ကုန်သွားတဲ့နှစ်တွေ လာမဲ့နှစ်တွေဟာလည်း ရေလမ်းခရီးသွားနေကြသူတွေဖြစ်တယ်။ လှေတွေ သင်္ဘောတွေပေါ်မှာ သူတို့နေထိုင်ကြတယ်။
မြင်းတွေစီးသွားရင် အိုမင်းလာသူတွေဟာလည်း ထာဝစဉ်ခရီးသွားတွေ။
သူတို့ရဲ့ နေအိမ်တွေဆိုတာ သူတို့နဲ့ ထပ်ချပ်မကွာရှိနေကြတာတွေပါဘဲ။
သူတို့ထဲက အများစုဟာ လမ်းမှာ သေဆုံးသွားကြပြီ။
ငါလည်း နှစ်ပေါင်းများစွာ လေနဲ့အတူ လွင့်မျောနေတဲ့ တိမ်တိုက်တခုရဲ့ မြင်ကွင်းကြောင့် မရပ်နားတဲ့ ငါ့အတွေးတွေကို တုန်လှုပ်သွားစေခဲ့တယ်။
မနှစ်က ငါ ပင်လယ်ကမ်းရိုးတန်းတလျှောက် လမ်းလျှောက်ထွက်ခဲ့တယ်။ ဆောင်းဦးရာသီရောက်တော့ မြစ်ကမ်းဘေးရှိတဲ့ အိမ်သို့ပြန်လာပြီး ပင့်ကူအိမ်တွေကို သုတ်သင်ပစ်ရတယ်။
တဖြေးဖြေးနဲ့ နှစ်တွေကုန်ဆုံးဖို့ နီးကပ်လာနေပြီ။
နွေဦးပေါက်လာပြီဆိုရင် လေထဲမှာ မြူခိုးတွေ ကျလာတဲ့အခါ၊ ‘ရှီရာကာဝါ’ ကာရံစည်းကို ဖြတ်ကူးပြီး 'အိုကူး' ဆီကို သွားဖို့ စိတ်ကူးခဲ့တယ်။
ပျံ့လွင့်နေတဲ့ စိတ်ဝိညာဉ်ကို ငါ့မှာရှိတယ်လို့ ထင်မှတ်နေပေမဲ့ အားလုံးဟာ ငါ့အသိအာရုံတွေ ကင်းမဲ့နေတယ်။
လမ်းကိုထိန်းချုပ်ထားတဲ့ ဝိညာဉ်တွေက လက်ယပ်ခေါ်နေပြီ။ ငါ တည်တည်ငြိမ်ငြိမ် ဆက်မလုပ်နိုင်တော့ပါ။
စုတ်ပြတ်နေတဲ့ ဘောင်းဘီရှည်တွေကို ဖာထေးပြီး၊ ဝါးဦးထုပ်ပေါ်က ကြိုးကိုပါ လဲလိုက်တယ်။ ရှေ့ခရီးအတွက် ငါ့ခြေသလုံးတွေကို ဆန့်တန်းလိုက်တယ်။ ညိုသကြီးပေါ်မှာ ဘယဆေးရွက်ကို မီးရှို့လိုက်တယ်။
အဲဒီအချိန်မှာ ‘မာဆူးရှီးမား’ မှာရှိတဲ့ လကလွဲလို့ ငါဘာကိုမှ မတွေးနိုင်ဘူး။
ငါ့တဲအိမ်လေးကို ရောင်းချလိုက်ပြီး၊ ရှေ့ခရီးမဆက်ခင် နေထိုင်ဖို့ရာ ‘ဆမ်ပူရိပ်သာ’ ကို ပြောင်းရွှေ့ပါတယ်။
ပြီးတော့ ဒီကဗျာကို ငါ့တဲမှာ ချိတ်ဆွဲထားလိုက်တယ်။
သက်ငယ်တဲလေးတောင်မှ
ပိုင်ရှင်အသစ် ပြောင်းလဲနိုင်သည်ဘဲ
ငါကား အရုပ်အိမ်လေးတလုံးဆီသို့တည်း။
Matsuo Basho မတ်ဆုအို ဘရှိုး (၁၆၄၄ - ၁၆၉၄)
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment