Skip to main content

Karen New Year ကညီနံၣ်ထီၣ်သီ




Mon, Dec 30, 2024 ကရင်နှစ်သစ်ကူးနေ့

ကရင်နှစ်သစ်ကူးပို့စ်တွေ တွေ့တယ်။ ပြက္ခဒိန်တွေက အတော်အဆင်မပြေပါ။ တိုင်းရင်းသားလူမျိုးစုနေ့တွေ မစုံ။ တရုပ်နဲ့ ဟိန္ဒူနေ့တွေတော့ပါတယ်။ ဗုဒ္ဓဘာသာရေးနေ့တွေကလည်း အရင်ကမကြားဖူးတဲ့နေ့သစ်တွေပါနေတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက မုံရွာမြို့မှာ အိမ်နီးချင်း ယောသူ ဒေါ်ချစ်ရဲ့ ခင်ပွန်းက ကရင်လူမျိုး ဆင်ဦးစီးလို့ သိခဲ့တယ်။ သူတို့ဆီကနေ ကစွန်းရွက်ကို အစိမ်းစားတဲ့အကျင့်ရလာတယ်။ သူ့သားသမီးတွေနဲ့လည်း သူငယ်ချင်းတွေ။

ငယ်ငယ်ကပါလဲ ကရင်သူပုန်အကြောင်းတွေ၊ အင်းစိန်တိုက်ပွဲအကြောင်းတွေ ဖတ်ဖူးထားတယ်။ နိုင်ငံရေးရောက်မှ တကယ့်ကရင်တောထဲ ရောက်ပါတယ်။ မာနယ်ပလောကို သုံးခေါက်ရောက်တယ်။ မျှစ်စိမ်း လတ်လတ်ဆတ်ဆတ် စားရတာ တသက်မှာ ပဌမဆုံး။ တာလဘောဟင်းလည်း အဲဒီရောက်မှသာ စားဖူးတယ်။ 

ကရင်ဒုက္ခသည်စခန်းတွေကိုလည်း ရောက်ပါတယ်။ မာနယ်ပလော ကျသွားတော့လည်း တခြားကရင့်နယ်မြေတွေကို ရောက်တယ်။ ဟိုတနေ့ကတင်တဲ့ ပို့စ်ထဲက စွပ်ကျယ်အင်္ကျီနဲ့ပုံဟာ ကရင်နယ်မြေတခုမှာ ကရင်ရေချိုးပြီစမှာ ရိုက်ထားတယ်။

ကရင်တောတွင်းနဲ့ နယ်စပ်ဆေးရုံတွေမှာ လူနာတွေကို ခွဲစိတ်ကုသပေးခဲ့ဖူးတယ်။ ကရင်တွေမှာဖြစ်တဲ့ရောဂါတွေက ဗမာတွေမှာဖြစ်တာနဲ့ အတူတူ။ သွေးအရောင်လည်း အတူတူဆိုတာ ဆရာဝန်ကျွန်တော်က ပိုသိတယ်။

ပုံ (၁) ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာနဲ့သွားတွေ့စဉ်က ကရင်ဒုက္ခသည် လူနာတွေကို ဆေးဝါးကုသပေးခဲ့ပုံ။

ပုံ (၂) ကရင့်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တောစခန်းတခုမှာ NLD/LA ဗဟိုကော်မတီအစည်းအဝေးတက်စဉ်က၊ ခုနှစ် မမှတ်မိပါ။

ပုံ (၃) ၁၉၉၃ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်ကို အကြိမ်ပေါင်းများစွာ သွားလာခဲ့ရတယ်။ ၁၉၉၅ ခုနှစ်အထိ ထိုင်းနယ်စပ်သွားတိုင်း မာနယ်ပလောကို ရောက်ပါတယ်။ မာနယ်ပလောမကျခင်အထိ ၃ ကြိမ်။ သောင်ရင်းမြစ်ထဲ စက်လှေနဲ့သွားရတယ်။

ပုံ (၄) ၉-၂-၂၀၀၈ ထိုင်း-မြန်မာနယ်စပ် နောက်ဆုံးရောက်ခဲ့တဲ့ခရီး၊ အစည်းအဝေးနားချိန်၊ နောက်ကျောဖက်မှာက မြန်မာပြည်။

စောစောက လက်ဖက်ရည်ဆိုင်မှာ အတူထိုင်သူတယောက်လည်း ကရင်နှစ်သစ်ကူးနေ့အကြောင်း မမေးလိုက်မိပါ။ သူကလည်း စ မပြော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...