အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုံးက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁၀ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကလောင်နာမယ်ယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ တာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို ပုလဲသွယ်လို့ နာမည်ပေးခဲ့တယ်။
ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီးဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ်ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။
မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းမှာ ငယ်ငယ်ကဆော့ကစားဘူးတယ်။ မယ်မင်းဆီ အုတ်ဂူလေးလဲ ချုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးလို့လဲ သိရတယ်။ ကျွန်တော့်အမေရဲ့ အဖေဦးထင်က မင်းတိုင်ပင်တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။
ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ရေးထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။ သန်းဝင်းလှိုင်ရေးတဲ့ လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီးဦးကောင်းအကြောင်းကို သမိုင်းအမှန်သိစေချင်မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။
ဦးကောင်းမွေးနေ့ နှစ် (၁၄၀) မှာ ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။ မြန်မာနှစ် ၁၃၃၂ ခုကပါ။ ဦးကောင်းရဲ့ ဇာတိရပ်မြေ မင်းတိုင်ပင်ရွာမှာ ကျင်းပပါတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးကို အဲဒီပွဲအတွက်ထုတ်တဲ့ လက်ကမ်းစာစောင်မှာ သုံးခဲ့ပါတယ်။ ကျွန်တော့် ပန်းချီလက်မှတ်လည်းပါတယ်။ ကျွန်တော်ဆွဲခဲ့တာဆိုလို့ ရုပ်ရှင်မင်းသမီးဝါဝါဝင်းရွှေပုံနဲ့ အခုပုံသာကျန်တော့တယ်။ ရေဆေးပုံတွေက ခြကိုက်သွားပြီတဲ့။
ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၆
Comments
Post a Comment