Skip to main content

ဘိုလို

မေးခွန်းတခု = အခုနောက်ပိုင်း ဘိုလို ဘိုလို ဆိုပြီးရေးနေကြတာ တွေ့နေရပြန်ပြီ ဘယ်လိုဖြစ်သွားတာလဲ ဘိုလို အကြောင်းသိချင်ပါတယ်။

‘ဘိုလို’ ဆိုတာ တချိန်က ဘန်းစကား။ ‘ဗိုလ်’ ခေါ် အင်္ဂလိပ်စကားပြောသူ၊ မျက်နှာဖြူယဉ်ကျေးမှုနောက်လိုက်တာကို ခေါ်ပါတယ်။ အင်္ဂလိပ်စကားလုံး ညှပ်ပြောတာကို ဘိုလိုမှုတ်တယ်။ ‘ဗိုလ်ရူး ဗူးယို’။

အဲလိုအမူအကျင့်ကို မနှစ်မြို့သူတွေက ‘ဗိုလ်’ လို့ တောင် ရေးမနေတော့ဘဲ ‘ဘို’ လို့သာ ရေးကြပါတယ်။

အဲဒီခေတ်က ကိုလိုနီဆန့်ကျင်ရေး အားကောင်းပြီး မြန်မာ့ယဉ်ကျေးမှုကို အားပေး တိုက်တွန်းနေချိန်။

နောက်တော့ အင်္ဂလိပ်စာ မတတ်မဖြစ်။ သင်ကြားပေးပါတယ်။ စကားထဲမှာ အင်္ဂလိပ်စာလုံးညှပ်ပြောတာကို သိပ်ဗွေမယူကြတော့ပါ။ အင်္ဂလိပ်စာကိုလည်း ကောင်းကောင်း သင်ပေးလို့ အသုံးတွေ၊ အသံထွက်တွေလည်း မှန်သူက များတယ်။ တဖြည်းဖြည်းနဲ့ အင်္ဂလိပ်စာလုံး နည်းလာပါတယ်။

အခုခေတ်

ပြောင်းလာတယ်။ ပျက်လာတယ်။ တချို့အပြော အရေးတွေကို ဗွေယူချင်စရာကောင်းလောက်အောင် မျက်စိနောက်တာမျိုးလည်း ရှိတယ်။ ရိုးရိုးတည့်တည့် မြန်မာလိုပြောရင် ရတာ၊ ပြီးတာ၊ နားလည်နိုင်တာကို တမင်တကာ ဘိုအသုံးတွေ မိုးမွှန်နေအောင် ထည့်ပြောကြ၊ ရေးကြတာ မသင့်လို့ ထင်ပါတယ်။

နေရာတိုင်းမှာ မျိုးချစ်လုပ်လို့ မသင့်တာတွေလည်း ရှိတယ်။ 

မြန်မာလို့ပြောရတာ ခက်တာမျိုးလည်း ရှိလာတယ်။ ဥပမာ နည်းပညာအသုံးတွေ။ ‘ဖေ့စ်ဘွတ်’ ကို ‘မျက်နှာစာအုပ်’ လို့ မပြောသင့်။ ‘ကွန်မင့်’ ကို ‘ကွန်မန့်’ လို့ လိုက်ငြင်းနေတာလည်း ဂွကျတယ်။ 

Block ကို မြန်မာလိုရေးခိုင်းနေသူတွေ။ သူတိုပြောတော့ တယောက်တမျိုး။ ‘ပိတ်ပင်’ ‘တားဆီး’ ‘မလာရ’ တဲ့။

‘ဒေါက်တာ’ ကို ‘သမားတော်’၊ ‘ဆရာဝန်’၊ ‘ဆေးဆရာ’ တဲ့။ 

‘ဘိုလို’ ဆိုတာကို တချို့က ‘အဘရောဂါ’ နဲ့ ဆက်နေတယ်။ ‘ဘလိုလုပ်ရမလဲ’ မှားတယ်။ ‘ဘယ်လို’ ကို ‘ဘလို’၊ ‘ဘိုလို’ မှားတယ်။

အခုခေတ်မှာ သတိထားစရာတွေ များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