ကနေ့မြန်မာပြည်နေရာကို လူတွေ အစောဆုံးနေထိုင်ခဲ့တာဟာ နှစ်ပေါင်း ၁၁၀၀၀ ရှိပြီ။ ရှေးဟောင်းသုတေသန အထောက်အထားအရတော့ ဘီစီ ၂၅၀၀ ကစတယ်လို့သာ တွေ့ထားသေးတယ်။ ကြေးခေတ်ဖြစ်တယ်။ ဘုတလင်မြို့ အနောက်ဖက် ညောင်ကန်မှာ ကြေးခေတ်လက်ရာတွေ တွေ့ထားတယ်။ မန္တလေးအနားက စမုန်ဒေသမှာ ဘီစီ ၅၀၀ နဲ့ အေဒီ ၂၀၀ ကြားလို့သိလာတယ်။ ဧရာ၀တီလွင်ပြင်မှာ ဘီစီ ၁၅၀၀ ကတည်းက သံထည်တွေတွေ့ထားတယ်။
ဥရောပမှာ မြို့ပြနိုင်ငံတွေ ပေါ်ပေါက်လာခဲ့တာက ဒိထက်နောက်ကျမယ်။ ယဉ်ကျေးမှုဖြစ်ထွန်းခဲ့တာမှာ မွန်က အစောဆုံးဖြစ်တယ်။ မွန်တွေက သထုံကို ဘီစီ ၃၀၀၀ လောက်မှာတည်ခဲ့တယ်။ ဗမာလူမျိုးအစလို့ပြောနိုင်တဲ့ ပျူလူမျိုးတွေက ပြည်တ၀ှိုက်မှာ နေခဲ့ကြတယ်။ သရေခတ္တရာနဲ့ ဗိဿနိုးမှာတွေ့ထားတယ်။ တရုပ်ပြည် (ကွင်) နဲ့ (ဟန်) မင်းဆက်နဲ့ ကူးလူး ဆက်ဆံခဲ့တယ်။
ကာလသတ်မှတ်မှု
- ၇၅၀၀၀ - ၂၇၅၀၀၀ = Lower Palaeolithic men (early Anyathian) ဧရာ၀တီမြစ်ကမ်းဘေး။
- ၂၇၅၀၀၀ - ၂၅၀၀၀ = Palaeolithic men (late Anyathian) ဧရာ၀တီမြစ်ကမ်းဘေး + အလယ်ပိုင်း။
- ၁၁၀၀၀ = Upper Palaeolithic men ပြဒါးလင်းဂူ၊ ရွာငန်မြို့နယ်၊ ရှမ်းပြည်နယ်။
- ၇၀၀၀ - ၂၀၀၀ = Neolithic men ကချင်၊ ရှမ်း၊ မွန်၊ တနင်္သာရီ၊ ချင်းတွင်းမြစ်ဘေး၊ ဧရာ၀တီမြစ်ဘေး။
- ၁၀၀၀ - ၈၀၀ =Bronze Age Culture ကြေးခေတ်။
- ၆၀၀ - ၅၀၀ = Iron Age Culture သံခေတ်။
မြန်မာနိုင်ငံနေရာကို လူတွေဘယ်အရပ်ဒေသတွေကနေ ပြောင်းရွေ့နေထိုင်လာခဲ့ကြသလည်း
(က) တရုပ်ပြည်ကတဆင့်
(အော်စထိုအေးရှန်း) တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀၀ မှာ တရုပ်ပြည်မကြီးနဲ့ တိုင်၀မ်အထိ ရောက်လာတယ်။ ပြောတဲ့ ဘာသာစကားကောက်ချက်အရ အဲလိုယူဆတာဖြစ်တယ်။ (ဟန်) တရုပ်တွေ တိုင်၀မ်ကို ရောက်လာတော့ တိုင်းရင်းသား လူနည်းစုတွေဖြစ်ကြတဲ့ နောင်မှာ (တိဗက်တိုဗားမင်း + ရှမ်း + မွန်) လို့ ဖြစ်လာကြမယ့်သူတွေက တရုပ်ပြည် တောင်ဖက်ကို ပြောင်းရွှေ့လာခဲ့ကြရတယ်။ မြစ်၀ါမြစ်မြောက်ဖက်ကို အရင်ရောက်လာကြတယ်။ တချို့ သုတေသနက မြစ်၀ါမြစ်မြောက်ဖက်ကို ဘီစီ ၂၅၁၅ မှာ ရောက်တယ်လို့ဆိုတယ်။ တရုပ်မှတ်တမ်းမှာ ဘီစီ ၈၅၀ လို့တွေ့ရတယ်။
