Skip to main content

"ကောက်ရိုးနွယ်"

ပပ်

ပပ = ကွဲအက်သည်။ ကွဲကြောင်း ပေါ်သည်။

ပပ်ကြားအက်

ပပ်သေးထ

မပပ်မကွဲဖြောင့်သောကိုယ်ရှိသည်။ပကိဏ်။၂၄၆။

အသားပပ်သည်

မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ ပွင့်ပပ် မပါ။ ပွင့်ချပ်၊ ပွင့်ဆိုင်၊ ပွင့်ဖတ်လို့သာပါတယ်။

ပပ်ကြားအပ် (ဝစ်ရှင်နရီ:သတ်ပုံ/ပ မှာ ပပ်ကြားအပ်လိုရေးထားတာ မှားနေတယ်။

ပပ်

၁။ ကွဲအက်သည်။ ကွဲကြောင်းပေါ်သည်။

၂။ (အပေါ်ယံအရေပါး) သွေ့ခြောက် ကွဲအက်သည်။ ဆောင်းရာသီ၌ အသားပပ်သည်။

ပပ်ကြားအက်

ပပ်သေးထ

"ကောက်ရိုးနွယ်"

ဘဝ၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူ နှစ်ဦး

ရပ်နေသော လယ်ကန်သင်းကလေးကို ငုံ့၍ ကြည့်မိ၏။ ကန်သင်းကလေး၏ လက်ဝဲဘက် ချိုင့်ကလေးထဲမှ လူး၍ တက်လာသော ကန်စွန်းရိုးနီ အညွန့်ကလေးသည် တဖက် လယ်ကွင်းထဲသို့ ဆင်းရန် ကြိုးစားနေ၏။

ကန်စွန်းရိုးကလေး မရောက်တရောက်နေရာမှ ရိုးပြတ်များကို လိမ်၍ ပပ်ကြားအက်များကို ကျော်လျက် ပေါက်သွားသော ကောက်ရိုးနွယ်ကလေးကို မြင်၏။

အတော် သန်ပုံရ၏။ အရင်းဘက်တွင် အရွက်များ ရင့်လျက် လက်ခွကြားမှ အပွင့်ကလေး တပွင့် ထွက်နေ၏။ လက်သန်းဖျားလောက် ရှိ၏။ အနားဖြူ၍ အလယ်တွင် ခရမ်းရောင်လိုလို ရှိ၏။

အနွယ်ကလေးလည်း ရိုးရိုး ဖြစ်၏။ အရွက်လည်း ပေါက်ရ၏။ ပပ်ကြားအက်များ အကြားတွင် ပျော်ရ၏။ သူများတကာ အပင်တွေ ဝေဝေဆာဆာ ပေါက်၍ လယ်ကွင်းခြောက်မှ ပေါက်ရ၏။ တော်တော်ရိုး၏။ တော်တော် အောက်တန်းကျ၏။

သို့သော် အနွယ်ကလေးမှာ အားလျှော့ပုံမရ။ အညွန့်ကလေး တညွန့်သည် တထွာကျော်ကျော်မျှ ရှိသော ရိုးပြတ်ကလေးကို လိမ်တက်၍ ခေါင်းကလေး မော်ကာ ဟိတ်ဟန် ထုတ်နေပုံရ၏။

၎င်းနှင့် သုံးတောင် လောက်တွင် မိန်းမပျိုကလေး တယောက်သည် ရိုးပြတ်ကြားထဲတွင် ငုံ့ကာ ငုံ့ကာ ကောက်ရိုးနွယ်များကို ရှာခူးနေ၏။ အသက် ၁၆ နှစ်သာသာလောက် ရှိ၏။

ထဘီကလေး ဒူးလောက်ထိ ဝတ်ထား၏။ ဆံထုံး နောက်တွဲကလေး ထုံးထား၏။ ခြောက်တောက်တောက်၊ ဆီနှင့် ဝေးပုံရ၏။ အင်္ကျီကလေးမှာလည်း လက်မောင်း စုတ်နေ၏။ ကောက်ရိုးနွယ်ကလေး ရိုးသလို ရိုး၏။ ကောက်ရိုးနွယ်ကလေး အောက်ကျသလို အောက်ကျ၏။

ကောက်ရိုးနွယ်ကလေးသည် တပါးအပင်များ ပေါက်ပြီး လယ်ကွက်ခြောက်မှ ပေါက်ရသကဲ့သို့ ကလေးမကလေး သည်လည်း သူတပါး လက်ဦးစား၊ သူတပါး လက်ဦး ယူပြီး အကြွင်းအကျန်ကလေးများကို လိုက်၍ ကောက်ရသူ ဖြစ်၏။

သို့သော် ကောက်ရိုးနွယ်ကလေး သန်သလို ထိုမိန်းကလေးလည်း သန်၏။ ကောက်ရိုးနွယ်ကလေး ခေါင်းကလေး ထောင်သလို မိန်းကလေး၏ ခေါင်းကလေးသည် ထောင်လျက် ရှိ၏။

ထိုကောက်ရိုးနွယ် နှင့် ထိုမိန်းကလေးတို့ကား ဘဝ၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူများ ဖြစ်၏။ ဘဝ၏ ဖိစီးခြင်းကို ရုန်းကန်နိုင်သူများ ဖြစ်၏။

