(တင်ထားတာတခု)
"သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ"
အခြေခံပညာအဆင့် ပညာရေး အလွန်နိမ့်ကျလာပါသည်။ အထူးအားဖြင့် မြန်မာစာ အလွန်ညံ့လာသည်ကို တွေ့မြင်နေရပါသည်။ ကလေးများအတွက် လက်ရှိအခြေအနေထက် ပိုကောင်းသော ပညာသင်ကြားရေး စနစ်ကို စွမ်းနိုင်သည့် ဆရာသမားများက စီစဉ်ကြဖို့ အထူးလိုအပ်သည့် ကာလ ဖြစ်ပါတော့သည်။ အင်္ဂလိပ်ခေတ်တွင်ကား ဘုန်းတော်ကြီးကျောင်း၊ အမျိုးသားကျောင်းတို့ဖြင့် အစားထိုးကာ အဆင်ပြေခဲ့ကြဖူး၏။ ကလေးတွေ မ အဖို့၊ တွေးမိရာရာ။ (ရှေးစာကဗျာများ)
ဟုတ်။
အခြေမခိုင်၊ အိမ်တိုင်ခြစား၊ ဆေးသားခြယ်လည်း မတည််မြဲတည့်။
ဆရာ ဆရာမတွေအထက်က ခေါင်မိုး မိုးယိုနေပါသည်။ ကြတော့ ကြမ်းပါဆွေးလာပြီ။
ကျားကန်ပေးခွင့်၊ ဖာထေးခွင့် မရှိ။
ပန်းရံဆရာ၊ လက်သမား အနားကပ်ခွင့်မပြု။
အိမ်အိုအိမ်ပျက်ပေါ် တက်နေသူတွေကလည်း အအိုအပျက်ကို အလင်းအလက်လို့ ထင်နေကြသည်။
မိဘဘိုးဘွား အမွေအနှစ်အစစ်ကို ရွဲကုန်သည် လူညစ်ဆီ ရောင်းစားလိုကြသည်။
"သေရိဝဝါဏီဇဇာတ်"
(အဖိုးတသိန်းထိုက်တန်သော ရွှေခွက်ဆုံးရှုံးရသဖြင့် စိုးရိမ်ပူပန်၍ပျက်စီးရသော ရွဲကုန်သည်မိုက် အကြောင်း)
လွန်လေပြီးသောအခါဤဘဒ္ဒကမ္ဘာမှ ငါးကမ္ဘာထက်၌ သေရိဝတိုင်းဝယ် ဘုရားအလောင်း ရွဲကုန်သည်နှင့် လောဘရမ္မကြီးသော ရွဲကုန်သည်မိုက်တို့သည် ရှိကြကုန်သတတ်။
တနေ့သ၌ထိုရွဲကုန်သည် နှစ်ဦးတို့သည် ရွဲရောင်းသွားကြသည်ရှိသော် နီဝါဟမည်သော မြစ်ကိုကူး၍အရိဋ္ဌပုရ မည်သော ပြည်သို့ ရောက်ကြလေ၏။ မြို့တွင်းသို့ ဝင်ကြသောအခါ ခရီးလမ်း၊ရပ်ကွက်တို့ကို ခွဲဝေ၍ မိမိတို့ ဆိုင်ရာ ခရီးလမ်း၊ ရပ်ကွက်သို့ လှည့်လည်ကာ အသီးသီးရောင်းချကြလေ၏။
ထိုမြို့၌ သူဌေးတဦးသည် သားသမီး၊ ဆွေမျိုးဉာတိ ပစ္စည်းဥစ္စာနှင့်တကွ အလုံးစုံ ပျက်စီးကာ သူငယ်မ တယောက်နှင့် အဘွားအို တယောက်အားဖြင့် မြေး၊ အဘွား နှစ်ယောက်သာ ကြွင်းကျန်လေ၏။ ထိုမြေးအဘွားနှစ်ယောက်တို့သည် သူတပါးတို့၏ အခစားကူလီအလုပ်ကို လုပ်၍ အသက်မွေးကြကုန်၏။ ၎င်းတို့အိမ်၌ကားရှေးအခါ သူဌေးကြီး သုံးဆောင်သော ရွှေခွက်တလုံးရှိ၏။ မသုံးဆောင်ဘဲထားသဖြင့်ကြေးညှော်ထူထပ် အလိမ်းလိမ်းကပ်၍နေသဖြင့် ရွှေခွက်မှန်းပင် မသိကြချေ။
ကြွေးကြော်အော်ဟစ်ကာ ရောင်းချလာသောရွဲကုန်သည်မိုက် အိမ်ရှေ့သို့ ရောက်လေလျှင် သူငယ်မသည် ရွဲကုန်သည်ကိုမြင်၍ ရွဲဝယ်ချင်သည့်အတွက် အဘွားအိုအား “အဘွား ကျွန်မ ရွဲဝယ်ချင်သည် ရွဲဝယ်ပေးပါ” ဟုဆိုလေ၏။ အဘွားအိုလည်း “ချစ်သမီး ကူလီလုပ်စားသော ငါတို့မှာ ပစ္စည်းဥစ္စာနွမ်းပါးလှသဖြင့် အဘယ်မှာ ဝယ်နိုင်ပါမည်နည်း” ဟု ဆိုလေလျှင် သူငယ်မက “အဘွား ကျွန်မတို့မှာ ခွက်တလုံး ရှိသည်၊ အသုံးမကျ၊ ၎င်းခွက်နှင့် လဲလှယ်ဝယ်ယူမည်” ဟုဆိုပြန်သောအခါ အဘွားက သဘောတူ၍ ရွဲကုန်သည်ကို ခေါ်လေ၏။
ရွဲကုန်သည်ရောက်လျှင် မြေးအဘွားနှစ်ယောက်တို့သည် ညစ်ပေသော ခွက်ဟောင်းကိုယူကာ အဘွားအိုက “အရှင်ရွဲကုန်သည် ဤခွက်ကိုယူပါ၊ သင့်နှမငယ်အား အနည်းငယ်သော ရွဲကို ပေးပါ၊ ခွက်နှင့်ရွဲ လဲလှယ်ပါရစေ” ဟု ဆိုလေ၏။ ရွဲကုန်သည်မိုက်လည်း ခွက်ကိုယူကာ ကြေးညှော်တို့ကိုအပ်နှင့် အသာခြစ်၍ကြည့်လျှင် ရွှေခွက်မှန်းသိလျက် တစုံတရာ အနည်းငယ်မျှပင်မပေးလိုဘဲ အလကားယူလို သဖြင့် လောဘရမ္မက် ငမ်းငမ်းတက်ကာ ကောက်ကျစ်စဉ်းလဲသောစိတ်ဖြင့် “သည်ခွက်ဟာ ဘာအသုံးကျသလဲ၊ ပဲဝက်လောက်မျှ အဖိုးမတန်” ဟု ဆို၍ ခွက်ကို ပစ်ချကာ ထ၍သွားလေ၏။
မကြာမီ ဘုရားအလောင်း ရွဲကုန်သည်ရောက်၍လာပြန်လျှင် မြေး၊ အဘွား နှစ်ယောက်တို့သည် ခေါ်ငင်၍ ထိုရွှေခွက်ကိုပြကာရွဲနှင့် လဲလှယ်ကြပြန်၏။ ဘုရားအလောင်း ရွဲကုန်သည်လည်း ခွက်ကိုယူ၍ ကြည့်သောအခါ ရွှေခွက်မှန်းသိ၍ “အမိ ဤခွက်ကား ရွှေခွက် ဖြစ်သည်၊ အဖိုးတသိန်း ထိုက်တန်၏၊ကျွန်ုပ်မှာ အဖိုးတသိန်း ထိုက်တန်သော ပစ္စည်းမပါ” ဟု မှန်ကန်တည့်မတ်စွာ ပြောလေ၏။ထိုအခါ အဘွားအိုသည် “အရှင် ရွဲကုန်သည် အလျင်လာသော ရွဲကုန်သည်မှာ ဤခွက်ကားပဲဝက်မျှ မဖိုးမတန်ဟု ဆိုကာ မြေတွင်ပစ်ချ၍ သွားပါသည်။ သင်၏ ကုသိုလ်ကံကြောင့်ရွှေခွက် ဖြစ်လာဟန် တူပါသည်။ သင့်အား ပေးပါမည်၊ ငါတို့အား သားသမီးငယ်အဖို့ အနည်းငယ်မျှသော ရွဲကို ပေးပါ” ဟု ဆိုလေ၏။