ဒိနောက်မှာ အာရှအလယ်ပိုင်းကနေ လာသူတွေက အရင်ရောက်နေသူတွေကို တောင်ဖက်ဆီမောင်းထုတ်လိုက်တယ်။ မြစ်၀ါနဲ့ ယန်စီမြစ်ကြား ရောက်လာကြတယ်။ ယူနန်ဒေသအထိပါတယ်။ ဆက်ဆင်းရင် ကနေ့မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုပ်ပြည်မြောက်ပိုင်းမှာ တရုပ်မဟုတ်တဲ့ ဘုရင်နိုင်ငံ ၁၆ ခုထူထောင်ခဲ့တယ်။ တာ့ခ်၊ မွန်ဂိုးလီးယန်းနဲ့ တိဗက်တန်တွေ ဖြစ်ကြတယ်။ ယူနန်သမိုင်းနဲ့ မြန်မာ့သမိုင်း ဆက်စပ်နေတယ်။ (ယွန်မို) လူသားတွေကစတယ်။ ဘီစီ ၁၀၉ မှာ အင်ပါယာ (၀ူ) ကနေ စစ်သူကြီး (ဂိုချန်း) ကို ယူနန်တောင်ဖက်လွှတ်တော့ လက်အောက်ခံတိုင်းပြည်ငယ် ၂၄ ခုဖြစ်ထွန်းလာတယ်။ မြန်မာနဲ့အိန္ဒိယကို ကုန်ကူးဘို့ဖြစ်တယ်။ (တိုင်) တွေနဲ့ ဆက်စပ်နေတယ်လို့ယုံကြည့်ကြတယ်။ (ယူနန်) ကို (ဟန်) တွေက သိမ်းပိုက်လိုက်တော့ အင်ဒီးယန်းလူမျိုးစုတွေနေခဲ့တဲ့ အထောက်အထားတွေ့ရတယ်။ (မွန်ဂို) တွေက ယူနန်ကို အုပ်စိုးတယ်။ ၁၂၅၃ မှာ မွန်ဂိုဘုရင် (ကုဗလခန်) ယူနန်ကိုသိမ်းတယ်။ ဌာနေလူတွေကို အ၀ေးနှင်တယ်။
တိဗက်သမိုင်းနဲ့ မြန်မာ့သမိုင်းလည်း ဆက်စပ်နေတယ်။ တိဗက်ရောမြန်မာတို့ဟာ တရုပ်နဲ့ အိန္ဒိယကြားမှာညပ်နေရပြီး အချင်ချင်း ဟိမ၀န္တာနဲ့ တိဗက်ကုန်းပြင်မြင့်က ပိုင်းခြားထားခံရတယ်။ (တိဗက်တို-ဗားမင်း) ဘာသာစကာအုပ်စုကို ပြောဆိုကြတယ်။
(ခ) အိန္ဒိယကတဆင့်
အစောဆုံးက ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်အနားမှာ ကျောက်ခေတ်အစအနတွေတွေ့ရတယ်။ ၁၅၀၀၀ နှစ်ကြာပြီ။ ဘီစီ ၃၃၀၀ ကတည်းက အိန္ဒုမြစ်၀ှမ်းယဉ်ကျေးမှုဖြစ်ထွန်းခဲ့တယ်။ အဲဒီနေရာကနေ နှစ်ပေါင်း ၆၀၀၀ ကစပြီး လူတွေ ပြောင်းရွှေ့ထွက်ခွါကြတယ်။ အိန္ဒိယမြောက်ပိုင်းဆီ (အင်ဒိုအာရိယန်) ပြောင်းရွှေ့ခြင်းရှိလာတယ်။ ဘီစီ ၁၈၀ ကတည်းက အာရှအလယ်ပိုင်းကလူတွေ ထိုးဖေါက်လာတယ်။ ပထမ (ရာဂျင်ဒရာ ချိုလား) ကနေ သီရိလင်္ကာ၊ အနောက်ဘင်္ဂလား၊ မြန်မာနဲ့ စုမားတရားတစိတ်တပိုင်းတွေကိုသိမ်းခဲ့တယ်။ ဘီစီ ၅၀၀ ကတည်းက ဗုဒ္ခဘာသာ၀င် (သြရိသ) ကိုလိုနီတွေ မြန်မာပြည်ဖြစ်လာမယ့် ဧရာ၀တီမြစ်၀ှမ်းအထိရှိခဲ့တယ်။ ဘုရားစေတီတွေတည်ခဲ့တယ်။ ဘီစီ ၁၈၀ မှာ (တယ်လူဂူ) ဟင်ဒူကိုလိုနီတွေ မြန်မာပြည်ဖြစ်လာမယ့် ဟံသာ၀တီမွန်မြို့နဲ့ သန်လျှင်မြို့ကိုရောက်တယ်။ မြန်မာပြည်က တကောင်းမင်းဆက်မှာ ဒွတ္တဘောင်မင်းရဲ့မိဘတွေဟာ ဗိဿနိုးဘုရင်မနဲ့ အမျိုးစပ်ထားတယ်ဆိုတာ မခိုင်မာဘူး။ ဒီရာဇ၀င်တွေဟာ ဗုဒ္ခဘာသာနဲ့ ဟင်ဒူကိုးကွယ်မှုအရဖြစ်နေပုံရတယ်။
၂ ရာစုကတည်းက မြန်မာပြည်က ပင်လယ်ခရီးသွားတွေဟာ အိန္ဒိယတောင်ပိုင်းနဲ့ဆက်ခဲ့တဲ့ အထောက်အထားတွေ ရှိတယ်။ ဗုဒ္ခဘာသာလဲ အဲဒီနည်းနဲ့ မြန်မာပြည်ထဲရောက်လာတယ်လို့ ယူဆကြတယ်။ ၄ ရာစုကတည်းက ပြည်မြို့နားမှာ ဗုဒ္ခဘာသာရောက်နေပြီ။
