မြန်မာစာသတ်ပုံမှန်တွေကို တင်ပြတော့ -
- ပုဂံခေတ်ကဟာတွေ လာမပြောနဲ့တဲ့။
- ပုဂံခေတ်ကို ပြန်သွားပါလားတဲ့။
- ပုဂံခေတ်ကလို ရေးပါလားတဲ့။
- မြစေတီကျောက်စာမှာ တစ်ထားတယ်တဲ့။
- အေအိုင်ခေတ်မှာ ပုဂံခေတ်ကသတ်ပုံမလိုဘူးတဲ့။
ပုဂံခေတ်ဆိုတာ
- အမှိုက်လား။
- ပွကြီးလား။
- ဆူးလှည်းကြီးလား။
- ကျိန်စာလား။
ရှေးဟောင်းသုတေသနအချက်အလက်တွေအရ မြန်မာမင်းဆက်တွေထဲမှာ အထင်ရှားဆုံးက ပုဂံခေတ် ဖြစ်ပါတယ်။
ပုဂံခေတ်စာပေ
မြန်မာအစ တကောင်းက ဆိုတာ မင်းဆက်စတာကို ပြောတာ။ ပျူခေတ်။ ပျူစာထွန်းကားတယ်။ မြန်မာစာ စတင်ခဲ့တာက ပုဂံခေတ်။ မြစေတီကျောက်စာမှာ ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ ဘာသာလေးမျိုးနဲ့ တမျက်နှာစီ ရေးထိုးထားတယ်။ မြန်မာစာသာမက ပါဠိ၊ မွန်၊ ပျူ စတဲ့ စာပေတွေပါ ထွန်းကားခဲ့ပါတယ်။
ပင်းယခေတ်စာပေ
နှစ်ပေါင်း ၆၀ ကျော်မျှသာကြာရှည်တဲ့ ပင်းယခေတ်စာပေအဆင့်အတန်းဟာ ပုဂံခေတ်ထက် တိုးတက်လာပါတယ်။ ပုဂံခေတ်မှာ မတွေ့ရသေးတဲ့ စာမျိုးကို တွေ့လာရ။ တျာဖွဲ့များ၊ ကာချင်းများနဲ့ ရတုများဖြစ်တယ်။
အင်းဝခေတ်စာပေ
သက္ကရာဇ် ၈၀၀ ပြည့်နှစ်တွင် တောင်တွင်းကြီးမြို့၌ ထူးခြားစွာ ပေါ်ပေါက်လာသော တဘောင်အရ 'ပေလေးပင်၊ ရှင်လေးပါး'
- မြို့လုလင်ရွာမှ မောင်ဥက္ကာ (ရှင်ဥတ္တမကျော်)
- မြို့လုလင်ကျေးရွာသား မောင်ညို (သျှင်မဟာသီလဝံသ)
- သတိုးထမ်းရွာမှ ရှင်အုန်းညို
- မကျည်းယောင်ရွာမှ ရှင်ခေမာ
တောင်ငူခေတ် စာပေ
ရတုနှင့် ဧချင်း တံခွန်စိုက်ခေတ်လို့ ခေါ်ဆိုထိုက်တဲ့ တောင်ငူခေတ်ဟာ ၈၅ဝ ကနေ ၉၅ဝ အထိ အနှစ် ၁ဝဝ နီးပါးခန့် အဓွန့်ရှည်တယ်။ နတ်သျှင်နောင်ကအထင်ရှားဆုံး။
ညောင်ရမ်းခေတ်
ကျော်ကြီးလေးဆူ ရှိခဲ့တယ်။
(၁) ပုဂံ သဒ္ဒနီတ ဆရာတော် ရှင်အဂ္ဂဝံသ
(၂) စစ်ကိုင်း ရှင်အရိယဝံသ ဆရာတော်
(၃) အင်းဝ ရှင်ဝရာဘိသင်္ဃနာတ ဆရာတော်
(၄) တောင်ဖီလာ ဆရာတော် ရှင်မုနိန္ဒဃောသ
ကုန်းဘောင်ခေတ် ပထမပိုင်း
အတုလဆရာတော်၊ မနုဝဏ္ဏနာ ဓမ္မသတ်ကျမ်းကို စီရင်တဲ့ ဝဏ္ဏဓမ္မကျော်ထင်၊ ငစဉ့်ကူးမင်း ရွှေနားတော်သွင်း ဧချင်းဆရာ ဦးဖျော်၊ စိန္တကျော်သူ ဦးဩ၊ လက်ဝဲနော်ရထာ ဦးမြတ်သာနေ၊ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ ရွှေတောင်နန္ဒသူ၊ ရွှေတောင်နန္ဒမိတ်၊ အတွင်းဝန်ဦးညို၊ နန်းတွင်းစာဆို ငစဉ့်ကူးမင်း၏ မိဖုရားကြီး ရှင်မင်းတို့ ဖြစ်ကြတယ်။
ကုန်းဘောင်ခေတ် ဒုတိယပိုင်း
မြဝတီဝန်ကြီးဦးစက ယိုးဒယားသံ တေးသွားတွေ၊ ပသျှူးတေးသွားတွေကို မြန်မာမှုပြုခဲ့တယ်။
ရာမရကန်ဦးတိုး၊ ဝက်မစွတ်မြို့စား နဝဒေး၊ ဦးကြင်ဥ၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး၊ ယောမင်းကြီးဦးဘိုးလှိုင်။ မောင်းထောင်သာသနာပိုင်၊ မင်းပူးဆရာတော် ဦးဩဘာသ၊ မုံရွေးဆရာတော်၊ မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်။
အနောက် နန်းမိဖုရား မမြကလေးနှင့် သမီးတော် လှိုင်ထိပ်ခေါင်တင်။
အဲဒီစာပေတွေအားလုံးဟာ ကျောက်စာတွေနဲ့ ပေစာတွေသာဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်နောက်ပိုင်းကစပြီး ပုံနှိပ်တိုက်တွေဖြစ်ပေါ်လာတယ်။ ကျောက်ထက်အက္ခရာ၊ ပေစာနဲ့ ပုရပိုက်တွေကို လူအများ ဖတ်ရှူ လေ့လာနိုင်အောင် စက္ကူပုံနှိပ်စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။
ကျောက်စာ ပေစာတွေကို ပညာရှင်တွေက (မြန်မာစာအဖွဲ့ မဟုတ်ပါ) စိစစ်၊ တည်းပြတ် (တည်းဖြတ်) ပြီး ထုတ်ဝေပါတယ်။
ဟံသာဝတီစာအုပ်တိုက်ဟာ အထင်ရှားဆုံးလို့ပြောနိုင်တယ်။ တိမ်မြုပ်နေတဲ့ ပျို့၊ လူးတား၊ ဘွဲ့၊ ဒီပနီ၊ ကဗျာ၊ ဗေဒင်၊ လင်္ကာ၊ ရတု၊ ရကန်၊ မေတ္တာစာ၊ သမိုင်း၊ ဥပဒေ၊ ဘာသာရေး၊ ဘာသာစကား၊ ကျမ်းစာ၊ ပညာရေး၊ ပြဇတ်၊ ဇာတ်တော်၊ ရာဇဝင်၊ နိတိ၊ ဝတ္တု၊ ဘာသာစကား၊ အတ္တုပ္ပတ္တိ၊ စာပေ၊ စကားပုံ၊ အကြောင်းအရာစုံ ကဏ္ဍစုံကို ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချိခဲ့တယ်။
ဟံသာဝတီပုံနှိပ်တိုက်ကို စတင်တည်ထောင်သူဟာ ဖီလစ်အိတ်ချ်ရစ်ပလီ၊ အာမေးနီးယန်းလူမျိုး၊ သူ့ဖခင်က မင်းတုန်းမင်းထံမှာ ဝင်ထွက်သွားလာ ခစားနေသူဖြစ်တယ်။ မင်းတုန်းမင်းက သူ့ကို မွေးစားတယ်။ ဖီလစ်၊ သီပေါမင်းသားနဲ့ တောင်သမန်လယ်စား မောင်ဖေငယ်တို့ဟာ ဒေါက်တာမတ်ရဲ့ ကျောင်းသားတွေဖြစ်ကြတယ်။ နန်းတွင်းအရေးတော်ပုံကြောင့် ရန်ကုန်ကိုပြောင်းနေပြီး ပညာမဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ် လုပ်ကိုင်တယ်။ ၁၈၈၆ ခုနှစ်မှာ ဟံသာဝတီပုံနှိပ်စက် တည်ထောင်တယ်။ ဟံသာဝတီတိုက်ကထုတ်ထားတဲ့ စာအုပ်တွေဟာ မြန်မာစာပေသမိုင်းမှာ မော်ကွန်းထိုးလောက်တယ်။ စာအရည်အသွေး ကောင်းမွန်ပြီး မြန်မာစာအရေးအသားနဲ့ မြန်မာသတ်ပုံပါ စံပြုထိုက်တယ်။ စာအုပ်အားလုံးမှာ မြန်မာစာသတ်ပုံတွေကို မူရင်းအမှန်အတိုင်းသာ ပုံနှိပ်ထားတယ်။ လက်ထဲမှာ မူရင်းစာအုပ် အတန်အသင့် ရှိပါတယ်။
စစ်တပ်အာဏာသိမ်းခေတ်မှာ မြန်မာစာသတ်ပုံတွေနဲ့ ပညာရေးကို ဖျက်ဆီးပါတယ်။ အတိအကျဆိုရင် သတ်ပုံဖျက်လုပ်ငန်းကို ၁၉၈၆ ခုနှစ်က စတယ်။ နောက်လူတွေက အဟုတ်ထင်နေကြတယ်။ စာအုပ် သတ်ပုံပြင်ပြန်ထုတ်ခေတ်ရောက်မှ လူဖြစ်ကြသူတွေ၊ စာဖတ်ကြသူတွေ သိကြစေသတည်း။
- ပုဂံသား (မင်းကျော်)
- ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား / မခင်နု (ဒဿန)
- ပုဂံကျောင်းက ခေါင်းလောင်းသံ (တင်မိုး)
ဆရာတင်မိုးရဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံ ဆိတ်ခဲ့ပြီတကား။
ပုဂံခေတ် ကျိန်စာက လွတ်မြောက်လာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment