(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်ချိန်မှာ နိုင်ငံတော်အလံနဲ့ ပတ်သက်တဲ့ သမိုင်းမှန်အချက်တခုကို ပြန်လည်တင်ပြပါရစေ။
(၁)
Flag robbery အလံတော်အမှု ဘယ်ကတုန်းကစသလဲ
၂၅-၁၀-၂၀၁၀ နေ့က ဘီဘီစီသတင်းတခုမှာ နိုင်ငံတော်အလံသစ် ညွန့်ပေါင်းအစိုးရအလံဖြစ်လို့ပါတယ်။ “မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ခွင့်ရှိတဲ့ အခြေခံဥပဒေပါ အချက်အလက်အရ နအဖ အစိုးရဟာ မကြာခင် ရက်ပိုင်းက နိုင်ငံတော်အလံကို နိုင်ငံတဝန်း လွှင့်ထူခဲ့ရာမှာ ဒီအလံသစ်ဟာ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်အစိုးရ NCGUB ရဲ့ အလံနဲ့ဆင်တူနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား၊ လေ့လာဆန်းစစ်မှု အားနည်းလို့လား ဆိုတဲ့ မေးခွန်းကို NCGUB အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်ကို မေးကြည့်တော့ အခုကိစ္စဟာ ပဌမအကြိမ် ခိုးယူခံရခြင်း မဟုတ်ပဲ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့အစိုးရဖွဲ့ခွင့်ပါ ငြင်းဆန်၊ လုယူခြင်းခံရပုံကို ရှင်းပြပါတယ်။ ဒီအလံဟာ မာနယ်ပလောမှာ စတင်ရွေးချယ် အသုံးပြုခဲ့တဲ့အကြောင်းနဲ့ အလံရဲ့အဓိပ္ပါယ်ကိုပါ ဦးဘိုလှတင့်က ဘီဘီစီကိုပြောပြပါတယ်။ အပြုသဘောဆောင်တဲ့ အနေနဲ့ စဉ်းစားကြည့်ရင် NCGUB အစိုးရကို နအဖ အစိုးရအနေနဲ့ လက်တွဲခေါ်မဲ့ အသွင်ရော ရှိနိုင်ပါသလားဆိုတော့ မဖြစ်နိုင်ပုံကို ထောက်ပြသွားပါတယ်။”
(၂)
ကျွန်တော့်ကိုလည်း တယောက်ကမေးပါတယ်။ ကြိုက်လိုက်တာဆရာရယ် မြန်မာနိုင်ငံတော်အလံအကြောင်း အလျဉ်းသင့်ရင် ရေးစေချင်ပါသေးတယ်။ နိုင်ငံသားတွေ မည်သူမှသဘောမတူဘဲ ယတြာနဲ့ ပြောင်းသလားလို့ပါဆရာ။
မနေ့က နောက်တယောက်လည်း မေးတယ်။ ဆရာခင်ဗျာ ယခုအသုံးပြုနေကြသော မြန်မာနိုင်ငံအလံ သမိုင်းကြောင်း အစကို ဆရာတို့ စပြီးပြုလုပ်သုံးစွဲခဲ့ကြတယ်ဆိုတာကို တင်ပြရေးသားပေးစေချင်ပါသည်။ နောက်လူတွေ သိစေဖို့ ဗဟုသုတပါ။
မြန်မာ့ နိုင်ငံတော်အလံတော်တွေ ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပါပြီလဲ
ကြယ်ငါးပွင့်အလံခေါ် လွတ်လပ်ရေးရစဉ်က အလံတော်ကို (မဆလ) ၁၉၇၃ ဖွဲ့စည်းပုံအရ နေရာဝင်ယူအစားထိုးလာပါတယ်။ စပါးနှံနဲ့ ပင်နယံခေါ်ကြတယ်။ လက်ရှိ အလံကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာတာပါ။ သုံးရောင်ခြယ်နဲ့ ကြယ်တပွင့်။
၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့နဲ့ စပါးနှံပါတီက ထိပ်တိုက် ပြိုင်ခဲ့ရတယ်။ အဲတာနဲ့ အလံသစ်ကို စီစဉ်ကြတာပါ။ သိရသလောက် အမတ်တွေထဲက ဦးလှဦးက ဒီဇိုင်းလုပ်ပါတယ်။ ကျွန်တော်က နယူးဒေလီမှာသာရှိတယ်။ ကျွန်တော်တို့ ဒီအလံကိုပဲ မာနယ်ပလောရုံးမှာ တင်ထားခဲ့တယ်။ နိုင်ငံရေးအခန်းအနားတွေမှာလည်း သုံးတယ်။ အစိုးရအဖွဲ့သစ်ကျမ်းကျိန်ရာမှာလည်း ဒီအလံကိုပဲ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ NCGUB အလံအတိုင်း ထပ်တူဖြစ်နေတာ ဘာလို့လဲမေးခွန်းဟာ နိုင်ငံရေးပဟေဠိတခုပါ။ ယတြာလားတွေးသူတွေကို မဟုတ်ပါလို့ ကျွန်တော်တို့က ငြင်းရမဲ့သူမျိုးမဟုတ်ပါ။ မာနယ်ပလောကနေ နေပြည်တော်မှာ နေရာပြောင်းပြီး စိုက်ထူပေမဲ့ ကျွန်တော်တို့မှာ ခံစားချက်အပြည့်နဲ့ပါ။ အမြွှာမွေး အလံတော်လို့ မထင်ပါ။ မျိုးဗီဇမတူပါ။ စရိုက်လည်းကွဲပါတယ်။
ယူအက်စ်အေ အလံဒီဇိုင်းကို ၁၇၇၇ ကတည်းက နည်းနည်းချင်းပြောင်းလာတာ အခု (၂၇) ကြိမ်မြောက်ပါ။ ပြည်နယ်တွေ တိုးတိုးလာလို့ပါ။ ကြယ်ပွင့်ငါးဆယ်အထိဖြစ်လာတာက ၁၉၆၀ ဇူလိုင်လရောက်မှ ဟဝိုင်ယီပါလာလို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း အလံဒီဇိုင်းမပြောင်းလဲခဲ့ပါ။ အမေရိကန်အလံဒီဇိုင်းကို ဖရန့်ဆစ် ဟော့ပ်ကင်ဆန်က ရေးဆွဲခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ငံတော်အလံတွေကို ဘယ်ပုဂ္ဂိုလ်တွေက ဒီဇိုင်းရေးဆွဲခဲ့ပါသလဲ။
လက်ရှိအလံတော် ဒီဇိုင်းပိုင်ရှင် NCGUB လို့ မှတ်တမ်းတင်စေချင်တယ်။ အလံတော်ကို ပြန်မတောင်းပါ။
(၃)
၁၅-၇-၂၀၁၉
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ သတင်းတွေ ဖတ်ရတယ်။ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ပါသတဲ့။ တချက်အကြောင်းလေး ပြောပါရစေ။ နိုင်ငံတော်အလံ။
၂၀၀၈ ဖွဲ့စည်းပုံပါ အလံတော်ဟာ ကျွန်တော်တို့ NCGUB အစိုးရအဖွဲ့အလံနဲ့ တထေရာတည်းတူနေတာပါ။ ကျွန်တော်တို့ ဒီအလံကို ၁၉၉၅ ခုနှစ်အထိ မာနယ်ပလောရုံးမှာ တင်ထားခဲ့တယ်။
မြန်မာ့ နိုင်ငံတော်အလံတော်တွေ ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပါပြီလဲ။ ကြယ်ငါးပွင့်အလံခေါ် လွတ်လပ်ရေးရစဉ်က အလံတော်ကို (မဆလ) ၁၉၇၃ ဖွဲ့စည်းပုံအရ နေရာဝင်ယူအစားထိုးလာပါတယ်။ စပါးနှံနဲ့ ပင်နယံခေါ်ကြတယ်။ လက်ရှိ အလံကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာတာပါ။ သုံးရောင်ခြယ်နဲ့ ကြယ်တပွင့်။
ယူအက်စ်အေ အလံဒီဇိုင်းကို ၁၇၇၇ ကတည်းက နည်းနည်းချင်းပြောင်းလာတာ အခု (၂၇) ကြိမ်မြောက်ပါ။ ပြည်နယ်တွေ တိုးတိုးလာလို့ပါ။ ကြယ်ပွင့်ငါးဆယ်အထိဖြစ်လာတာက ၁၉၆၀ ဇူလိုင်လရောက်မှ ဟဝိုင်ယီပါလာလို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း အလံဒီဇိုင်းမပြောင်းလဲခဲ့ပါ။ အမေရိကန်အလံဒီဇိုင်းကို ဖရန့်ဆစ် ဟော့ပ်ကင်ဆန်က ရေးဆွဲခဲ့ပါတယ်။
လက်ရှိအလံတော် ဒီဇိုင်းဆရာ NCGUB လို့ မှတ်တမ်းတင်စေချင်တယ်။ အလံတော်ကို ပြန်မတောင်းပါ။
(၄)
မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ ကျော်အောင်လွင် ၂၅ အောက်တိုဘာ၊ ၂၀၁၀ https://burmese.voanews.com/a/myanmar-new-flag-ncgub-105690488/1241352.html?
စစ်အစိုးရက အခု အသစ်သုံးစွဲလိုက်တဲ့ နိုင်ငံတော်အလံမှာ အဝါ၊ အစိမ်းနဲ့ အနီ သုံးရောင်ရှိတဲ့ အလံရဲ့အလယ်မှာ ကြယ်ဖြူကြီးတပွင့် ပါပါတယ်။ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံကလည်း အခုအလံအသစ်နဲ့ တပုံစံတည်း ဖြစ်ပါတယ်။ NCGUB ကတော့ သူတို့သာလျှင် ဒီအလံရဲ့ မူလပိုင်ရှင် ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။
“ကျနော်တို့က မူလပိုင်ရှင်ဖြစ်တယ်။ အမျိုးသား ညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းစဉ် အချိန်တုန်းက မာနယ်ပလော ဌာနချုပ်မှာ ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုခဲ့တာ ၁၉၉၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။”
တကယ်တော့ နိုင်ငံတော် အလံသစ်ကို ဘယ်လိုပုံစံ၊ ဘယ်လိုအရောင် သုံးစွဲမလဲ ဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးစွဲနေတဲ့ ကာလမှာကတည်းက ဆွေးနွေးခဲ့ကြတာပါ။ လွှတ်တော်ကနေ အတည်ပြုပြီးမှ အလံသစ်ကို သုံးစွဲလိမ့်မယ်ထင်ပြီး NCGUB ဘက်က ဘာမှ မပြောခဲ့တာလို့ ဦးဘိုလှတင့်က ဆိုပါတယ်။
“တိတိလင်းလင်း သိလာတာကတော့ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ကြားနေတာ၊ နားလည်နေတာကတော့ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲတွေမှာ၊ အမျိုးသား ညီလာခံမှာ ဒီကိစ္စတွေကို ဆွေးနွေးတယ်လို့ သိရပါတယ်။ သို့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုယ်၌သည်ပင်လျှင် တကယ့်လွှတ်တော် မရှိတဲ့ တိုင်းပြည်မှာ အတည်ပြုချက် မရှိသေးတဲ့ အခါကြတော့ ဒါဟာ အခုလို နအဖကနေပြီးတော့ တရားဥပဒေ ထုံးတမ်းစဉ်လာကို မျက်ကွယ်ပြုပြီးတော့ ဒီလိုလုပ်လိမ့်မယ်လို့ မမျှော်လင့်တဲ့အတွက် ကျနော်တို့က ဘာမှ မပြောခဲ့တာ ဖြစ်ပါတယ်။”
