(၂၀၁၉ ခုနှစ်ကတည်းက ပြည်ထောင်စုနေ့နီးလာတိုင်း တင်ပြပါတယ်။)
၁၉၆၂ ခုဖေဖေါ်ဝါရီလ ၂၄ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့၊ ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းမီ တရက်အလို၊ ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်မှာ ကျင်းပတဲ့ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်ဦးနုပြောခဲ့တဲ့ မိန့်ခွန်းထဲက ယမနေမယ်လေးအကြောင်း ရေးပါရစေ။
လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ဘရုတ်သုက္ခတိုင်းပြည်ဆိုတာရှိပါတယ်။ အဲဒီဘရုတ်သုက္ခတိုင်းပြည်ရဲ့ ငါတကော နယ်က ဒူလာဘို၊ ငါတဗိုလ်နယ်က အိုလေလေ့၊ ငါတလူနယ်က ငတွတ်ကြီး၊ ငါတမင်းနယ်က ဗြောင်နောင့် ဗြောင်နောင်၊ ငါ့မြင်းငါစိုင်းနယ်က၊ ဘုရင် ဘုနောင်တတ်ဗိန်ဆိုတဲ့ ပညာသင် (၅) ဦးဟာ တက္ကသိုလ်ဆရာကြီး ဦးဂျမ်းထိဆီမှာ ပညာ သွားသင်ကြပါတယ်။
အဲဒီလိုပညာသင်ကြတဲ့အခါ ပညာတော်သင် အိုလေလေ့က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ငတွတ်ကြီးကပန်းချီပညာမှာတဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ဗြောင်နောင့် ဗြောင်နောင်က အရုပ်ကိုအသက်သွင်းတဲ့ပညာမှာတဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ဘုရင် ဘုနောင်-တတ်ဗိန်က လေးအတတ်မှာတဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ဒူလာဘို ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့ တက္ကသိုလ်ဆရာကြီးဦးဂျမ်းထိက ဘာပညာမှမတတ်တဲ့ ဒူလာဘိုကို ယမနေသား သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကိုအိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။
လမ်းရောက်တဲ့အခါ ယမနေသားကို အိုလေလေ့က မိန်းမပျိုလေးအရုပ် ထုလိုက်ပါတယ်။ ငတွတ်ကြီးက အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက်တယ်။ ဗြောင်နောင့်ဗြောင်နောင်က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျိုရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေးဖြစ်လာပါတယ်။
အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်ပြန်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီး လုကြပါတယ်။ အဲဒီလိုသူတို့ လုနေတုန်း ဝဠာယက္ခငှက်ဆင်တကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ ယမနေမယ်လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတော့တယ်။
အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကသိုလ်ပြန်ဘုနှောင်တတ်ဗိန်က လေးနဲ့ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီးသေပြီး ယမနေမယ်လေးပြန်ကျလာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေမတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူကဆေးတွေကို ပြန်ခြစ်၊ ပန်းပုဆရာကလည်းအရုပ်ကိုဖျက်နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ယမနေမယ်လေးဟာ ခုတ်ရာထစ်ရာတွေ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရရှာပါတယ်။
လူကြီးမင်းများခင်ဗျား။ တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်ယမနေမယ် အပျိုချောလေးဟာကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလိုအချုပ်အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့ အားလုံးရဲ့မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက် မသွားရလေအောင် ကျနော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့။ ။
10 Popular Beautiful Marble Female Statues for Villa Decor
ဒေါက်တာတင့်ဆွေ

Comments
Post a Comment