Skip to main content

❝မြို့ပိုင်မောင်ပြုံးချို တို့ကျေးရွာ❞

(မန်းတင်)

မြို့ပိုင် မောင်ပြုံးချိုသည် မစလရွာသို့ အခွန်တော် ကောက်ခံရင်း ရောက်လာလေသည်။ မစလရွာသည် တို့မြန်မာနိုင်ငံတဝန်းရှိ အခြား အခြားသော တောရွာများကဲ့သို့ပင် တို့မြန်မာ့လယ်သမားတွေနှင့် ပြည့်နှက်လျက်ရှိသည်။

ရွာတွင်းသို့ ဝင်သွားလျှင် ခနော်နီခနော်နဲ့ လေတိုက်လျှင် အဆောင်လိုက် ယိုင်လဲတော့မည့် တဲအိမ်ငယ်အသီးသီးမှ ညည်းသံ အမျိုးမျိုးကို နားသောတ ပန်ဆင်ရလေသည်။ 

“ဟီ ဟီ ဟီ”

“အမယ်လေးရှင့်” 

“အမယ်လေးတော့”

“ဟဲ ဟဲ ဟဲ”

“အမယ်လေးဗျ” 

မြို့ပိုင်သည် မျက်လုံးပြူးသွားလေသည်။

“သူကြီးမင်းရဲ့၊ ဘယ့်နှယ် အသံတွေလဲ” 

သူ့နောက်ကပါလာသော သူကြီးမင်းကို ပုစ္ဆာထုတ်လိုက်လေသည်။

“ဖျားကြတယ် ဘုရာ့၊ ဖျားကြတယ်။ ဆေးလည်းမရှိဘူး။ ဆေးရုံ သွားတောင်းလည်း မရဘူး။ အရင်တုန်းကလို အရှင်ဘုရားတို့ကလည်း ကွီနိုင်မပေးတော့ ညည်းညည်းညူညူနဲ့ပဲ ခံနေကြရတော့တာပဲ”

မြို့ပိုင်သည် စကားမပြောတော့ချေ။ ဆက်လက်၍ ကြွလှမ်းတော်မူပြန်၏။ ဗိုက်ပူနံကားနှင့် တကိုယ်လုံး ဝဲတွေဖုံးနေသည့် ကလေးတွေကို တွေ့ရလေသည်။ သူတို့သည် ပြေးလိုက်လွှားလိုက်နှင့် ကစားနေကြသည်။

“အခု ကျောက်ထိုးဆရာလည်း မလာဘူး ဘုရား။ ဒီရွာမှာ ကျောက်ပေါက်လို့သေတာ ဒီလမယ် လေးငါးယောက် ရှိသွားပြီ”

သူကြီးက သူ့မြို့ပိုင်အား အားကိုးကြီးတခုနှင့် လျှောက်ထားပြန်လေ၏။

“ကျောက်ရည် မရှိဘူးဗျ”ဟု မြို့ပိုင်က ဖြေလိုက်ရာ သူကြီး စကားပြော တိတ်သွားလေ၏။ 

သို့နှင့် ခပ်လှမ်းလှမ်းမှ ညနေခင်း လက်ပံပင်ပေါ်တွင် ဆက်ရက်အုပ် ကျလာသကဲ့သို့ ဆူညံသံတွေကို ကြားရပြန်လေသည်။

“သူကြီးမင်းရဲ့၊ ရှေ့ကဟာက စာသင်ကျောင်းလား” 

မြို့ပိုင်၏အမေးကို သူကြီးက “မှန်ပါ့ဘုရား”ဟု ဖြေလေသည်။ 

“ကျောင်းသား ဘယ်နှယောက်ရှိသလဲ” 

“သုံးဆယ်လောက် ရှိပါတယ်” 

“ကျောင်းလခ ဘယ်လောက်လဲ”