ထိုအခါဘုရားအလောင်း ရွဲကုန်သည်သည် မိမိတွင် ပါသော ငွေအသပြာ ငါးရာနှင့် ကျန်ရှိသောငါးရာတန် ပစ္စည်းပါ ပေးပြီးလျှင် ချိန်ခွင်အိတ်နှင့် ကူးတို့ခငွေ ရှစ်သပြာတို့ကိုသာတောင်းကာ ရွှေခွက်ကို ယူ၍ မြစ်နားသို့ အမြန်သွားပြီးလျှင် ငွေရှစ်သပြာပေးကားကူးတို့လှေငှားလျက် မြစ်ကို ကူးလေ၏။
တဖန် ရွဲကုန်သည်မိုက်လည်းထိုမြေးအဘွားအိမ်သို့ ပြန်လာကာ “အရှင်မ ခွက်ကို ယူခဲ့လော့၊ ရွဲအနည်းငယ်ပေးမည်”ဟု ဆိုလေလျှင် သူငယ်မသည် ရွဲကုန်သည်မိုက်အား ဆဲရေး၍ “အသင်ကား အဖိုးတသိန်းတန်ငါတို့ ရွှေခွက်ကို ပဲဝက်မျှ မတန်အောင် ပြုလေသည်၊ တရားစောင့်၍ တည့်မတ်မှန်ကန်သောရွဲကုန်သည်တယောက် လာပြီးလျှင် အဖိုးတထောင်ပေး၍ ယူသွားလေပြီ” ဟု ဆိုလေလျှင်ရွဲကုန်သည်မိုက်လည်း အဖိုးတသိန်းတန် ရွှေခွက်မှ ဆုံးလေပြီ၊ လက်လွှတ်လေပြီဟု စိုးရိမ်ပူပန်ခြင်း နှိပ်စက်သဖြင့် ပရမ်းပတာမိန်းမောတွေဝေ သတိလစ်၍ မိမိလတ်တွင်ပါသော ငွေအသပြာ ဥစ္စာပစ္စည်းတို့ကို အိမ်ဝတွင်ပစ်ကြဲခဲ့၍ ဘုရားအလောင်းကိုသတ်ရန် ချိန်ရိုးကိုကိုင်ကာ လိုက်လေ၏။
မြစ်ကမ်းသို့ရောက်၍ ကူးတို့ဖြင့်ကူးသွားလျက် မြစ်လယ်သို့ ရောက်နေသော ဘုရားအလောင်းကို မြင်လျှင် ယမ်းပုံမီးကျ ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် အသက်ကို စီရင်၍ယူမည်ဟု အံကြိတ်ကာ “ဟေ့ ကူးတို့ သမား အမြန် လှေကို ပြန်လှည့်ခဲ့ပါ” ကြုံးဝါး အော်ဟစ်သော်လည်း ဘုရားအလောင်းသည် ကူးတို့သမားကို မသွားရန်တားမြစ်ကာ ကူးသွားမြဲအတိုင်း သွားလေ၏။
ထိုအခါ ရွဲကုန်သည်မိုက်လည်းသောကဖိစီး လောင်မီးဒေါသ ချုပ်တည်း၍ မရနိုင်တော့ဘဲ အူမ၊ အူသိမ်၊ နှလုံးအိမ်၊ အဆုတ်အသည်းတို့ကို မီးစွဲပူလောင်ကာ သွေးအန်လျက် ရန်ငြိုးဖွဲ့ကာ သေဆုံးပျက်စီးခြင်းသို့ရောက်လေ၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment