(လွန်ခဲ့တဲ့ ၁၅ နှစ်က ရေးထားတဲ့စာ)
မိတ်ဆွေ (ဖေ့စ်ဘွတ်ဖရင်း) တယောက်က တရုပ်ပြည်ကနေအပြန်ဝယ်လာပြီး ကျွန်တော့ဆီပို့မယ်တဲ့။ ကျွန်တော် ယူနန်ပြည်နယ် (ကွေ့မင်) (ကူမင်း) ရောက်တုံးကလည်း လက်ဖက်ခြောက်ကောင်းကောင်းပဲ လက်ဆောင်ယူခဲ့တယ်။
အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်ဆိုတဲ့စကားက လက်ဖက်ရွက်အတွက် အမြတ်နိုးတန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုပဲ စာဖွဲ့ရေးကြ သမိုင်းတွေ လိုက်ရှာကြတယ်။
လက်ဖက်ပင်ရဲ့ ရာဇဝင်က အာရှမှာစတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယနဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ BC 300 – AD 200 Shennong Ben Cao Jing ခေါ်တဲ့ တရုပ်ဆေးဖက်ဝင်အပင်တွေအကြောင်းစာအုပ်မှာ အစောဆုံးတွေ့ရတယ်။ ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိန္ဒြေမပျက် ဆက်သောက်ရာကနေ သဘောကျနှစ်ခြိုက်တော်မူပြီးသကာလ လူတွေ လိုက်သောက်လာကြတယ်လို့ဆိုတယ်။
လက်ဖက်ရည်ဟာ သောက်စရာမှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာ ဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ 750 grams သာရှိပါသတဲ့။ တူရကီမှာက 2.5 kg ရှိလို့ တဦးချင်း သောက်သုံးမှုနှုံး အများဆုံး။
လက်ဖက်ကို အနည်းဆုံးသုံးမျိုးလုံး သုံးတတ်တာ ဗမာပဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာပဲ ရှိတာ။ ကမာ္ဘမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ ရမယ်။ (တစ်ပ်) ပေးရမယ်။ (တက်စ်) ကလဲ မနည်းဘူး။ အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ ကျောက်ပန်းတောင်းလို အလွန်ချိုပြီး၊ တကယ်လဲပူတဲ့ လက်ဖက်ရည်ပဲတဲ့။
သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ်လူစုလူဝေးလုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန်သမိုင်းမှန်ရှိတယ်။ ၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာမှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ Boston Tea Party လို့ တွင်ခဲ့တယ်။
အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကို ဆိုလိုတာမဟုတ်ပါ။ High-end hotel တွေမှာ High tea ကို (ဆာ့ဖ်) လုပ်ကြတယ်။ ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကို တိုက်တယ်။ ဘယ်လို ခေါ်ခေါ်ပါ ဒါတော့ကောင်းတယ်။ ၁၈၄ဝ တုံးက သတ္တမြောက် Duchess of Bedford က ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ Tea အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး Catherine of Bragança က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။
မင်းသမီးနဲ့တဆက်တည်း အမျိုးသမီးတွေလဲပြောပါအုံးမယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို စခဲ့တာ အမျိုးသမီးပါ။ ၁၈၆၄ ဂရိတ်ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီး ဒေါက်တာ (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။
ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်းအပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅ဝ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉ဝဝ လို့ ဆိုတယ်။ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက်နှေးဆိုတာက ပလောင်လူမျိုးတွေဟာ လက်ဖက် ခူးရာမှာ အနုစိတ်၊ အသေးစိတ်လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရနှေးရတာကို ပြောတာပါ။
လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့ လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁ဝဝ ဒီဂရီအထိ မရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာ မလိုပါတဲ့။ White or Oolong tea ကိုတော့ ၉၀-၁၀၀ ပူလဲ ရတယ်ဆိုဘဲ။
လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေ ရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာ နဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာ ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့ သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာ ဖြစ်နေတယ်။ ၂၀၁၀ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈၀၀ ကို စမ်းတော့ Cognitive decline စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာ တွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။
အကောင်းဖက်က ဆက်ပြောရရင် လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇ဝဝ ကျော်ပါတယ်။ Amino acids, Flavanoides, Vitamins (C, E, K), Caffeine နဲ့ Polysaccharides တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို Oxidative damage ကြောင့် ပျက်စီးမှာကို သက်သာစေနိုင်တယ်။ Fluorine ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။
Antioxidant ဖြစ်တဲ့ Catechins ပါတယ်။ လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံက သူဘဲ။ Antioxidant ဆိုတာ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ ပျက်စီးမှာကို ကာကွယ်တဲ့ သတ္တိကို ပြောတာပါ။ ပုံမှန် တခွက်မှာ Flavonoid antioxidants 140-300 mg ပါတယ်။ Stimulant ဖြစ်တဲ့ Caffeine အလေးချိန်ရဲ့ ၃% ပါတယ်။ Theanine 14-18 mg ပါတယ်။ Theobromine, Theophylline ဆိုတာတွေလဲ နဲနဲစီပါတယ်။ American Dietetic Association အဆိုအရ လက်ဖက်ရည် တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီ တခွက်မှာ 85 mg ပါတယ်။ သတိမမေ့ဘို့က ဘယ်ဟာမဆို တန်ဆေး၊ လွန်ဘေး။ လက်ဖက်ရည်ကို တနေ့ ၈ ခွက်ထက် များရင် မကောင်းဘူး။
တရုပ်ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေဝင်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုးလျှော့စေတယ်လို့ ၂ဝဝ၇ European Heart Journal က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာမရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲထွင်ကြတယ်။ စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာ တူပါတယ်။ ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ သံပရာထည့်တာ ရုရှားနဲ့ အီတလီမှာ များတယ်။ အနောက် နိုင်ငံတွေမှာ Whisky or Brandy တွေ ထည့်သောက်တာလဲ ရှိသေးတယ်။ Indian Masala chai ဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကို လာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။
အစွမ်းတွေမနည်းပါ။ အထောက်အထားနေရာတွေတော့ ဖတ်ရတာရှုတ်မှာစိုးလို့ မထည့်တော့ပါ။ သွေတိုးကျစေသည်။ (ကိုလက်စထော) ကျစေသည်။ နှလုံးရောဂါအတွက် ကောင်းနိုင်သည်။ ကင်ဆာ ကုတာ ကူညီရာကျသည်။ ရောဂါပြီးစနစ်ကို အကျိုးများစေသည်။ (လူကီးမီးယား) အတွက်ကောင်းသည်။ (အယလ်ဇိုင်းမား) ရောဂါအတွက် ကောင်းသည်။ AIDS ရောဂါအတွက် ကောင်းသည်။
လက်ဖက်ရည်တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဉ့်ပန်းကန် သုံးတာ များတယ်။ အိန္ဒိယမှာ ကြွေအတုသာသုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့ နီးတာ ယူတတ်ကြတော့ စာရေးဆရာမက ရေးပါတယ်။ ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။ ခုထိ ရီ(ရယ်)ရလို့ ကျေးဇူးတင်ပါတယ်။
J. Jonker, Amsterdam 1670 က ကဗျာနဲ့ စာဖွဲ့တယ်။
• နှလုံးနဲ့ ဦးနှောက်ကို ကူညီပေး၊
• နေရာတကာအတွက် ဆေး၊
• အိုနာ ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊
• လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။
အဲဒီစာရေးခဲ့စဉ်က နယူးဒေလီမှာ။ အရင်ကစာရေးရင် ရှည်တယ်။ အခုတော့ စာရှည်ရှည်ရေးရမှာ ပျင်းလာပြီ။
Dr. တင့်ဆွေ
၂-၁-၂၀၁၁

Comments
Post a Comment