လက်ဦးစား လက်ဦးပေါက် ရာသီကောင်းကို မှီ၍ ဟန်ပြခဲ့သူများ ပြိုလဲပျက်စီးကြသော နွေခေါင်ခေါင် မြေခြောက်ခြောက်တွင် ခေါင်းထောင်နိုင်သူများ ဖြစ်၏။ ကမ္ဘာ့ အဆီအနှစ်ကို မစားရသော်လည်း ကမ္ဘာနှင့် ဆိုးတူကောင်းဘက် သွားကြသူများ ဖြစ်၏။

၎င်းအပေါ်က ငွါးငွါးစွင့်စွင့် မိုး၍ ပေါက်လျက် လူတို့ အမြတ်တနိုးထားကြသော ကောက်ပင်များ အဘယ်သို့ ရောက်ကုန်ပြီနည်း။

စာဆိုတော်ကြီးများ ချီးကျူးခဲ့ကြသော နှင်းဆီ၊ စပယ်တို့ အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ရွှေဘုံရွှေနန်း အတွင်း ရွှေဘီး ရွှေတံကျင် စိုက်၍ ပန်ကြသော ကံ့ကော်၊ စွယ်တော်၊ သဇင်၊ ကြက်ရုန်း တို့သည် အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ပျောက်ကုန်ကြပြီ။

ကောက်ရိုးနွယ်ကလေးကား ကျန်နေ၏။ အားယူနေ၏။

သို့သော် ကောက်ရိုးနွယ်ကလေး၏ ဂုဏ်အရသာကို သူတို့ မသိကြ၊ သတိမမူကြ၊ မချီးကျူးကြ၊ ရာသီကောင်း ခိုကာ ခေါင်းတထောင်ထောင်နှင့် မော်တတ်၊ ကြွားတတ်၍ ရာသီ ဆိုးသည်နှင့် တပြိုင်နက် ပြိုလဲပျောက်ပျက်ကုန်သော ပန်းတို့ကို စာဆိုတော်ကြီး စာဆိုတော်ငယ် အသီးသီးတို့သည် ကကြီး မှ အအဆုံး သင်ပုန်းကြီး တခုလုံး အတွင်းရှိ အက္ခရာတို့ဖြင့် အမျိုးမျိုး အဖုံဖုံ အထပ်ထပ် အဖန်ဖန် ဖွဲ့နွဲ့ သီဆို ကြွေးကြော် ချီးကျူးခဲ့ကြသော်လည်း မြန်မာစာပေ ဟူသမျှတို့၌ ကောက်ရိုးနွယ်ဘွဲ့ ဒွေးချိုးကလေး တပုဒ်၊ တေးထပ်ကလေး တပုဒ် ရှိဖို့ မဆိုထားဘိ၊ အမည်ကလေးမျှဖြင့် စပ်ကာ ဟပ်ကာ ရှာမရခဲ့ ဖြစ်ပေ၏။

သို့သော် ကောက်ရိုးနွယ်ကလေးနှင့် မိန်းကလေးသည် ၎င်းတို့အား မည်သူက ချီးကျူးကျူး မကျူးကျူး သိသိ မသိသိ ထိုသူတို့၏ မှတ်တမ်းကို အလေးမမူ၊ ရှင်သီလဝသတို့၊ ရှင်မဟာရဋ္ဌသာရတို့၊ တောင်တွင်းကြီး ဦးကြော့၊ ရွှေတိုက်စိုး ဦးတိုးတို့၊ စလေ ဦးပုညတို့ စာတွေ ပေတွေ၊ ပုဂံခေတ်ကမှ ယခုအထိ ကမ္ဘာ အရှည်တည်ရော့ဟု ထိုးခဲ့သော ကျောက်ထက် အက္ခရာတွေ၊ သမိုင်းတွေ၊ မဟာ ရာဇဝင်တော်တွေ၊ ရွှေနားတော်သွင်း ဧချင်းတွေ၊ ပျောက်ပ ကုန်သော်လည်း ၎င်းတို့ကား ပျောက်ပ တိမ်မြုပ်ခြင်း မရှိဘဲ လယ်ကန်သင်းဘေး ပပ်ကြားအက် အကြားတွင် ပျော်ပျော် ပါးပါးကြီး တည်၍ သွားကြမည် ဖြစ်သတည်း။ ။

(စာရေး ဆရာကြီး ဇေယျ ရေးသားခဲ့သည့် ဤ ရသစာတမ်းငယ်ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ဦးထိန်ဝင်း ထုတ်ဝေသော “မြန်မာ့မျက်ပွင့် (ရွာဓလေ့ လူ့ဓလေ့) ပထမ အကြိမ်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဇေယျ သည် ၁၉၀၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ မွေးဖွားပြီး ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ဧရာဝတီ)

ကျွန်တော်တို့ ၁၀ တန်း၊ ၁၉၆၄-၆၅ ခုနှစ်မှာ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်ဖြစ်တဲ့ မြန်မာ့မျက်ပွင့်ထဲက ဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။ သိပ္ပံဘာသာတွဲယူတဲ့ ကျွန်တော်က စာအုပ်ငှားဖတ်တယ်။ စာတွေ အခုထိစွဲနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