“ဒီဆရာကတော့ ပေးသလောက် ယူတာပါပဲ။ တချို့လဲ တလ စပါးတခွဲ ပေးတယ်။ တချို့ကလဲ တမတ်၊ တချို့ကလဲ စပါး ပေါ်ချိန်မှ ငါးတင်းပေးမယ်လို့ ကတိထားပါတယ်။ ဆရာ့ကိုတော့ ကျောင်းသားတွေအိမ်က တလှည့်စီ ထမင်းကျွေးရပါတယ်” 

“ကျောင်းဆရာက ဘယ်နှတန်းအောင်သလဲ” 

“ဘယ်နှတန်းအောင်မှန်းတော့ မသိပါဘူး။ မီးရထားလမ်းက အတော် တောင်းတောင်းပန်ပန်နဲ့ ခေါ်ခဲ့ရပါတယ်"

မြို့ပိုင်သည် ဆရာ၏စေတနာကို ချီးမွမ်းရင်း ကျောင်းနားသို့ ရောက်လာလေ၏။ 

ကျောင်းကို ကြည့်ပါဦး။ သက်ငယ်မိုးကလေးကလည်း မလုံတလုံ၊ အကာအရံ မရှိ။ ကြမ်းခင်းထားသည်ကလည်း ကျိုးတိုးကျဲတဲ့။ ထိုခမ်းနားလှသော အဆောက်အအုံအတွင်းဝယ် အသက် ၆ နှစ်မှ ၁၂ နှစ်ခန့် အရွယ်ရှိ ယောက်ျားကလေး၊ မိန်းကလေးတို့သည် ကျွက်ကျွက်ညံအောင် စာအံလျက် ရှိကြကုန်၏။ အသံတွေကလည်း အမျိုးစုံပါဘိ။ 

အချို့ကျောင်းသားတို့ရှေ့တွင် ကျောက်သင်ပုန်းကွဲ။ အချို့ကျောင်းသားရှေ့တွင် စာအုပ်စုတ်။ အချို့  နှစ်ယောက် သုံးယောက်ပေါင်း၍ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက်ရှိသည်။

ဆရာသူမြတ်ကား သင်ဖြူးတချပ်ကို ခင်းကာ စာအုပ်ထူထူကြီးတခုကို ခေါင်းအုံး၍ လဲလျောင်းလျက်ရှိသည်။ သူသည် တဖက်သို့စောင်းနေ၍ မောင်ပြုံးချိုတို့လူသိုက်ကို မြင်ဟန်မတူ။ သူ့ခေါင်းနားတွင် ၁၀ နှစ်အရွယ် လူငယ်တယောက်ထိုင်ကာ ဆံပင်ကို ဖြဲလျက်ရှိသည်။

အလို ဘာလုပ်နေပါလိမ့်။ သေသေချာချာ ကြည့်စမ်းပါဦး။ ဆံပင်အဖြူ နုတ်ပေးနေပါသည်။

မောင်ပြုံးချိုတို့ စကားပြောသံကြောင့် ဇိမ်ပျက်သွားလေပြီ။ နေရာမှ ထ၍ ခရီးဦးကြိုပြုလေသည်။ သူသည် ဆင်းဆင်းရဲရဲနှင့် ကလေးတို့၏ပညာရေးကို မျှော်ကိုး၍ ဤရွာသို့ လာနေရကြောင်းကို ပြောပြီးသည့်အဆုံး၌ အစိုးရဆိုင်မှ အထည်အဝတ်များ ဝယ်ခွင့်ပြုရန် မြို့ပိုင်အား တောင်းပန်လေ၏။ မြို့ပိုင်က သူ့ဆန္ဒကို ဖြည့်လိုက်ပြီးသော်“ဆရာရဲ့ ကလေးတွေကို အတွက်အချက်ကလေးလည်း သင်ပေးဦးမှပေါ့”ဟု ဆို၏။ .

“သင်ပါမယ်”ဟု ဝန်ခံလိုက်လေသည်။

မြို့ပိုင်သည် ထိုကျောင်းမှထွက်လာစဉ် ဆရာသူမြတ်က သူ့ကျောင်းသားတွေကို အာလုပ်သံကြီးနှင့် ဂဏန်းသင်္ချာသင်နေသည်ကို ကြားခဲ့ရလေ၏။“ဆင်တကောင်ကို တပဲပေးရသော် တမတ်နဲ့ နှစ်ပြားဖိုး ဝယ်ရင် ဘယ်နှကောင်ရမည်နည်း”တဲ့။

ဆက်လက်၍ လျှောက်သွားပြန်သည်။ 

“ရွေးကောက်ပွဲ လုပ်တော့မယ်ထင်တယ်။ မဲစာရင်းတွေ ကောက်ကုန်ပြီ"

သူကြီးနှင့်ပါလာသော ဆယ်အိမ်ခေါင်းက မြို့ပိုင်အား တောက်ကြည့်လိုက်လေသည်။

“အင်း ရှေ့တန်ခူးလလောက်မယ် လုပ်ဖြစ်လိမ့်မယ် ထင်တယ်”ဟု မြို့ပိုင်က ဖြေပြီးလျှင် “ဒီနယ်မှာ ဘယ်ပါတီက လူတွေ များသလဲ”ဟု ပြန်မေးလိုက်လေ၏။

“ဟာ ဒီနယ်မှာတော့ အ သ ပ တ များတယ်ဘုရား”ဟု ဆယ်အိမ်ခေါင်းက ရုတ်တရက် ဖြေ၏။ 

“ဘယ့်နှယ် အ သ ပ တ လဲဗျ။ ဖ ဆ ပ လ ပါ”

“မဟုတ်ဘူး ဘုရာ့။ အ သ ပ တဆိုတာ အသောက်ပါတီ။ ဒီရွာမှာတော့ အသောက်သမားတွေ သိပ်ပေါတာပေါ့။ နိုင်ငံရေးတော့ ကျွန်တော်မျိုးတို့တော့ ယောင်နေတာပဲ။ တော်တော်ကြာ လယ်သမားအစည်းအရုံး၊ တော်တော်ကြာ သမဂ္ဂ၊ တော်တော်ကြာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဘာတွေမှန်းလဲ မသိပါဘူး”

“ဟေ့ တို့တော့ ပိုက်ဆံများများပေးတဲ့လူ ထည့်မှာပဲ” 

အခြားတယောက်က ဝင်၍ ထောက်လိုက်ပြန်၏။

“အေး ဒါကြောင့် တို့မြန်မာတွေ ခက်တာ။ မဲရဲ့ တန်ဖိုးကို မသိကြဘူး”

“သိတာပေါ့ကွ၊ တမဲကို နှစ်ကျပ်က အရေးကြီး ကြီးသလို ငါးကျပ်၊ ခြောက်ကျပ်၊ တဆယ်အထိ ရှိတယ်”

“မင်းတို့လိုလူတွေကြောင့် ခက်တာ” 

“အမယ် ကြီးကြီးကျယ်ကျယ် မင်းကကော ဘာသိလို့လဲ” 

“ငါသိတယ်၊ မင်းတို့လို မသိတဲ့သူတွေကို ငါက အများကြီးသင်ပြချင်တယ်”

“အမယ် လာ လာချီသေး။ ငုံးမင်းဘဝနဲ့ ရောင်ခြည်တော် မလွှတ်ချင်စမ်းပါနဲ့ မောင်ရဲ့ ” 

သူတို့နှစ်ယောက် စကားများနေကြသည်။

* * * 

မောင်ပြုံးချိုသည် ရွာထဲတွင် လမ်းသလားလျက်ရှိစဉ် မကြားဝံ့ မနာသာ ဆဲသံ ဆိုသံများကိုလည်း နားသောတ ပန်ဆင်ရလေသည်။ ခုနစ်အိမ်ကျော် ရှစ်အိမ်ကြား၊ အမေ နှမ၊ အဖေ၊ မောင်၊ ယောက်ဖ မကျန် အော်ဟစ် တိုင်းထွာလျက် “လ”အက္ခရာ၊ စ'အက္ခရာများကို ရေလဲနှင့် သုံးနေကြလေသည်။ 

မိန်းမနှစ်ဦး ရန်ပွဲဆင်နေသည်ကို ပထမ တွေ့ရလေသည်။ သူတို့သည် ငါးကြော်ရာမှ ထ၍ ရန်ဖြစ်ကြသည်။ တဦးက ငါးကြော်၏။ အခြားတဦးက သူ့ကလေး နေမကောင်းနေစဉ် ညှော်လုပ်ရပါမည်လောဟု ထ၍ဆူ၏။ ဆူရာမှ ဆဲကြသည်။ ဆဲရာမှ နပန်းလုံးကြလေသည်။ နပန်းလုံးရာမှာ သဲသဲမဲမဲ ရှိလှသဖြင့် ခါးဝတ်ပင် မကပ်ကြတော့ဟု ဆိုသည်။

မောင်ပြုံးချို့တို့ကား ထိုနပန်းပွဲကြီးကို မမြင်လိုက်ရတော့ချေ။ ပြီးစ ဖြစ်သည်။ ကျွက်စီကျွက်စီနှင့်သာ စကားပြောနေကြလေသည်။ မောင်ပြုံးချိုတို့ ထိုနေရာ ရောက်သောအခါ လူတယောက်သည် မောကြီးပန်းကြီးနှင့် ပြေးလာလေသည်။

“ဘယ့်နှယ်လဲ ဘယ့်နှယ်လဲ ပြီးသွားပလား” 

ထိုသူက အရေးတကြီး မေး၏။ 

“ပြီးသွားပါပြီ” 

အနားကလူများက အေးအေးပြောလေသည်။ 

“အမယ်လေးဗျာ”ဟု ထိုသူက ညည်းညူ၏။ 

“ခင်ဗျားက ဘာလုပ်ဦးမလို့လဲ”

“ဪ မိန်းမတွေ အဝတ်မကပ်ဘူးဆိုလို့ ကြည့်မလို့” 

ပြေးလာသူက စိတ်ပျက်ပျက်နှင့် ဖြေလေသည်။

* * * 

ရွာထဲတွင် တခုသောနေရာ၌ သပိတ်ပိုက်ကာ ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ရလေသည်။ မြို့ပိုင်နောက်က ပါလာသော သူကြီးနှင့်တကွ လူကြီးအပေါင်းတို့သည် လမ်းဘေးသို့ဆင်း၍ ပြားပြားဝပ်ကာ ရှိခိုးကြကုန်ရာ မြို့ပိုင်လည်း ထိုကိုယ်တော်အား လက်အုပ်မိုး၍ ရှိခိုးရလေတော့သည်။ ဘုန်းတော်ကြီးသည် မောင်ပြုံးချို့တို့၏ ရှိခိုးခြင်းကို ခံယူတော်မူလျက် ရပ်တန့်တော်မူလေသည်။

“ဒကာကြီးက ဘယ်သူတုံး” 

ဘုန်းတော်ကြီးက မေး၏။ 

“မြို့ပိုင်ပါဘုရား” 

သူကြီးက လျှောက်လေသည်။

“ဪ ...ဪ... အခုမှတွေ့ရ ဝမ်းသာပါတယ်ဗျာ။ ဒကာကြီးတို့ ရာရှင်ဆိုင်က သင်္ကန်းတစုံလောက် မရနိုင်ဘူးလား”

“မှန်ပါ၊ သင်္ကန်းစ တကိုက်ကို တကျပ်နဲ့ ရနိုင်ပါတယ် ဘုရား”

“ရောင်းတာ သိပါတယ်၊ လှူစမ်းပါလို့ ပြောနေတာပဲ။ ဒကာကြီး မြို့ပိုင်ပဲ လှူနိုင်တာပေါ့။ ရော့ ရော့ ကျုပ်လက်ဖွဲ့ ကလေးလည်း ဒကာကြီး ဆောင်ထားဖို့ ပေးရဦးမယ်” 

ဘုန်းတော်ကြီးသည် ကြိုးနီနှင့် သီထားသော လက်ဖွဲ့ ကလေးကို မြို့ပိုင်အား ပေးလိုက်လေသည်။

“အဲဒါ သိပ်ပီယကောင်းတယ်၊ ပြီးတော့ မြွေဆေးလည်း ကျုပ်ဆီမှာ ရှိတယ်။ ကျောင်း လျှောက်ခဲ့ဦးလေ”

ဘုန်းတော်ကြီးလည်း ကြွသွားလေ၏။ 

“သူကြီးမင်း ဒီဘုန်းကြီးက ဘယ်ကလဲ”

“ကျွန်တော်မျိုးတို့ရွာဦးကျောင်းကလေ၊ ကျောင်းမယ် ဘုန်းကြီး မမြဲလွန်းလို့ တခြားနယ်က သွားပင့်ထားရတယ်။ ဒီကိုယ်တော်က အတော်တော်ပါပေတယ်။ ဆေးလည်း သိပ်စွမ်းတာပဲ။ ပယောဂလည်း နိုင်တယ်။ ဗိေန္ဒာ နိုင်တယ်။ မြို့အုပ်မင်းလာရင် သူ့ကျောင်း ခေါ်ခဲ့စမ်းပါလို့ မကြာမကြာ ပြောနေတာပေါ့။ ဟိုအရင်ပြောင်းသွားတဲ့ သစ်တော ဝန်ထောက်ကြီးနဲ့ဆို သိပ်ခင်တာပေါ့။ လာရင် သူ့ကျောင်းမှာပဲ တည်းတာပဲ။ သူ့ကျောင်းမယ် အစုံရတယ်။ ဘဲဥ၊ ကြက်ဥ ဟာ... စုံလို့၊ ဘာမဆို ရတယ်။ အတော် လာဘ်သပ်ပကာရွှင်တဲ့ ကိုယ်တော်ပေါ့ ”

သို့နှင့် သူကြီးအိမ်သို့ ရောက်လာကြလေ၏။ သူကြီးမင်း အိမ်သားတစုတို့သည် မြို့အုပ်မင်း ကြွလာလျှင် ထိုင်ရန် ပက်လက်ကုလားထိုင်ကြီးပေါ်တွင် ကော်ဇောကြီးကို ခင်းထားလေသည်။ ရှေ့မှ စားပွဲပေါ်တွင် မြို့အုပ်မင်း အဆာပြေသုံးဆောင်ရန် ဘဲဥကြော်နှင့် လက်ဖက်ရည်ပွဲ ချလာသည်။ မြို့အုပ်မင်းသည် ခင်းထားသောနေရာ၌ ထိုင်မိလတ်သော် သူကြီးမင်းအား ဤသို့ ဆို၏။

“သူကြီးမင်းရဲ့ ဖွားသေ ဖွားရှင် စာရင်းတို့ ဒဏ်စာရင်းတို့ ယူခဲ့ပါ”

“မရှိပါဘုရား၊ ဒီစာအုပ်တွေ တခုမှ မရှိပါ၊ ဂျပန်ခေတ်ထဲက ကုန်ပါပြီ။ နောက်ထပ်လည်း မရပါ”

“ဒါဖြင့် သေတာ မွေးတာ ဘာမှမသိဘူးပေါ့” 

“မသိပါ၊ အမှတ်အသားလည်း မရှိပါ" 

“သူကြီးမင်း ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ”

“ဟေ့ ဘစောရေ၊ ဘယ်လောက်လဲကွဲ့”

ဆယ်အိမ်ခေါင်းကို လှည့်၍ မေးသည်။

“နှစ်ရာ ထင်ပါရဲ့”ဟု ဆယ်အိမ်ခေါင်းက ဖြေ၏။ 

“လူဦးရေ ဘယ်လောက်ရှိသလဲ” 

မြို့ပိုင်က မေးပြန်သည်။ 

“ဒါတော့ မွေးတဲ့လူ မွေး၊ သေတဲ့လူ သေနဲ့ ဘယ်သိမလဲ ဘုရား”

မြို့ပိုင်မောင်ပြုံးချို 

“ဪ မှန်းခြေပေါ့ဗျာ” 

“ရှစ်ရာလောက် ရှိပါတယ်” 

“သူကြီးမင်း ရွာမှာ ခိုးမှုတိုက်မှု ဖြစ်သေးသလား” 

“နွေတုန်းက ဓားပြမှုတမှုနဲ့ လူသတ်မှုဖြစ်ပါတယ်” 

“တရားခံ မိရဲ့ လား”

“မမိဘူးဘုရား၊ ပုလိပ်ကတော့ မသင်္ကာတဲ့လူ ဖမ်းတာပဲ။ သို့ပေမယ့် သက်သေမရလို့ လွှတ်လိုက်ပြီ”

“မသင်္ကာတဲ့လူ၊ ခြေမငြိမ်တဲ့လူတွေကို တရာ့ကိုး တရာ့တဆယ် လုပ်ရမယ်”

“အမယ် မလုပ်ရဲဘူးဘုရား၊ သူတို့ လွတ်လာရင် ခေါင်းစမ်း အိပ်နေရမှာ”

မြို့ပိုင် မောင်ပြုံးချို လေဖောင်းနေစဉ် ထမင်းပွဲ လာချလေသည်။ မြို့ပိုင်သည် စကားဖြတ်၍ လတ်ဆတ်သော သူကြီးမင်း၏ခြံပေါက် ကြက်သားဟင်းနှင့် ပွဲတော်တည်နေလေ၏။ အနားတွင် သူကြီးမင်း၊ ဆယ်အိမ်ခေါင်းမင်း၊ ရွာဆော်မင်း၊ ကော်မတီလူကြီးမင်း အစရှိသော မင်းအပေါင်း ခြံရံလျက် ရှိလေသည်။ သူတို့သည် ကွမ်းစားကာ၊ လက်ဖက်ရည်သောက်ကာနှင့်ဟောင်ဖွာဟောင်ဖွာ လုပ်နေကြလေသည်။ ဆေးငုံထားသူ လူကြီးသုံးယောက်မှာကား တဖျစ်ဖျစ်နှင့် တံတွေးကို လှပစွာ မကြာခဏ ထွေးလျက်ရှိကြရာ မြို့ပိုင်လည်း ထမင်းကိုသာ မြိန်မြိန်ရှက်ရှက်ကြီး လွေးနေလေသည်။

ထမင်းသုံးဆောင်ပြီးသော် မြို့ပိုင်မောင်ပြုံးချိုသည် လူကြီးတွေနှင့် စကားဖောင်ပြန်လေသည်။ အတော်ကြာ စကားပြောမိသောအခါ ဝမ်းဗိုက်ကို နှိပ်လေ၏။

“သူကြီးမင်း အိမ်သာ ဘယ်မလဲ”ဟု မေး၍ နေရာမှ ထလေ၏။ 

သူကြီးနှင့် ဆယ်အိမ်ခေါင်းက လိုက်ပို့လေသည်။ အိမ်သာကား တံခါးမရှိ။ အကာအရံကလည်း ဟာလာဟင်း ဖြစ်နေလေသည်။

“သူကြီးမင်းရဲ့ အိမ်သာ တက်လို့ဘယ်ဖြစ်ပါ့မလဲ၊ လူလာရင် ဘယ့်နှယ်လုပ်မလဲ”

“လူ မလာအောင် အိမ်သာထဲက သီချင်းဆိုနေရပါတယ် ဘုရား”

“ဟာ မဖြစ်ပါဘူး၊ တခြားအိမ်သာ ပြပါ။ ကျုပ် ပါချင်လှပြီ” 

“တခြားအိမ်သာ မရှိပါဘူး၊ တရွာလုံးမှ ဒီတလုံးပဲ ရှိပါတယ်”

မြို့ပိုင်သည် သူကြီးအား ကြိမ်းမောင်းကာ ရွာပြင်ဘက်သို့ ထွက်ပြေးလေသတည်း။

(မန်းတင်)

3 Incredible Days In a Burmese Village - Janine's Journeys

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