(လွန်ခဲ့တဲ့ ၁၁ နှစ်တိတိကရေးခဲ့တဲ့စာ)
ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ သို့မဟုတ် ပူတင်ကို ရုရှားက ဘယ်လိုနှစ်သက်ခဲ့သလဲ၊ ဘယ်လို မချစ်တော့ပြီလဲစာအုပ်ကို ၂၀၁၃ ဇွန်လမှာ ထုတ်ဝေခဲ့ပေမဲ့ ကနေ့ ကမ္ဘာ့အရေးအခင်းထဲမှာ ပူလောင်ဆဲဖြစ်တဲ့ (ယူကရိန်း) ပြဿနာတွေနဲ့ဆက်ပြီး (ဗလာဒီမာ ပူတင်) ကို အာရုံစိုက်ရာကနေ ၂၉-၇-၂၀၁၄ နေ့မှာ CNN တီဗွီကနေ စာအုပ်ရေးသားခဲ့သူ Ben Judah (ဘင် ဂျူဒါ) ကို အင်တာဗျူးလုပ်ပါတယ်။
စာရေးသူဟာ ကရင်မလင်အတွင်းရေးကို ဆိုဗီယက်ယူနီယံအချိန်ကတည်းက နက်နက်နဲနဲ သိထားတဲ့ သတင်းစာဆရာ တယောက်ဖြစ်တယ်။ (ပူတင်) ရဲ့ မိတ်ဆွေတွေ၊ ရန်သူတွေ၊ အစိုးရအရာရှိကြီးတွေ၊ ထိပ်တန်း စီးပွါးရေးသမားတွေကိုလဲ အင်တာဗျူးလုပ်ပြီးမှ စာအုပ်ရေးတာဖြစ်ပါတယ်။
ဝါဒဖြန့်ချိရေးအရ ရုရှားဟာတည်ငြိမ်မှုကို ထိန်းထားနိုင်တယ်လို့ ပုံဖေါ်ထားပေမဲ့ ပူတင်အစိုးရကို ၂၀၁၁ ဒီဇင်္ဘာလထဲမှာ လူထုအန်တုမှုပေါ်လာခဲ့တယ်။ သူ့လက်ထက်မှာ စီးပွါးရေးတိုးတက်လာခဲ့ပေမဲ့ အင်စတီကျူးရှင်းတွေအားနည်းပြီး တည်ငြိမ်မှုယိုင်နဲ့လာတယ်လို့ စာရေးသူကထောက်ပြတယ်။ ပူတင်လက်ထက်မှာ ဖြစ်ပေါ်လာတဲ့ လူငယ်မျိုးဆက်သစ်၊ လူလတ်တန်းစား၊ အင်တာနက်၊ ဆိုရှယ်လှုပ်ရှားမှု၊ ကမာ္ဘရွာဖြစ်စဉ်နဲ့ သမတ ဆက်ခံမှုပြဿနာတွေပါဝင်တယ်။
(ပူတင်) ဟာ ၇-၁၀-၁၉၅၂ မှာမွေးခဲ့ပြီး၊ ရုရှားသမတအဖြစ် တတိယအကြိမ် ၇-၅-၂၀၁၂ ကတည်းက ဖြစ်တယ်။ ၂၀၀၀ နဲ့ ၂၀၀၈ တုံးကလဲ သမတလုပ်ခဲ့သေးတယ်။ ၁၉၉၉-၂၀၀၀ နဲ့ ၂၀၀၈-၂၀၁၂ တွေမှာ ဝန်ကြီးချုပ်လုပ်ခဲ့တယ်။ နာမည်ကြီး ထောက်လှမ်းရေး KGB မှာ ၁၉၇၅ ကနေ ၁၉၉၁ အထိ ၁၆ နှစ်ကြာ တာဝန်ယူခဲ့သေးတယ်။ (ပူတင်) ဟာ ဆိုဗီယက် အာဏာရှင် (စတာလင်) နဲ့မတူပါ။ သူ့ရဲ့ ကလကာနောက်ကွယ်ကဘဝဟာ သာမန်လူတယောက်လို လွတ်လပ်မှုရှိတယ်။ မနက်အိပ်ယာထရင် အရင်ဆုံး ရေကူးပြီး ဂျင်မ်မှာလေ့ကျင့်ခန်းလုပ်တယ်။ သူ့ဇနီး (လုဒ်မီလာ) နဲ့ ၂ဝ၁၃ မှာကွဲတယ်။ သမီး ၂ ယောက်ရှိတယ်။ သူဟာ အပျော့စားကွန်မြူနစ်ဖြစ်တယ်လို့ ဆိုကြတယ်။ အင်တာနက်ကို သုံးခဲပြီး၊ ကြိုးဖုန်းကိုသာ သုံးတာများတယ်။ နောက်ပြီး သူဟာ အရေးကြီးတဲ့အဆုံးအဖြတ်တွေကို သူတယောက်တည်း ညဉ့်နက်သန်းခေါင်ကျော်မှာ ချုလေံရှိတယ်။ ဝန်ကြီးအဖွဲ့၊ ဗဟိုကော်မတီ၊ ထောက်လှမ်းရေးတွေမပါဘဲ လုပ်တတ်တယ်။
