ဌကြီး‌နေရာတွင် ‌ညောင်‌ရွှေ‌စော်ဘွားကြီး ‌စော‌ရွှေသိုက်အား ‌ရွေး‌ကောက်တင်‌မြှောက်လိုက်ကြ‌လေသည်။ ထိုဒုတိယ ညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်း‌ကော်မတီက ‌ရေးဆွဲခဲ့‌သော အ‌ခြေခံဥပ‌ဒေကြမ်းကို တင်ပြကာ ဂရုတစိုက် ‌ဆွေး‌နွေးစဉ်းစားကြပြီး အ‌ခြေခံမူများကို လက်ခံလိုက် ကြ‌လေသည်။

ထို‌နောက် တတိယညီလာခံတွင် အပြီးသတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတရပ်ကို ‌ရေးဆွဲတင်ပြရန် ဟူ‌သော ရည်ညွှန်းချက်များနှင့်တကွ အ‌ခြေခံဥပ‌ဒေကြမ်း အ‌ချော‌ရေးဆွဲ‌ရေး ‌ကော်မတီတရပ်သို့ အ‌ခြေခံဥပ‌ဒေကြမ်းကို လွှဲအပ်လိုက်ပြန်‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော် တတိယညီလာခံကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်‌နေ့တွင် စတင်ကျင်းပခဲ့၏။ ထိုညီလာ ခံတွင် ကရင်နီကိုယ်စားလှယ်‌တော်များ ပထမဆုံးအကြိမ် တက်‌ရောက်ခဲ့ကြ‌လေသည်။ အ‌ခြေခံဥပ‌ဒေကြမ်း အ‌ချော‌ရေးဆွဲ‌ရေး ‌ကော်မတီက တင်ပြသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်းကိုလည်း စက်တင်ဘာလ ၂၄ ရက်‌နေ့တွင် တညီတညွတ်တည်း အတည်ပြုလိုက်ကြ‌လေသည်။ ထိုပြင် ထိုညီလာခံ မရုပ်သိမ်းမီ၊ ‌ညောင်‌ရွှေ‌စော်ဘွားကြီး ‌စော‌ရွှေသိုက်အား နိုင်ငံ တော် ယာယီသမ္မတအဖြစ်၎င်း၊ သခင်နုအား ပြည်‌ထောင်စု ယာယီအစိုးရ ဝန်ကြီးချုပ်အဖြစ်၎င်း၊ ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ ကြ‌လေသည်။ ယင်းသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက် ‌နေ့တွင် အချုပ်အချာအာဏာပိုင် သမ္မတနိုင်ငံဖြစ်‌သော ‘ပြည်‌ထောင်စု မြန်မာနိုင်ငံ’ ဖြစ်ထွန်း ‌ပေါ်‌ပေါက်လာခဲ့‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ ၂၃၁ အရ၊ ပါလီမန်လွှတ်‌တော် နည်းလမ်းကျနစွာ ဖွဲ့စည်းတည်‌ထောင် ပြီးသည်အထိ၊ ယာယီပါလီမန်အဖြစ် ဆက်လက်တည်မြဲကာ တာဝန်ဝတ္တရားများကို ဆက်လက် ထမ်း‌ဆောင်သွား‌လေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