(မောင်ထင်)
ကျွန်တော် ယခုရေးပြသော အချက်တို့ကို စဉ်းစားလာခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်စဉ်းစားနေသည်မှာ မပြီးပြတ်သေးပါ၊ မဆုံးသေးပါ။ ထို့ကြောင့် နောင်ကိုလည်း ဆက်လက်စဉ်းစားပြီးလျှင် သဘောတရားရေးရာနှင့် စပ်လျဉ်း၍ ပညာရှင်တို့၏ ကျမ်းအစောင်စောင်ကို ဖတ်ရှုကာ ဒိဋ္ဌဓမ္မတို့နှင့် နှိုင်းယှဉ်ကြည့်ရပါဦးမည်။ ထို့ကြောင့် ယခုရေးသော ကိစ္စကို အတွေးအခေါ် အယူအဆများအား နိဒါန်းပျိုးပေးသော သဘောမျှသာဟု နှလုံးပိုက်ကြစေလိုပါသည်။
အကယ်၍ ကျွန်တော်က အတွေးအခေါ်တို့ကို နှိုးပေးသောကြောင့် အတွေးအခေါ်ရှိသူ ပညာရှင်တို့ နိုးကြားလာပြီးလျှင် နည်းလမ်းများ ကြံဆလာကြပြီဟုဆိုပါက ကျွန်တော် နှိုးဆော်ပေးရကျိုးနပ်ပြီဟု ယူဆရပါလိမ့်မည်။
ကျွန်တော်တို့သည် တော်လှန်ရေးဟု ပါးစပ်မှ အမြှုပ်စီစီထွက်အောင် ယနေ့ ပြောဆိုနေကြပါသည်။
ဂျပန်တော်လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေး၊ လူမှုတော်လှန်ရေး၊ မြေယာတော်လှန်ရေး၊ ဘာတော်လှန်ရေး၊ ညာတော်လှန်ရေး စသဖြင့် တော်လှန်ရေးပေါင်းမျိုးစုံအောင် ကျွန်တော်တို့ ပြောဆိုနေကြပါသည်။
ကျွန်တော်တို့၏ တော်လှန်ရေးသည် အမှန်ပင် ကျယ်ပြန့်ပါ၏။ ဥပမာဆိုပါစို့ ကျွန်တော်တို့၏ တော်လှန်ရေးသည် တောင်ဘက် ကော့သောင်အငူမှသည် မြောက်ဘက် ခါကာဘိုရာဇီအထိ အလျားအားဖြင့် မိုင်ပေါင်း ၁၃ဝဝ ခန့် ကျယ်ပါသည်။ တဖန် အနောက်ဘက် နတ်မြစ်ဝမှသည် အရှေ့စူးစူး ကျိုင်းလတ်နယ်ရှိ မဲခေါင်မြစ် စီးဆင်းဖြတ်သန်းရာ ဒေသအထိ အနံအားဖြင့် မိုင်ပေါင်း ၆၀၀ ခန့် ကျယ်ပါသည်။
သို့သော် ကျွန်တော် တခါတခါ စဉ်းစားကြည့်၏။ ကျွန်တော်တို့၏ တော်လှန်ရေးသည် အဘယ်မျှလောက် နက်ပါသနည်း။ တနည်းကား ခေတ်သစ်စာပေ အရေးအသားနှင့် ရေးရလျှင် အဘယ်မျှလောက် နက်ရှိုင်းပါသနည်း။
အရေပြားတထောက် နက်သလော။ နှမ်းတထောက်၊ စပါးစေ့တထောက် နက်သလော။ တလက်မ၊ နှစ်လက်မ၊ တပေ၊ နှစ်ပေ၊ တကိုက်၊ နှစ်ကိုက်၊ တမိုင်၊ နှစ်မိုင်၊ အဘယ်မျှနက်ပါသနည်း။
ဘုရားစူးစေ့ ကျွန်တော်လည်း သည်အထိတော့ နားမလည်ပါ။ နားမလည်သည့် နေရာတွင် ကျွန်တော်သည် နိုင်ငံခြားပါရဂူများလောက်နီးနီး လိုက်နိုင်ပါသည်။
တရံရောအခါက ကျွန်တော်သည် ဆားချက်ရာ အရပ်ဖြစ်သော ဆားကျင်းရွာကလေးသို့ ရောက်ခဲ့ပါ၏။ ဆားချင်းတိုက်ကျေးရွာများ ဒေသတွင် ရှေးယခင်က စပါးကောင်းစွာ မထွက်သော လယ်မြေတို့ကို ယခုအခါ ပတ်ချာဝိုင်း၌ ဘူဒိုဇာနှင့် တာဖို့ ထားပါသည်။ ၎င်းတာအတွင်းမှ ရေတို့ကိုလည်း အဝင်အထွက် မျှတအောင် ရေကာတာများကိုလည်း ဆောက်လုပ်ထားပါသည်။ ထိုအစီအစဉ်မှာ လယ်မြေတို့ကို ပြန်လည်ထူထောင်သော အစီအစဉ်တရပ် ဖြစ်ပါသည်။
ဆားကျင်းမှအပြန်တွင် ကျွန်တော်သည် ရှေးခေတ်က ငါးကျပ်ပဲတင်းတန် ကော်ဖိနပ် (Gumboot) နှင့် ကွင်းစစ်ခဲ့သော လယ်မြေများကို ဖြတ်သန်းကာ တရွာဝင်တရွာထွက်နှင့် လာခဲ့ပါသည်။
တနေရာတွင် အုန်းသီးများကို အပင်မှချ၍ အုန်းရည်သောက်ကာ ကျေးရွာသားတဦး၏ အိမ်တွင် အပန်းဖြေခဲ့ပါသည်။ ထိုအိမ်ရှင်မှာ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့ခေတ်တည်းဟူသော ခေတ်သုံးခေတ်ကို ကျော်လွှားခဲ့သည့် လယ်သမားကြီးဖြစ်သည်။
“အင်း- လွတ်လပ်ရေးရပြီဆိုတော့ ရှေးတုန်းက ခင်ဗျားတို့ အားစိုက်ခွန်စိုက် ထွန်ယက်ပါမှ တဧကကို စပါး ၁၅ တင်းမျှ မထွက်တဲ့ နေရာတွေဟာ အခု တင်းအစိတ် သုံးဆယ်ထွက်တော့မယ်။ ဒီတော့ ဘယ့်နှယ်လဲဗျ။ တိုးတက်လာကရော မဟုတ်လား”ဟု ကျွန်တော်သည် စကားရောဖွဲ့နှင့် ပဋိသန္ဓာရပြုမိသည်။
လယ်သမားကြီးသည် ကျွန်တော့်ကို ဘာကောင်မှန်း မသိ၍ စကားဟက်ဟက်ပက်ပက် မပြောပါ။ သို့သော် ကျွန်တော်နှင့် ပါလာသော အဖော်များက ကျွန်တော် ဘာကောင်မျှ မဟုတ်ကြောင်း အမွှမ်းတင်ကြသောအခါ သူ၏မျက်နှာမှာ သူပြောချင်တာတွေကို ပြောချင်ကြောင်း အရိပ်လက္ခဏာပြလာပါသည်။ ထိုအခါ ကျွန်တော်က အုန်းပင်အောက်၌ အုန်းရည်သောက်ဖို့ ပြင်ဆင်နေကြပြီဟု စကားရိပ် ပေးလိုက်၏။ ကျွန်တော်၏ အဖော်များလည်း အုန်းပင်အောက်သို့ သွားကြပါသည်။
လယ်သမားကြီးနှင့် ကျွန်တော် နှစ်ဦးသာ ကျန်ရစ်သောအခါ လယ်သမားကြီးက “အင်း ... ဟုတ်ပါတယ်၊ တိုးတက်တာလဲ တိုးတက်တာပေါ့ ခင်ဗျာ၊ ဒါပေမဲ့ ဘယ်သူဘာပြောပြော ကျုပ်တို့မှာတော့ ဒီသူကြီးနဲ့ ဒီပုလိပ်ကို ကြည့်ပြီး ပေါင်းနေရတာပေါ့ဗျာ” ဟု ဆိုလေသည်။
သူ၏စကားသည် တော်လှန်ရေး၏ အတိမ်အနက်ကို ကျွန်တော့်ဘာသာကျွန်တော် တိုင်းတာကြည့်နိုင်ရန် တိုင်းတာနည်းကို ညွှန်ပြခဲ့သည်ဟု ကျွန်တော်အယူရှိမိပါသည်။