၁၉၉၉ တုန်းကထုတ်ခဲ့တဲ့ ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ သို့မဟုတ် အင်ပီရီရယ်ရုရှား၏သမိုင်းစာအုပ်ကိုတော့ (အလက်ဇန္ဒာ ချူဘာရော့ဖ်) ကရေးတာဖြစ်တယ်။ ဇာဘုရင်နန်းဆက်ပြတ်သွားတာ၊ ဆိုဗီယက်ယူနီယံပြိုကွဲတာရဲ့ နောက်က အဖြစ်အပျက်တွေကို ရေးတာဖြစ်တယ်။ ရုရှားအင်ပီရီရယ်ခေတ် (ပီတာဘုရင်ခေတ်ကနေ ဇာဘုရင်ပြုကျတဲ့ ၁၉၁၇ အထိ) ကို သုံးသပ်ထားပါတယ်။ အင်ပီရီရယ်ကို တချို့နေရာမှာ နယ်ချဲ့ဝါဒလို့ဘာသာပြန်ပေမဲ့ ဒီနေရာမှာ အင်ပါယာသာ ဖြစ်ပါတယ်။
ရုရှားအကြောင်း ကျွန်တော်တို့နိုင်ငံသားတွေက စိတ်ဝင်စားမှုနည်းကြတယ်လို့ ထင်ပါတယ်။ အနှစ် ၂၀ကြာ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်းက ရုရှားဟာ အမြဲတန်း စစ်အစိုးရဘက်က လိုက်တာမို့လဲ ရုရှားကို ခင်မင်ရင်းစွဲမရှိကြပါ။ ကုလသမဂ္ဂမှာ ဗီတိုပါဝါနဲ့အဆိုပယ်ချတာ၊ စစ်အစိုးရကို အနုမြူ (ရီယက်တာ) ရောင်းပေးတာ၊ ပညာတော်သင်လွှတ်တာတွေဟာ ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ သာမန်မြန်မာနိုင်ငံသားတွေက မေးခွန်းတွေထုတ်ခဲ့ကြတယ်။
ကျွန်တော် နိုင်ငံတကာလွှတ်တော်များသမဂ္ဂ အစည်းအဝေးတွေသွားပြီး စည်းရုံးရေးလုပ်တိုင်း ရုရှားအမတ်ဆိုလို့ တယောက်မှ မြန်မာအရေးကို ထောက်ခံမှုပေးတာ မရှိပါ။ ကိုယ်စားလှယ်အဖွဲ့ဝင်အရာရှိတဦးကသာ သူက ရန်ကုန် ဆိုဗီယက်သံရုံးမှာ တာဝန်ကျခဲ့သူဖြစ်လို့ လူချင်းခင်မင်မှုရှိပါတယ်။ ဗမာစကား တလုံးစနှစ်လုံးစလဲ မမေ့သေးသူဖြစ်တယ်။
ကိုယ်ကမနှစ်သက်ပေမဲ့ ကိုယ့်ကိုကောင်းကျိုးမပေးတဲ့ နိုင်ငံအကြောင်းတော့ သိဘို့လိုပါတယ်။ မနေ့တနေ့ကတင် အိန္ဒိယနဲ့ ရုရှား မြန်မာ့အရေးမှာ ဆင်တူတဲ့အချက်ရှိတာကို ရေးမိပါသေးတယ်။ အခုအစိုးရကလည်း မဖြစ်မနေ အရင်အစိုးရတွေ လုပ်တာတွေမှန်သမျှ အမွေဆက်ခံရပါတယ်။
ရှေးသမိုင်းမှာ အင်ပါယာတွေထူထောင်ခဲ့ကြတယ်။ အချိန်တန်တော့ပြိုကွဲသွားတယ်။ ခေတ်သစ်သမိုင်းမှာ ကံဆိုးတာက ပြည်ထောင်စုပြိုကွဲနိုင်ချေစကားနဲ့ စစ်တပ်ကအာဏာသိမ်းခံခဲ့ရတယ်။ ကံသိပ်မဆိုးတာက ထောက်လှမ်းရေး အကြီးအကဲဆိုသူ နေရာမရဖြစ်သွားတာပါ။ အခုတော့ ခွဲထွက်ရေးစကားဟာ အတော်ကြီး ခေတ်စားလာတယ်။ ခွဲစိတ်ရေးလည်း ပြောလာကြတယ်။ ကံဆိုးမလား၊ ကံကောင်းမလား မသိပါ။
Fragile Empire: How Russia Fell In and Out of Love with Vladimir Putin
Fragile Empire: A History of Imperial Russia
ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၁၄

Comments
Post a Comment