NCGUB ကတော့ ဒီအလံကို နိုင်ငံတော်အလံ အနေနဲ့ မဟုတ်ဘဲ သူတို့ အစိုးရအဖွဲ့ရဲ့ အလံအဖြစ် သုံးစွဲခဲ့တာလို့ ဆိုပါတယ်။
“အဲဒီလို ရွေးချယ်တာက ကျနော်တို့ အစိုးရအဖွဲ့ရဲ့ အလံအနေနဲ့ ရွေးချယ်တာ ဖြစ်ပါတယ်။ ဝါ၊ စိမ်း၊ နီဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားရေး လက္ခဏာဖြစ်တယ်။ အမျိုးသားရေး လှုပ်ရှားမှု၊ အမျိုးသားရေး စိတ်ဓာတ်ကို နိုးကြားစေတဲ့ လက္ခဏာ ဖြစ်တယ်။ အလယ်က ကြယ်တပွင့်ကတော့ တခုတည်းသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု၊ ဒါမှမဟုတ် ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကျနော်တို့ လှုပ်ရှားမှုရဲ့ စုစည်းညီညွတ်မှုကို ဖော်ဆောင်တဲ့ အနေနဲ့ အဲဒီအချိန်တုန်းက ရွေးချယ်ခဲ့တဲ့အလံ ဖြစ်ပါတယ်။”
အခု စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အလံအသစ်နဲ့ တပုံစံတည်း တူနေပေမဲ့လည်း NCGUB ဘက်ကတော့ ဒီအလံကို နိုင်ငံတော်အလံအဖြစ် အသုံးပြုတာကို သဘောမတူနိုင်ဘူးလို့ ဆိုပါတယ်။
“နိုင်ငံတော်အလံ ဖြစ်စေ၊ နိုင်ငံတော်သီချင်း ဖြစ်စေ၊ နိုင်ငံတော်ရဲ့နာမည် ဖြစ်စေ ပြည်သူလူထုသာလျှင် ထာဝရပိုင်ရှင်၊ မူလပိုင်ရှင် ဖြစ်ပါတယ်။ အဲဒီ ပြည်သူလူထုရဲ့ သဘောထားတွေကို လေးလေးစားစား ကောက်ယူပြီးမှ ဒီလိုပြောင်းချင်တယ် ဆိုတာမျိုးဟာ လုပ်ရတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါဟာ ပြည်သူလူထုကို ဦးထိပ်ထားတဲ့ ဒီမိုကရေစီ နိုင်ငံများမှာ လုပ်ရတဲ့ ကျင့်ထုံး ဖြစ်ပါတယ်။ အဲတော့ ပြည်သူ့ဆန္ဒ မပါဘဲနဲ့ လုပ်တဲ့ကိစ္စ မှန်သမျှတော့ ကျနော်တို့နဲ့ တူနေလို့ ဆိုပြီးတော့ ကျနော်တို့ သဘောတူမှာ မဟုတ်ပါဘူး။”
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဟာ စစ်အစိုးရကို အဓိက ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်ခံထားရတာပါ။ စစ်အစိုးရနဲ့ အလံတူနေလို့ သူတို့အစိုးရအဖွဲ့ရဲ့ အလံကိုတော့ NCGUB က ပြောင်းလဲသုံးစွဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ။
ဓါတ်ပုံ
၇-၁၀-၂၀၀၀ နေ့က အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU ညီလာခံကနေ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့က ညီလာခံသဘာပတိ MPU ဥက္ကဋ္ဌ ဦးခွန်တယ်ဒီဘူးရီ ရှေ့မှောက်မှာ NCGUB အလံတော်ကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment