Skip to main content

Thank You ဖိတ်တဲ့အတွက် ကျေးဇူး

သမီးတို့ အဖွဲ့အစည်းထဲမှာ ဆရာ page ကို ဝင်လိုက်ရင် မြင်ရတဲ့ post တွေကို ပင်တိုင်ရေးသားပေးနေတဲ့ content writing team ရှိပါတယ်ရှင့်။ လက်ရှိမှာ သမီးတို့က အဖွဲ့အစည်းရဲ့ program အသစ်အဖြစ် အဖွဲ့ဝင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်ပေးဖို့အတွက် သက်ဆိုင်ရာ team နဲ့ department တွေမှာ training ပေးဖို့ စဉ်နေတာ ဖြစ်ပါတယ်ရှင်။ content writing team ကိုတော့ မြန်မာစာအရေးအသား အဖွဲ့အနွဲ့အပြင် မြန်မာသဒ္ဒါနဲ့ ပတ်သက်ပြီး training ပေးသွားဖို့ စီစဉ်နေပါတယ်ရှင့်။ သင်ကြားပေးမဲ့ ဆရာကို စဉ်းစားတဲ့အခါ မြန်မာစာပေမှာဆိုရင်တော့ တကယ်ကျွမ်းကျင်ပိုင်နိုင်ပြီး လူငယ်တွေကို ပညာလက်ဆင့်ကမ်းပေးနိုင်မဲ့သူဖြစ်ရင် ပိုကောင်းတော့ ဆရာ့ကိုပဲ မေးကြည့်ဖို့အကုန်လုံးက ထောက်ခံကြတာနဲ့ လာပြီး message ပို့လိုက်တာပါ ဆရာ။

ဆရာအချိန်ရမယ် စိတ်ဝင်စားမယ်ဆိုရင် trainer အနေနဲ့ သမီးတို့ လူငယ်တွေကို မြန်မာစာအရေးအသားနဲ့ ပတ်သက်ပြီး online Zoom meeting မှတဆင့်လာရောက်မျှဝေပေးလို့ရမလားရှင့်။ စာသင်ချိန်နဲ့တကွ course structure အသေးစိတ်ကို ဆရာစိတ်ဝင်စားမယ်ဆို ဆက်လက်ဆွေးနွေးသွားချင်ပါတယ်ဆရာ။ အချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဟုတ်။

ပတ်သက်ပြီး ရေးတာ မှန်။

တကယ် ရေးတာ မှန်။

မှတဆင့် ရေးတာ မှန်။

ဖိတ်တဲ့အတွက် ကျေးဇူး။

ဒါပေမဲ့ အဆင်ပြေလောက်မယ် မထင်ပါ။

ကျွန်တော့ စာလုံးပေါင်းသတ်ပုံမူနဲ့ ၁၉၈၆ ခုနှစ်နောက်ကစပြီး မြန်မာစာအာဏာပိုင်တွေက အမိန့်နဲ့ ပြင်ထားတဲ့မူ မတူပါ။

လက်ရှိ၊ ကျောင်းတွေ၊ ရုံးတွေ၊ ပုံနှိပ်တိုက်တွေက အမိန့်နဲ့ ပြင်ထားတဲ့မူကိုသာ (အမှန်ယူ၊ အမှန်ထင်ပြီး) သုံးနေကြတယ်။

ကျွန်တော်တင်ပြလိုက်ရင် ကျောင်းတွေ၊ ရုံးတွေ၊ ပုံနှိပ်တိုက်တွေမှာ အလုပ်လုပ်နေကြသူတွေအတွက် အခက်အခဲတွေ ဖြစ်စေနိုင်တယ်။

အိုးနှုတ်ခမ်းရွဲ့နေတာကို စလောင်ဖုံးအတည့်နဲ့ လုံအောင်ဖုံးလို့ မရနိုင်ပါ။ သူ့ဟာနဲ့သူသာ သွားပါစေတော့။

ဆိုရှယ်မီဒီယာကတော့ လွတ်လပ်တယ်။ ဆိုးတာက မှားလေလေ လူကြိုက်များလေလေ။

ခေတ်က အတော်ကို မကောင်းသေးပါ။

ဘယ်လိုပြုပြင်ပေးသင့်သလဲ ခေါင်းထဲမှာတော့ အမျိုးမျိုးတွေးကြံနေတာ ကြာပြီ။ 

ဆရာက မြန်မာစာဆရာ မဟုတ်ပါ။ ဒီခေတ်မှာ လူတဦးကို နောက်ကအမြီးကိုသာကြည့်သူတွေက များနေတယ်။ ဘာဒေါက်တာလဲ၊ ဆရာဝန်နဲ့ဘာဆိုင်လို့လဲလို့ပြောလာသူ ၂၀ ဦးလောက်ရှိပြီ။

အာဏာ၊ တာဝန်၊ ရာထူးရှိသူဆိုရင်တော့ မျက်စိမှိတ်ပြီးနာခံတဲ့အကျင့်က ရာစုနှစ်တဝက်ကျော်လာပြီ။

သင်ကြားဆွေးနွေတဲ့အခါ ကိုယ်ပြောချင်တာကို တန်းပြောနေပြန်ရင်လည်း စိတ်ဝင်စားကြမှာမဟုတ်။

အမေးအဖြေလုပ်ပြန်ရင်လည်း မေးတဲ့သူမှာ အတန်အသင့်တော့ အဆင့်ရှိမှ အဆင်ပြေမယ်။ 

ဘာသာစာစကားဆိုတာ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ၊ အသံထွက်၊ ပန်ကျူယေးရှင်း ခေါ် ယတိဘေဒ၊ စကားစုအထားအသို၊ စကားလုံးတွေရဲ့ ဆိုလိုချက်၊ မူရင်း၊ မူကွဲအမှန်၊ မူလွဲနဲ့ မူမှားတွေ ရှိပြန်တယ်။ 

အသံထွက်ဆိုရာမှာလည်း စာတလုံးတည်းမှာ အသံထွက် မတူပါ။ စာဖတ်သံ၊ စကားပြောသံ၊ သီချင်းဆိုသံ၊ ကဗျာရွတ်သံ၊ မိန့်ခွန်းပြောသံ စတာတွေရှိတယ်။ 

တလောက မေးခွန်းတခုလာတယ်။ ဆရာ့မြန်မာစာအကြောင်းရေးတာရဲ့ mission ကဘာလဲတဲ့။ အင်္ဂလိပ်စာလုံးနဲ့ မေးတယ်။ မေးခွန်းကို ပြန်မရှာအားတော့ပါ။

မြန်မာစာဖြစ်စေ၊ သုတစာဖြစ်စေ၊ ဆေးပညာစာနဲ့ နိုင်ငံရေးစာတွေဖြစ်စေ ရေးတာမှာ ကလေးထမင်းခွံ့သလို မဟုတ်ပါ။ နှုတ်တိုက်ချနည်းလည်း မဟုတ်ပါ။ ဒါဆိုဒါဘဲလည်း မဟုတ်။ ကိုယ်တိုင် ကျိုးကြောင်းဆင်ခြင်မှုနဲ့ အမှန်အမှား ရယူစေချင်တယ်။ 

ဆိုရှယ်မီဒီယာမှာက စာလုံးရေ ရာဂဏန်းဆို များလှပြီ။ တချို့က ခေါင်းစဉ်၊ တချို့က တပုဒ်တလေသာ ဖတ်ပြီး တို့ရွာကဘုရားကြီးအကြောင်းလည်း မပါဘူးတဲ့။

သိလိုသူတွေရဲ့ အခြေခံနဲ့ လားရာအဆင့်ရှိရင် ကောင်းပါတယ်။ အားပေးတယ်။

ဆရာလည်း အကုန် မသိသေးပါ။ လေ့လာလို့ မကုန်။

လူငယ်တွေ မြန်မာစာကို စိတ်ဝင်စားလာတာဟာ မိခင်ဘာသာစကားအတွက် အားတက်စရာဖြစ်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