မှန်၏။ ကျွန်တော်တို့သည် တော်လှန်ရေးစကားကို ထည်လဲနှင့် ပြောဆိုနေကြပါ၏။ သို့ သော် လယ်သမားကြီး ပြောစကားအတိုင်းဆိုလျှင် ဗြိတိသျှခေတ်တုန်းကလည်း ဒီသူကြီးနှင့် ဒီပုလိပ်၊ ဂျပန်ခေတ်တုန်းကလည်း ဒီသူကြီးနှင့် ဒီပုလိပ်၊ မြန်မာ့ခေတ်သို့ ရောက်လာပါလျှင်လည်း ဒီသူကြီးနှင့် ဒီပုလိပ်။
လယ်သမားကြီးသည် ရဲဟူသော စကားကိုပင် မသုံးစွဲသည်ကို ကျွန်တော် ဝမ်းနည်းစွာနှင့် သတိပြုမိ၏။ ဘယ်လိုပါလိမ့်။ ကျွန်တော်တို့ တနေရာရာမှာ ဟာနေပြီထင်သည်။
ကျွန်တော်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးဟု ဆိုခဲ့ကြ၏။ ဒေသန္တရ အုပ်ချုပ်ရေးဟု ပြောခဲ့ကြ၏။ ဒီမိုကရေစီဟု ဟစ်အော်ခဲ့ကြ၏။ ဗျူရိုကရေစီ မလိုချင်ဟု ကြွေးကြော်ခဲ့ကြ၏။ သို့သော် လယ်သမားကြီး ပြောပုံက ဘာမျှ မထူးပါကလား။
ဤခေတ်၌ ဗျူရိုကရေစီသည် အဘယ်ကြောင့် ကြီးထွားနေပါသေးသနည်း။ တရံရောအခါကပင်လျှင် ဤဗျူရိုကရေစီ ကြီးထွားမှုကို အကြောင်းပြု၍ တော်လှန်ရေး ခေါင်းဆောင်ပိုင်းကပင်လျှင် သတိပေးခဲ့သေးသည် မဟုတ်လော၊ ဤကိစ္စကို သုတေသနပြုဖို့ကောင်း၏။ ပြည်သူ့ဝန်ထမ်း ကော်မရှင်ဖွဲ့ပြီး မြောက်ဝင်ရိုးစွန်းမှသည် တောင်ဝင်ရိုးစွန်းသို့ ကမ္ဘာ
တပတ်လှည့်၍ စုံစမ်းရေးလုပ်လိုက်ရလျှင် ဗျူရိုကရေစီကြီးထွားပုံ ကြီးထွားနည်းများကို ပို၍ပို၍ သိရှိလာကြပြီး ပို၍ ပို၍ ကြီးထွားလာဦးမည်လော မပြောတတ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးသည် တောင်သူလယ်သမားမျိုးရိုးမှ ဆင်းသက်လာကြသည်ချည်းပင်ဖြစ်၏။ လူဦးရေ တရာလျှင် ၇၅ ယောက်ကျော်ကျော် ၈၀ ခန့်မှာ တောင်သူလယ်သမားချည်းဖြစ်၏။
ဘယ်ခေတ်၌မဆို ပြန်၍ကြည့်လျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြသူများသည် အသဗ္ဘိန္န ခတ္တိယနွယ်လာ မဟာဆီ မဟာသွေးများချည်း မဟုတ်ကြချေ။ မြန်မာဘုရင်တို့၏ လက်ထက်၌ပင်လျှင် တောင်သူလယ်သမား သားမြေးများကို အုပ်ချုပ်ရေးထဲ ဆွဲသွင်းပြီးလျှင် မှုထမ်းရာထမ်း အဖြစ်ဖြင့် အသုံးချခဲ့သည်။
ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်လာသော အခါ၌မူကား မင်းမျိုးမင်းနွယ်တို့ကို ပင်စင်အငြိမ်းစား ပေးပြီးလျှင် ခပ်လှမ်းလှမ်း၌သာထားခဲ့သည်။ သာမန်တောင်သူလယ်သမား သားမြေး အရပ်သူ အရပ်သားတို့ကိုသာ အများဆုံး ပထမရွေးချယ်၍ မင်းမှုထမ်းစေသည်။ ထို့ကြောင့် ယခုခေတ်သူကြီးမှအစ တိုင်းမင်းကြီး၊ အတွင်းဝန် စသည်တို့အထိ ယေဘုယျအားဖြင့် တောင်သူလယ်သမား မျိုးရိုးသာဖြစ်ဘိ၏။ သို့သော် ဗြိတိသျှတို့သည် တောင်သူလယ်သမား သားသမီးများကို မင်းစိတ်ဆိုးစိတ် သွင်းပေးပြီးလျှင် သူဘက်သားပြုလုပ်ခဲ့၏။
များသောအားဖြင့် ဗြိတိသျှအရပ်သူ အရပ်သားတို့သည် မင်းစိတ်စိုးစိတ် ကင်း၏ဟု ဆိုရလိမ့်မည်။ ၎င်းတို့သည် ဒီမိုကရေစီဟူသော အစဉ်အလာကို တည်ဆောက်ခဲ့သူများ ဖြစ်လေရာ အင်္ဂလန်ကျွန်းဝယ် မင်းစိုးရာဇာစိတ် ပေါက်သူများကို ပြက်ရယ်ပြုလေ့ရှိကြသည်။ သို့သော် ဗြိတိသျှတို့၌ ထူးခြားချက်တခု ရှိသည်။ ၎င်းမှာ အုပ်ချုပ်ရေးသဘော၌ ဒီမိုကရေစီဟု ဆိုသော်လည်း ဗြိတိသျှလူမျိုးသည် ဧကရာဇ်ဘုရင်မင်းမြတ် ဟူသောဝါဒကို ယနေ့တိုင် မစွန့်နိုင်သည့်အပြင် ၎င်းကိုပင် လူမျိုးညီညွတ်ရေးအတွက် အထွတ်အမြတ် ပြုနေကြသေးသည့် အချက်ဖြစ်သည်။
ဤသဘောကြောင့်ပေလောမသိ၊ ဗြိတိသျှနိုင်ငံတွင် သာမန် ရိုးရိုး အရပ်သားသည် မြန်မာနိုင်ငံစသော ကိုလိုနီနိုင်ငံများသို့ ရောက်လာလျှင် ကိုလိုနီနိုင်ငံရှိ မင်းစိုးရာဇာစိတ်ကိုပင် အတုယူကာ ၎င်းတို့အတွက် ဘက်တော်သားစုရာ၌လည်း မင်းစိုးရာဇာအဖြစ် သွတ်သွင်း ချီးမြှင့်သောနည်းနှင့် စုကြသည်။ ထို့ကြောင့်လည်း ဗြိတိသျှတို့ ဘုရားထူးကို ကြိုက်သည်မှာ နောင်အစဉ်အဆက် ကျွန်တော်တို့ ပြောစရာဖြစ်ခဲ့သည်။
ဗြိတိသျှတို့သည် ၎င်းတို့ ကိုယ်တိုင်က ဒီမိုကရေစီဟု ပါးစပ်ကပြောပြောပြီး မင်းစိတ်၊ စိုးစိတ်နှင့် အလုပ်လုပ်ခဲ့ကြသည်။ ၎င်း မင်းစိတ်၊ စိုးစိတ်ကိုလည်း တိုင်းရင်းသားတို့ အတုယူဖို့ရာ သညာပေးခဲ့သည်။
ထို့ကြောင့် တောင်သူလယ်သမားဘဝမှနေ မင်းမှုထမ်းဘဝသို့ ရောက်လာသော မြန်မာလူငယ်လူရွယ်တို့သည် ဗြိတိသျှခေတ် အဆက်ဆက်က မင်းစိတ်၊ စိုးစိတ်ဝင်ခဲ့သည်။ ဤမင်းစိုးရာဇာတို့သည် ဗြိတိသျှ ဗျူရိုကရေစီကို သန်မာကြီးထွား ခိုင်မြဲစေခဲ့သည်။ ရိုးရိုးဗျူရိုကရေစီမှာ မထောင်းတာလှ။ ဒီမိုကရေစီထဲသို့ မင်းစိုးရာဇာစိတ် ဝင်လာသောအခါ အတော်ပင်ခွကျသည်။
ဤအထဲတွင် ကိုလိုနီစံနစ် အုပ်ချုပ်နည်း၏ အာသီသမှာ မင်းမျိုး၊ မင်းနွယ်ကို အတုခိုးသော မင်းတုမင်းယောင်တို့က မင်းစိတ်ဆိုးစိတ် ပေါက်နေသော ဗျူရိုကရေစီတရားကို မြှောက်ထိုးပင့်ကော် လုပ်ပေးကြပါစေ ဟူသော အာသီသဖြစ်သည်။
ကိုလိုနီအုပ်ချုပ်ရေး၌ တိုင်းရင်းသားများထံမှ အခွန်ဏ္ဍာငွေကို စရိတ်ကျဉ်းကျဉ်းနှင့် ကောက်ခံရရှိနိုင်ပြီးလျှင် တိုင်းရင်းသားတို့ကို ပြားပြားဝပ်အောင် အုပ်ချုပ်နိုင်ဖို့ဖြစ်လေသည်။
ကိုလိုနီသမားများသည် အုပ်ချုပ်ခြင်းခံရသော တိုင်းရင်းသားတို့ ပညာတတ်သည် မတတ်သည်၊ ကျန်းမာသည်၊ စီးပွားတက်သည် မတက်သည်၊ လူမှု ဆက်ဆံရေး ကောင်းသည် မကောင်းသည်ဟူသော ကိစ္စတို့ကို တရံတဆစ်မျှ တွေးတော မြော်ခေါ်ခြင်းမရှိခဲ့။ အုပ်ချုပ်ခြင်းခံရသူတို့မှာ မည်မျှပင် လူမှုရေး အောက်ကျ နောက်ကျ ရှိပေစေ သူတို့နှင့် လုံးဝမဆိုင်၊ အခွန်တော်နှင့် ငြိမ်ဝပ်ပိပြားရေးရလျှင် တော်လောက်ပြီဟုသာ သဘောထားကြသည်။
ရှေ့နောက်မြော်မြင် တိုင်းထွာတတ်သော ဗြိတိသျှအုပ်ချုပ်ရေး ပညာရှင်တို့က ပညာရှင်ပီသစွာဖြင့် နည်းပေးလမ်းပြလုပ်လျှင် ဗြိတိသျှ ဗျူရိုကရက်တို့သည် ထိုထိုသော ပညာရှင်ကို ဝိုင်း၍ ဖိနှိပ်ကြသည်။ ထို့ကြောင့်လည်း တိုင်းရင်းသားတို့၏ အကျိုးကို ဆောင်ရွက်ခဲ့သူ အနည်းငယ်တို့သည် ၎င်းတို့၏ အိုင်စီအက်စ်ခေါ် ပဋိညာဉ်ခံဝန်ထမ်း၌ ရာထူးသက်တမ်းစေ့အောင် မနေနိုင်ခဲ့ကြချေ။ မတော်တဆ နေနိုင်ပါလျှင်လည်း ရာထူးဌာနန္တရကြီးကြီးကို မရခဲ့ကြချေ။ မတော်တဆ ရာထူးဌာနဖွဲ့ကြီးကြီး ရခဲ့ပါလျှင်လည်း ချောင်ထိုးခြင်းကို ခံကြရရှာသည်။
ထို့ကြောင့် ဗြိတိသျှတို့သည် အုပ်ချုပ်ရေးဦးခေါင်းပိုင်း၌ ဒီမိုကရေစီဟု ပြောခဲ့ကြသော်လည်း အုပ်ချုပ်ရေး၏ နောက်ပိုင်း၌မူကား မင်းတုစိုးယောင်တို့က ဗျူရိုကရေစီ မဏ္ဍိုင်ကြီးကိုသာ ခိုင်မာသည်ထက် ခိုင်မာစွာ အုတ်မြစ်ချနေသည်ကို လက်ပိုက်ကြည့်ခဲ့ကြရသည်။
