Skip to main content

ငွေတာရီ

ဆရာခင်ဗျာ ဒီကဗျာဟာတချိန်က ဆဋ္ဌမတန်းမြန်မာစာပြဌာန်းစာအုပ်မှာ ထည့်သွင်းဖော်ပြဖူးတယ်လို့ သိရပါတယ်။ ဘယ်အချိန် ဘယ်ကာလကရေးသားခဲ့တဲ့ ကဗျာလဲဆိုတာ သိပါရစေ။

ဟုတ်။ ဒီကဗျာကို ကျောင်းသုံးစာအုပ်မှာ သတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။

ပြန်တင် ပြန်ထုတ်တွေမှာလည်း သတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။

မြန်မာစာ အောက်ဆုံးရောက်နေပြီ။

ထိပ်ဆုံးသို့ 

တတောင်ပေါ် တတောင်ဆင့်

တောင်အမြင့်ပတ်ခြံရံ

တတောင်ဆုံးပြန်တော့

တလုံးကျန်ပြန်ပေသမို့

ဖန်ဖန်လေ အားအင်နှိုးလို့ရယ်

ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်

တော်ပါပြီ ဆက်မလှမ်းချင်ဘု

ရပ်တန်းကရပ်မယ်ကြံ

အမှန်တော့ ဖြစ်နိုင်ပါ့မလား

စခဲ့မိဟာပေါ့

တနေ့မှာ ဆုံးရာရောက်ပါလိမ့်

အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့

စိတ်နွမ်း အသာဖြေလို့

မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်တေးကို အာရုံဆင်လို့

မူတသွင် အားအင်သစ်လိုက်ပါ့

ချစ်ဖွယ့်လူသား ။ ။

ကဗျာဆရာမ ငွေတာရီ ဟာ ၁၆-၂-၁၉၂၅–မှာမွေးဖွါးပြီး ၁၉-၃-၁၉၅၉ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဗြိတိသျှဘားမား ဦးညွန့်နဲ့ ဒေါ်ချစ်တင်တို့ကနေ မွေးတယ်။ အမည်ရင်းက ဒေါ်ခင်ရီ။ ၁၂ နှစ်သမီးကတည်းက ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ရဲ့ ကဗျာတွေကို လေ့လာပြီး ကဗျာတွေစပ်တယ်။ ၁၄ နှစ်သမီးမှာ ကျန်းမာရေးကြောင့် ကျောင်းဆက်မနေရတော့ပါ။

ကဗျာစာအုပ် ၄ အုပ်ထုတ်ဝေခဲ့တယ်။ ကဗျာ ၁ဝဝ စာအုပ်က ၁၉၆ဝ ခုနှစ်၊ စာပေဗိမာန်ကဗျာဆုရတယ်။ ခင်ပွန်းဖြစ်သူ မင်းယုဝေနဲ့ ပူးတွဲ ဘာသာပြန်တဲ့ အီစွတ်ပုံပြင်များစာအုပ်က ၁၉၅၄ ခုနှစ်၊ စာပေဗိမာန် ဘာသာပြန်ဆုရတယ်။ ငွေတာရီရဲ့ ကဗျာတွေကို ကျောင်းသုံး စာအုပ်တွေမှာ ပြဋ္ဌဌာန်းခြင်း ခံရတယ်။ ငွေတာရီအုတ်ဂူပေါ်မှာ သူရေးထားတဲ့ ဘဝကွေ့ဝယ် ကဗျာထဲကနေ ထုတ်နုတ်ရေးထိုးထားပါတယ်။

ဘဝကွေ့ဝယ် 

ပျော်မွေ့ကြည်သာ

သွားလေရာက 

နှစ်ဖြာလွမ်းခွဲ ရောက်မလွဲတည့်။ 

ဘဝတိုတို 

လမ်းတခို၌ 

လျှပ်လိုခဏ 

တွေ့ကြရခိုက် 

မေတ္တာ့မဏ္ဍိုင် တူစိုက်ပြိုင်စို့

တတ်နိုင်သမျှ၊ ချစ်ပါကြစို့။ 

ဘဝလမ်းတာ

တိုတောင်းစွာကို 

သာယာသမှု ငါတို့ပြုစို့ 

ညစ်ကျူမတင်၊ စိတ်ဖြူစင်ဖြင့် 

များရှင် လူသူ၊ ငါတို့ကူစို့။ (ငွေတာရီ)

မေးတာကို အတိအကျ မဖြေနိုင်ပါ။ ဆောရီး။ မင်းယုဝေနဲ့ ငွေတာရီတို့ရေးသမျှစာတွေထဲမှာ တတွေကို မလိုအပ်ပဲ စသတ်မထားပါ။

ဒေါက်တာတင့်ဆွေ

၁၂-၉-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