ဗမာအစ
သံလွင်မြစ်နဲ့ မဲခေါင်မြစ်တွေက ရှည်လျားကြတယ်။ တိဗက်ကုန်းမြင့်ကနေ မြစ်ဖျားခံပြီး ယူနန်၊ မြန်မာ၊ လာအိုးစ်၊ ထိုင်းနဲ့ ကမော္ဘဒီးယားကို စီး၀င်တယ်။ ဒီမြစ်တွေရဲ့မြစ်၀ှမ်းတွေနဲ့ မြစ်လက်တက်တွေကလည်း ဒီတိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့တရုပ်ကြား အ၀ေးပြေးလမ်းမကြီးနဲ့တူတယ်။ ဒီနိုင်ငံကြီးနှစ်ခုမှာ ယဉ်ကျေးမှုကြီးတွေ ထွန်းကားခဲ့တယ်။ ခရီးသွားတွေ၊ ကုန်သွယ်မှုတွေများပြားလို့ မြန်မာလူမျိုးတွေဟာ အဲဒီနိုင်ငံတွေကနေ ပြောင်းရွှေ့အခြေချ နေထိုင်သူတွေဖြစ်မယ်။ ယူနန်မှာနေကြတဲ့ လူနည်းစုတိုင်းရင်းသား အတော်များများလည်း မြန်မာပြည်မှာ နေထိုင်ကြတယ်။ ကူမင်း (ကွေ့မင်) တိုင်းရင်းသားပြတိုက်မှာ မြန်မာပြည်က တိုင်းရင်းသားတွေအတိုင်းပဲ ရှိတယ်။
ဗမာတွေက တိဘက်တို-ဗားမင်းစကားပြောတယ်။ ကနေ့ ယူနန်ထဲက Yi (Nuosu) ယီ (နူဆူ) နဲ့ ဆင်တယ်။ ဒီလို ဆင်တူသူတွေဟာ ယူနန်၊ ဇီချွမ်တောင်ပိုင်းနဲ့ ဗမာတွေဖြစ်ကြတယ်။ (ဟန်) မင်းဆက်ကာလမှာ ယူနန်ကို အဲလို Burmese-Yi မြန်မာ-ယီစကားပြောသူတွေက Dian (ဒိုင်ယန်) နဲ့ Yelang (ရဲလန်း) နိုင်ငံတွေရှိခဲ့ကြတယ်။ Tang (တန်) မင်းဆက်တုံးက ယူနန်နဲ့ မြန်မာပြည် အထက်ပိုင်းကို မြန်မာ-ယီစကားပြော Nanzhao နန်ချောင်မင်းတွေ အုပ်စိုးခဲ့ကြတယ်။ အဲဒီကာလမှာပဲ ဧရာ၀တီမြစ်ကြောင်းကနေ မြန်မာပြည်ဖြစ်လာမယ့်ဆီကို အမြောက်အမြား ရောက်လာကြတယ်လို့ ယူဆရတယ်။
ဒိနောက် ပုဂံကိုတည်ထောင်တယ်။ နာမည်ပေးပုံကလည်း နန်ချောင်မင်းတွေနဲ့ ဆင်တူတယ်။ ဟန်လင်းမှာတွေ့တဲ့ ရုပ်တုတွေကလည်း နန်ချောင်မင်းဆက်က ရုပ်တုတွေနဲ့တူတယ်။ ယူနန်မြောက်ဖက်က Xixia (ဇီဇီယာ) Tanguts (တန်းဂတ်စ်) တွေကလည်း တိဘက်တိုဗားမင်း စကားမျိုးပြောကြတယ်။ ဒါကြောင့် မြန်မာပြည်ကလူမျိုးစု အတော်များများက ယူနန်ကနေလာတဲ့ နန်ချောင်ဆက်တွေဖြစ်မယ်။
တိဘက်တို-ဗားမင်းဆိုတာ လူမျိုးကိုရော ဘာသာစကားကိုပါသုံးတယ်။ ဗမာ (မြန်မာ) စကားဟာ တိဘက်တို-ဗားမင်း ဖြစ်ပေမယ့် ရေးတဲ့စာလုံးက အိန္ဒိယတောင်ပိုင်းက Telugu (တယ်လူဂူ) စာနဲ့ ဆင်တူတယ်။ မြန်မာသဒ္ဒါက ဟင်ဒီနဲ့ အတော်တူတယ်။ က၊ ခ၊ ဂ၊ ဃ၊ င။ အသံထွက်လေးသာ နည်းနည်းကွာတာ။
Map = 1667, Map of India Orientalis from the Center for Burma Studies, Northern Illinois University
ဒေါက်တာတင့်ဆွေ

Comments
Post a Comment