ကျွန်တော်တို့ လွတ်လပ်ရေး ရလာသောအခါ ဤအခြင်းအရာတို့ကို တော်လှန်နိုင်လိမ့်မည်ဟု မှတ်ထင်ခဲ့ကြသည်။ ဂျပန်ခေတ်က ဘုရားထူးအကျင့်ကို ဖျောက်ရန် အဓိပတိကိုယ်တော်တိုင်က ပညတ်ခဲ့ဖူးသည်။ ထိုကိစ္စမှာ တကယ့်တော်လှန်ရေးကြီးဟု ထင်စရာပင်ဖြစ်၏။ သို့သော် မင်းတုစိုးယောင်စိတ်တို့ကို ပပျောက်အောင်လုပ်သည့်အထဲတွင် အဓိပတိ အရှင်မင်းကြီးဟူ၍လည်းကောင်း၊ ကြင်ယာတော်ဟူ၍လည်းကောင်း၊ အခြောက်တိုက် မြှောက်ပင့်ပေးသည့် ဝေါဟာရတို့သည် ကန့်လန့်ခံခဲ့လေသည်။ ထို့ကြောင့် ဘုရားထူး ပျောက်သွားပြီးနောက် လက်အောက်ငယ်သားက အထက်လူကြီးကို အာခံသော သဘောတရားတို့သာ ထွန်းကားခဲ့လေသည်။
သို့ရာတွင် ကျွန်တော်တို့ လွတ်လပ်ရေးကို တကယ်ရရှိလာသောအခါ ဂျပန်ခေတ်ကရခဲ့သော ဗဟုသုတတို့နှင့် အုပ်ချုပ်ရေး သဘောထားမှန်တို့ကို ပြုပြင်ပြောင်းလဲသော် ရနိုင်ကောင်းပေသည်။ အုပ်ချုပ်ရေးယန္တရားထဲ၌ စိတ်သစ်လူသစ်တို့ကို သွင်းပေးနိုင်လျှင် မင်းတု စိုးယောင်စိတ် အခြေခံသော ဗျူရိုကရေစီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်ပေလိမ့်မည်။ သို့ပါသော်ငြားလည်း အုပ်ချုပ်ရေးစံနစ်ကို တော်လှန်ရန်အတွက် တာဝန်ရှိသော နိုင်ငံရေးခေါင်းဆောင်တို့ ကိုယ်တိုင်က အုပ်ချုပ်ရေးအကြောင်းကို နားလည်ဟန် မတူချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ခေါင်းဆောင်တို့သည် နိုင်ငံရေးလုပ်ငန်းအနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေး စက်ယန္တရားကို တိုက်ဖျက်ရာ၌ ဝိဇ္ဇာဖြစ်ကြသည် မှန်၏။ သို့သော် ၎င်းတို့၌ အုပ်ချုပ်ရေးပညာ ဗဟုသုတ မရှိကြချေ။ ထို့ကြောင့် ဖျက်၍သော်ကား ဖျက်နိုင်ကြပေ၏။ ပြန်လည်ပြုစုရေး လုပ်ငန်း၌ကား ဘာတခုမျှ အကောင်အထည်ပေါ်အောင် မလုပ်နိုင်ကြချေ။ အထူးသဖြင့် ၎င်းတို့က ဦးစီးခေါင်းဆောင် ပြုနေသော်လည်း ၎င်းတို့သည် သူတို့၏ လက်အောက်ငယ်သားလောက်မှ အုပ်ချုပ်ရေး နည်းနိသျ၊ စီမံခန့်ခွဲရေး နည်းနိသျ၊ စည်းရုံးရေးနည်းနိသျှတို့ကို နားမလည်ကြချေ။
ဤသည်လျှင်ပင် ဗျူရိုကရက်တို့၏ အကွက်ကောင်း ဖြစ်သည်။ ဗျူရိုကရက်တို့သည် မိမိတို့လောက်မှ နားမလည်သော အထက်လူကြီးကို မောင်မောင်ဘာလုပ်၍ နားလှည့်ပါးလှည့် အုပ်ချုပ်လာကြသည်။ နောက်လိုက်ငယ်သားတို့က ခေါင်းဆောင်တို့ကို လူလည်လုပ်လာကြသည်။ ခေါင်းဆောင်တို့သည် တခါတရံ လွန်စွာ ခံပြင်းသောကြောင့် ဗျူရိုကရက် ဘာဖြစ်သည်၊ ညာဖြစ်သည်ဟုဆို၍ စင်မြင့်ပေါ်မှနေပြီး ရေရွတ်ကြသည်။
ဗျူရိုကရက် မင်းတုစိုးယောင်တို့ကား နိုင်ငံ့ခေါင်းဆောင်ကြီးများက ယင်းသို့ရေရွတ်လေလေ၊ ဝမ်းထဲ၌ ကျိတ်ပြီးရယ်လေလေဖြစ်သည်။
ငယ်စဉ်က ကျွန်တော်၏ အဘ စာသင်ဦးလူကလေးပြောသည်ကို ကျွန်တော် အမြဲအမှတ်ရမိသည်။
“ဥပဒေတွေ တိုးချင်တိုးစေဟ၊ ဥပဒေတိုးသမျှ ငါတို့ ပုလိပ် စားပေါက်ချည်းပဲ”
အဘသည် ကွမ်းများကို ပလုတ်ပြည့်ပလောင်းပြည့်ဝါးရင်း ထိုကဲ့သို့ ပြောခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော့်မှာ နှပ်ချေးမျှမစင်သေးသော ကလေးအရွယ်ဖြစ်ရာ ထိုစကားကို အနက်မထင်နိုင်ပါ။ ခေတ်ပြောင်းခေတ်လဲအမျိုးမျိုး၌ ဥပဒေတိုးတာတွေကို ကိုယ်တွေ့ကြုံတော့မှ “အဘပြောတာ ဟုတ်တယ်”ဟု စိတ်ထဲက ပြောမိပါတော့သည်။
လူတွေက ဗျူရိုကရေစီစံနစ်ကို တိုက်ဖျက်ပစ်ဟု ဆိုကြသည်။ သို့သော် တိုက်ဖျက်နေသည်ဟု ဆိုသူတို့ကား မင်းတုစိုးယောင် ဗျူရိုကရေစီတို့ထံမှ ဓာတ်ကူးလာကြသည်။
ယခင်က နိုင်ငံရေးခေါင်းဆောင်လုပ်ပြီး လွတ်လပ်ရေးရလာသောအခါ အရာရှိအရာခံဖြစ်လာသူတို့သည် ဘောင်းဘီဝတ်တတ်လာကြသည်။ နက္ကတိုင်ကိုလည်း စည်းတတ်လာကြသည်။ ကလပ်ကိုလည်း တက်တတ်လာကြသည်။ ဘိလိယက်ကိုလည်း ထိုးတတ်လာကြသည်။ ဂေါ့(ဖ်)ကိုလည်း ရိုက်တတ်လာကြသည်။ သို့သော် အုပ်ချုပ်ရေး ယန္တရားကြီး၌ ဘယ်ဝက်အူချောင်၍ ဘယ်စပရိန်ကို လဲပေးပြီးလျှင် ဘယ်ဆီကို ထည့်ပေးရမည်မသိ။ မိမိကိုယ်တိုင် ချောင်နေသော ဝက်အူဖြစ်လာကြလေသည်။ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးဆိုသည့်အရာတို့မှာ လူထုကို သက်သက် ပြောင်လှောင် ပြက်ရယ်ပြု၍ စော်ကားနေသောအရာများနှင့် တူလာလေသည်။
ယခုကျွန်တော်တို့၏ အုပ်ချုပ်ရေးစနစ်သည် လူထုစီးပွားရေး တိုးတက်မှုနှင့် လူထုလူမှုရေးဖွံ့ဖြိုးမှုတို့ကို မူတည်ရမည့် အုပ်ချုပ်ရေးမျိုး ဖြစ်လာခဲ့ပြီ။ ဤကဲ့သို့သော အုပ်ချုပ်ရေးမျိုးအတွက် ကျွန်တော်တို့သည် အခွန်တော် ဥပဒေ၊ ငွေတိုက် ဥပဒေ၊ ရာဇဝတ်ကြောင်း ဥပဒေ၊ တရားမကြောင်း ဥပဒေ စသည့်တို့၌ ဗဟုသုတကြွယ်ဝရုံနှင့် မပြီးချေ။ ကျွန်တော်တို့၏ အုပ်ချုပ်ရေးသမားများသည် ဖွဲ့စည်းမှု၊ စီမံမှုနည်းနိသျှတို့တွင် ကျွမ်းကျင်ရမည်။ ဘောဂဗေဒအခြေခံတို့ကို တတ်သိနားလည်ရမည်။ မနုဿဗေဒကို အနည်းငယ်ခေါက်မိ၍ လူ့ဘောင်အဖွဲ့အစည်းအကြောင်း၊ လူ့ယဉ်ကျေးမှုအကြောင်း၊ အနုသုခုမ ပညာအကြောင်း၊ လူမှုဆက်ဆံရေးအကြောင်း စသည်တို့ကို အနည်းအကျဉ်းမျှဖြစ်ဖြစ် သဘောပေါက်ကြရမည်။ ထို့ပြင် နိုင်ငံဟု ဖွဲ့စည်းပုံဖွဲ့ စည်းနည်း၊ အုပ်ချုပ်ရေးဟု စည်းမျဉ်းချပုံ ချနည်းတို့ကိုလည်း တတ်ကျွမ်းကြရမည်ဖြစ်သည်။ တဖက်၌ အုပ်ချုပ်ရေးပညာမှာ ကျယ်ဝန်းလာသည်။ အခြားတဖက်၌မူကား အုပ်ချုပ်ရေးဆိုသည်မှာ သူကြီး၊ ရဲ၊ မြို့အုပ်၊ မြို့ချုပ်တို့က စိတ်ကူးတည့်ရာ အမိန့်ပေးလျှင် အုပ်ချုပ်ရေးဖြစ်လာသည်ဟု ထင်နေကြသည်။
ဤအထဲတွင် ယခုခေတ်မြို့ပြ အုပ်ချုပ်ရေးဆိုသည်မှာ ရှေးခေတ်ကထက်ပို၍ သိမ်မွေ့သော သဘောရှိလာသည်။ မြို့ပြအုပ်ချုပ်ရေးမှာ အရပ်သားက အရပ်သားကို ဥပဒေဖြင့် အုပ်ချုပ်သော နည်းဖြစ်သည်။ မြို့ပြအုပ်ချုပ်ရေး၏ အောင်မြင်မှုမှာ ခြောက်လုံးပြူးကို ခါးမှာမထိုးဘဲ ဥပဒေစည်းမျဉ်းအတိုင်း အာဏာတည်အောင် လုပ်ဆောင်ခြင်းအပေါ်၌ တည်သည်။
ယင်းကဲ့သို့ လုပ်ဆောင်ရာ၌ အစစအရာရာတွင် အုပ်ချုပ်ခြင်းခံရသူ လူထု၏ သဘောတူညီချက်ကို ရနိုင်မှသာ ချောချောမွေ့မွေ့ ဖြစ်နိုင်သည်။ လူထု၏ သဘောတူညီချက်ရရန်မှာ လူထုက သိရှိနားလည် သဘောပေါက်နိုင်မှသာ ရနိုင်မည်။ ထို့ကြောင့်လည်း ယခုခေတ် အုပ်ချုပ်ရေး ပညာရှင်တို့သည် ပြည်သူ့ဆက်ဆံရေး သဘောတရားများကို အလေးဂရုပြုလာခြင်းပင်ဖြစ်သည်။
ယခု ဗျူရိုကရေစီစနစ်ကို တိုက်ဖျက်ရာ၌ ပထမအဓိကဖြစ်သော မင်းတုစိုးယောင် စိတ်တို့ကို တော်လှန်နိုင်မှသာ နောက်တဆင့် ဗျူရိုကရေစီကို ပယ်ဖျက်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ဗျူရိုကရေစီဝါဒ အစရှိသော ဝါဒရေးရာ တိုက်ပွဲတို့တွင် အရေးအကြီးဆုံးမှာ တိုက်ပွဲဝင်သူတို့ ကိုယ်တိုင် ဗျူရိုကရက် ဖြစ်မသွားဖို့ အရေးကြီးသည် ဝါဒတိုက်ပွဲတို့တွင် ရန်သူကိုတိုက်ရင်း မတ်တတ်နှင့် မိမိပါ ရန်သူ၏ အသိုင်းအဝိုင်းထဲသို့ ရောက်သွားတတ်သော လောကဓမ္မတာကို ကျွန်တော်တို့သည် အမြဲတစေ ဆင်ခြင်နိုင်မှသာ တော်ရုံကျချိမ့်မည်။ ။ (မောင်ထင်)
မြဝတီမဂ္ဂဇင်း၊ အတွဲ ၁၀၊ အမှတ် ၁၃၊ နိုဝင်ဘာ၊၁၉၆၂။
စာကို သူများတွေလို မှားအောင်မပြင်ဘဲ မူရင်းအတိုင်းတင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment