ကွန်မင့်တခု = ပဲ နှင့် ဘဲ သတ်သတ်မှတ်မှတ် ခွဲထား မရှိခင်က ကိုယ်သန်ရာ၊ ကိုယ့်စိတ်ကြိုက်အမျိုးမျိုး ရေးခဲ့ကြ တာ အမှန်ပါ။ သတ်သတ်မှတ်မှတ် ခွဲထား ရှိပြီးတဲ့အခါ (ငြင်းဆိုစရာအကြောင်း တိတိကျကျ ခိုင်ခိုင်မာမာလည်း မရှိဘူး ဆို) ခွဲထားအတိုင်း အများ တညီတညွတ်တည်း ရေးကြ တာ (တယောက်တပေါက် ရေးချင်သလို ရေးနေကြ တာနဲ့ စာ) ပို ကောင်းတယ်၊ ပိုသင့်လျော်တယ် ထင်ပါတယ်။ ရှေးစာများကို သူ့မူရင်းအတိုင်း မဟုတ်ဘဲ (ကိုယ့်သဘောနဲ့ ကိုယ်) နောက်မူနဲ့ ပြင် ပြန်ဖော်ပြကြ တာမျိုးက တော့ နှောင်းလူက ရှေးလူကို မလေးစားရာ၊ မထီမဲ့မြင်ပြုရာ ရောက်တာမို့ ဆင်ခြင်သင့်ကြပါတယ်။
ပြန်စာ
စာလုံးပေါင်း သတ်ပုံခွဲထားများဆိုတာ ခေတ်ကာလအစောကြီးကတည်းက ရှိခဲ့ပါတယ်။
ဥပမာ
၁။ ရွှေနားတော်သွင်း ခွဲထား ဆရာတော်ဦးဗုဓ် စသော ရှေးဆရာတို့ အထူးကိုးကားသော ကျမ်းဖြစ်ပါသည်။
နန်းရွှေတောင်၌၊ ထွန်းပြောင်သုံးလ
ယောက်ဖမင်းမြှောက်၊ ရာမမျောက်လျှင်
တစီးရှင်၏၊ သက်တင်ပိုက်ဖြား
သမီးသားတွင်၊ ရှေ့ဖျားအကြီး
ဘိုးတော်ကြီးထုံး၊ ရိုက်ချုန်းကျံကျံ
အောင်ပွဲခံက၊ လုပ်ကြံနောင်ရေး
ရှေးရှေးစဉ်လာ၊ သာသနာကို
ဖျာသို့လိပ်ယူ၊ မင်းတဆူလျှင်
ပြူကြံချင်၍၊ ဆင်ခြင်မရှိ
နတ်ဝိသုကြုံ၊ စေတိုင်းကုံသို့
ယုံကျူံသက်ပြွန်၊ သေနတ်ဝန်နှင့်
သူ့ကျွန်အခြား၊ ထီးဆောင်းများတို့
စက်ချားသို့မတ်၊ လျောက်ပတ်ရွေးချယ်
မျက်စုံခြယ်သား၊ ထိုဝယ် ကမ်းယံ
နောက်တရံထူ၊ မခံ ပြူချင်း
ရန်ဖြစ်ခြင်းကြောင့်၊ စလင်းဘုရင်
နတ်ခွင်လဲပြောင်း၊ ဦးရီးနှောင်းတွင်
ညံ့ပျောင်းသည်းအူ၊ မင်းရွှေကျူကို
ပျံ့ကြူလှိုင်ဧး၊ တခြေးခြေးလျှင်
ဟစ်ကြွေးညာလျက်၊ ညီညာ တတ်ဆန်း
ကြောက်ခမန်းတည့်၊ တိုင်းခန်းရွံ့ကြောက်
သွားလေမြောက်က၊ မြကျောက်တံတိုင်း
လှိုင်းဝဲ ဖလုံ၊ ရေစာကုံဆို
ကြိုက်ကြုံခါထူး၊ မြတ်ကျေးဇူးကို
လေးဦးမကြေ၊ တပ်လုံး နေသို့
မကျေ သံပိုင်း၊ တလိုင်းသူ့ရှင်
အသည်းကျင်၍၊ ချစ်ကြင်မယွင်း
ဗိုလ် ခပင်းနှင့်၊ လှေချင်းငြာလျက်
ညီညာ မလှဲ့၊ သုံးဆဲ့ ခြောက်စင်း
အင်ကြင်းပွင့်ဝတ်၊ မိုးမြေဖြတ်ချိုး
အောင်စည်မိုး၍၊ ထစ်ကြိုးရွာလေ
စေက ကြပ်ကြပ်၊ ကိုယ်တိုင်ကွပ်၍
မြောင်းကျပ်ကျကျ၊ ဒီပ ကြောက်ငြင်
ဘိုးနတ်ရှင်ကား၊ ယဉ်ညင် မြစ်ကြောင်း
မြို့ကျောက်မြောင်းဝယ်၊ မိကျောင်းရဲလှေ
ဧရာဝတီ၊ မြစ်လုံး စီမျှ
စီစီ ကျွတ်ကျွတ်၊ အုတ်ကျက်ကျက်လျှင်
ကြွက်နှင့်ကြောင်ဘား၊ တွေ့သောလားသို့
စကားတင်ပြက်၊ ရှိပေလျက်ကို
ရှေးပျက်ခဲ့လေ၊ စိတ်နေမှတ်ကြံ
ကြံ့ကြံ့ခံသော်၊ လိမ်းကျံရွမ်းမြည်
တိုက်မည်ရန်လုံး၊ အစဉ်ကျုံး၍
ဆိုကြုံးဝါးကာ၊ ဟင်္သာမြို့မြောက်
ချီလှာရောက်၍၊ သုံးယောက်နောင်ရင်း
တောင်တွင်းချောင်စား၊ တောင်ကမ်းကြားက
ပြောက်ကျားနီကြန်၊ စိတ်ဖောက်ပြန်သည်
ငကြန်ဟူသည်၊ စော်ဘွားညီလည်း
မပီ ဆင်ခြေ၊ ဆိုမှားချေသို့
အမွေထိန်းကျောင်း၊ ရိပ်ဖြူဆောင်း၍
ရွှေကျောင်းစံပြီး၊ ချစ်မငြီးသည့်
လျှံညီးမီးခဲ၊ ရဲရဲ မည်းကျုတ်
သွေးသံစုပ်၍၊ ကြုတ်ကြုတ်မြည်အောင်
သောက်မည်ယောင်သို့၊ ခုမောင် တိုက်ချေ
ခန့်လိုက်စေသော်၊ စစ်ခြေသူက
များလှပုန်းတိုး၊ ယင်းကြောင်းကျိုးသည်
ကောင်းကျိုးခပ်သိမ်း၊ မလိမ်းမကျံ
မင်းဖြစ်ကြံလျက်၊ ဆော်ဖန် ဝေခြမ်း
အမှုထမ်းတို့၊ စိတ်ချမ်းစိတ်ဝင်
သန့်စင်ခါကြိုက်၊ ယောက်ချင်းတိုက်က
ကျိုက်ကျိုက်ဆူကြိုး
- မာန်သွင်းမငြိုး၊ ဒီမြစ်ရိုးသို့ - ( မူကွဲမပါ)
ညိုးညိုး ညီးညီး၊ ရွှေဘောင်စီး၍ (ကြီးနှင့်- ကွဲ)
မငြီးရွှင်လန်း၊ ရေပန်း တက်ဖြာ
မြိုင်သာ ကျင်းကျင်း၊ ပေါက်လဲကင်း၍
ငါးကြင်းဆန်လု၊ ဆောင်းရတုဝယ်
စိတ်ခုဟော့ရမ်း၊ မကြော့ကြမ်းမူ
တင်းကြမ်းရေကြည်၊ ချမ်းကြည် စင်ကြယ်
နက်ဝှမ်းကျယ်သား၊ ပင်လယ်ရေရှင်
မြစ်အပြင်ဝယ်၊ မတင်ထွေပြား
ရှမ်းမင်းဖြားကို၊ ဖြားဖြားယောင်းယောင်း
အပေါင်းမြေပေါ်၊ သိန္ဓောကျော်နှင့်
ငြာကြော်ပစ်ဖောက်၊ အမြောက်စိန်ပြောင်း
ပဲ့တင်ခြောင်းမျှ၊ လက်ချောင်းသို့စိပ်
ဦးထိပ်ထုတ်ချောက်၊ မင်းဖြစ်လောက်ဟု
ဆင်ခြောက်ဆယ်မှန်၊ ထက်စွယ်ချွန်နှင့်
ကလန်သံပျင်၊ ရှာဖွေ တင်လျက်
နန်းပြင်စိုးယူ၊ ကျွန်းဇမ္ဗူဝယ်
နတ်လူ ကြည်ယုံ၊ ရူပါရုံကို
တည်ထုံသင်္ချေ၊ ရုံးစည်းထွေဖြင့်
မချေမငံ၊ ဝင်းလျှံဥစ္စာ
ခြောက်နှစ် ကြာက၊ ကြာကြာကြွေးဟစ်
မင်းစစ် မင်းဖျား၊ မလှည့်စားဘဲ
အခဲ အကျဉ်၊ ရေအယဉ်တုံ
ရှောင်ကြဉ် မငံ့၊ တံ့တံ့ ခုကြိတ်
အံသွားကြိတ်၍၊ ဗျာဒိတ် တန်ခိုး
စက်မိုးကြိုးသို့၊ အကျိုးဝှဲချီး
ကြက်သီးဝှန်ပြင်း၊ ထပြခြင်းကြောင့်
ချင်းနှင့် ကချင်၊ ကြံဆင်ခြင်၍
ထို့ပြင်တသီး၊ ကျီးနှင် လက်မြှောက်
ခြိမ်းလိုက်ခြောက်က၊ ထုတ်ချောက် ဒဂုန်
ရဲမုန်ပေါက်ပြ၊ စစ်ရေးပြလျက်
ဗလခွန်အား၊ တရဖျားမူ
ပေါက်သားကျော်ဟိုး၊ သတိုးမင်းစော
တင့်မောရှောင်ချီး၊ ရွှေဘွဲ့ချီးမှ
မကြောင့်ကြပေ၊ ရဲနေ ကျကျ
ချမ်းမြ အုတ်ကျက်၊ ပျံသည့် ကြက်သို့
လျှပ်စက် အယောင်၊ တန်ဆာရောင်နှင့်
ကိုယ်ရောင် ယှက်နွယ်၊ ဖြင်ပေါယယ်၍
ငိုရယ်ကျံကျံ၊ မြိုင်သာယံတွင်
ခြွေရံ မနီး၊ သံကြီး လေးမည်
မိုးကြိုးမြည်သို့၊ စိတ်ကြည် မေတ္တာ
ခိုင်ကြည်စွာလည်း၊ ဆရာဘုန်းရှိ
တောင်ရှည့် ဟူလောက်၊ လျှော့ဖွယ်ရောက်လည်း
ခွက်အောက် ရွှေငွေ၊ ကြာနေလည်းပြက်
ပျောက်ခဲ့ပျက်၍၊ ရန်မက်ထပ်ကုန်
ရန်မုန်ဟစ်လျက်၊ ရှင်ဖြစ်စေကြောင်း
ထိန်းကျောင်းဆိုပင်၊ မငြင် မငြို
နတ်မောင်လိုလျှင်၊ ကိုယ်ကို ကျပ်ကျပ်
စီးကြပ်စွဲသုံး၊ ပတ်ကုန်း ဝန်းကျင်
ဇမ္ဗူပြင်ဝယ်၊ အကြင်လိုအပ်
ယင်နှင့် ယပ်သို့၊ အရပ်မျက်နှာ
သန္တာ ပွင့်တုံ၊ သင့်ရုံ ပျိုနု
တစု မရှိ၊ မရှိ ကံထူး
ဝေးကြူး ကမ်းတပ်၊ မှာဘက်ရပ်သို့
မကပ်စုတ်စုတ်၊ တယောက်ယုတ်ဖြင့်
ရုတ်ရုတ်သဲသဲ၊ ပြက်ကွဲ ကိစ္စ
လောင်မီးချလိုက်၊ ခြခြ မြေကြီး
မင်းထီးရန်ငူး၊ ရည်ညွန်ခူးလျက်
စောလူးစံမြောက်၊ နှစ်ဆယ့်ခြောက်တွင်
ချောက်ချောက်ချားချား၊
မင်းကြား မချပ်၊ နှစ်နှစ်လပ်သော်
ပိုးဟပ် ကြွက်တု၊ ဖျက်ဆီးပြုသည့်
တခုယုတ်ကျန်၊ ငရမန်ကို
မင်းကျန်ရစ်သား၊ ဘုန်းဖြင့်ဝါးသည်
ခွဲထား ရွှေနားတော်သွင်းတည်း။ ။
(#ရှေးစာကဗျာများ)
(၂)
ခွဲထားဗျည်း ဇယားပုံ
စာပေမှာကျမ်း၊ အိမ်မှာကြမ်း၊ ခွဲခြမ်း မစိတ်နိုင် (ကဝိလက္ခဏာသတ်ပုံ ဦးသြ)
(၃)
ကြော် ကျော် ခွဲထား - ရတနာကြေးမုံသတ်ပုံ https://burmese-spelling.blogspot.com/.../blog-post_963.html
(၄)
တက္ကသိုလ် မြန်မာ သတ်ညွှန်းကျမ်း (၁၉၆၃) မြန်မာစာအရေးအသားတွင် အသတ်နှင့်ပတ်သက်၍ ညွှန်းပြသောကျမ်း။ ပြုစုသူ ဦးဝန်။
https://burmese-spelling.blogspot.com/.../blog-post_924.html
(၅)
ခွဲထားဗျည်း ဇယားပုံ https://burmese-spelling.blogspot.com/.../blog-post_49.html
(၆)
ခွဲထား https://m.facebook.com/story.php?story_fbid=2161315850565010&id=1877881868908411
(၇)
တက္ကသိုလ်မြန်မာအဘိဓာန်
ရှေးမြန်မာကျမ်းတဆုကျော်နှင့် ရှေးပညာရှိတို့ ခွဲထား၊ သတ်ညွှန်းကျမ်းတို့ကို အကိုးအကားပြု၍ ပြုစုခြင်းဖြစ်သည်။ မူလက မြန်မာသတ်ညွှန်းကျမ်း (၁၉၅၂) အမည်ဖြင့် ထုတ်ဝေခဲ့ပြီး ဒုတိယအကြိမ် အသစ်ပြုပြင် ချဲ့ထွင်ပုံနှိပ်သောအခါ ဤအမည်ကို သုံးစွဲခြင်း ဖြစ်သည်။
တက္ကသိုလ်မြန်မာအဘိဓာန် (၁၉၅၂–၁၉၆၄)။ ။၁၉၄၈ တွင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံတော် ပညာတံခွန်အသင်း* ၏ လုပ်ငန်းရပ်များတွင် အဘိဓာန်ပြုစုရေးသည်လည်း တခုအပါအဝင် ဖြစ်၏။ ထို့ကြောင့် ထိုအသင်း၏ အောက်တွင် ပညာဝှက်စုံဌာနနှင့် အဘိဓာန်ဌာနဟူ၍ ရှိခဲ့ရာ အဘိဓာန်ဌာန ကြီးကြပ်ရေးအဖွဲ့တွင် ဦးဖေမောင်တင်* က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဦးခင်မောင်လတ်၊ ဦးသိန်းမောင်*၊ ဦးသိန်းဟန်* တို့က အဖွဲ့ဝင်အဖြစ်၊ ဦးဝန်* က စာတည်း၊ ဦးစိန်ဝင်းက လက်ထောက် စာတည်းအဖြစ်၊ ဦးတင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကြ၏။ ဦးဖေမောင်တင်၊ ဦးဘဂျီ (ဒီးဒုတ်)* နှင့် ဦးမောင်မောင်လတ်တို့က အတိုင်ပင်ခံစာတည်းများအဖြစ် တာဝန်ယူခဲ့၏။
ထိုအဖွဲ့သည် မြန်မာအဘိဓာန်ကြီး တစောင် မဖြစ်နိုင် အလေ့အကျင့်လည်းရ၊ ကျောင်းသုံးအဘိဓာန်ငယ် တခုလည်း ပြုရလေအောင်ဟူသော သဘောဖြင့် အဘိဓာန်လုပ်ငန်းကို စလုပ်ခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်သဖြင့် ကွမ်းခြံကုန်းမြို့ ရွှေကျောင်းကျောင်းတိုက်တွင် လုပ်ငန်းဆောင်ရွက်ခဲ့ကြ၏။ ၁၉၄၅ ပြီတွင် စစ်ဘေးအရှိန် ပြင်းလာသဖြင့် လုပ်ငန်းကို ခေတ္တရပ်နားခဲ့၏။
၁၉၄၇ တွင် ပညာတံခွန်အသင်းသည် အဘိဓာန်ဌာန၏ လုပ်ငန်းအရပ်ရပ်ကို ရန်ကုန်တက္ကသိုလ်သို့ ရွှေ့ပြောင်းပေးသည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၈ ဇွန် ၁ ရက်တွင် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနကို တည်ထောင်ခဲ့ပြီး ပညာတံခွန်အသင်း၏ လက်ငုတ်လက်ရင်း ဖြစ်သော အဘိဓာန်လုပ်ငန်းကို ဌာန၏ လုပ်ငန်းတခုအဖြစ် ဆောင်ရွက်ခဲ့၏။ ထိုအခါ အဘိဓာန်လုပ်ငန်းကို စာတည်းမှူး ဦးဝန်* က တာဝန်ယူ၍ ဦးတင်*၊ ဦးတင်လှ* စသော စာတည်းများ၊ ဌာနဆိုင်ရာ အခြား အရာထမ်း၊ အမှုထမ်းများအကူအညီဖြင့် ဆောင်ရွက်ခဲ့၏။ အကြံပေးအဖွဲ့တဖွဲ့ကို ဖွဲ့၍လည်း အကြံဉာဏ်များ တောင်းခံခဲ့၏။ ထိုအဖွဲ့တွင် ဒေါက်တာဘဟန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဦးဖေမောင်တင်၊ ဦးလှအောင်၊ ဦးမောင်*၊ ဦးသိန်းဟန်၊ ဦးမျိုးမင်း* တို့ ပါဝင်သည်။
၁၉၄၉ စက်တင်ဘာ ၁၄ တွင် 'က' အက္ခရာ ဆိုင်ရာ ပုဒ် ၃၄၆၉ ပုဒ် ပြီးသည်။ ယင်းကို ၁၉၅၂ တွင် -
မြန်မာစာပေအဘိဓာန် ၁၃
ကောက်ချက်
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့်ခွဲထား (မြန်မာစာအဖွဲ့ဦးစီးဌာန) ဒုတိယအကြိမ် (၂၀၀၃)
တ အရေး တစ် အရေးလို့လည်းပါလာပြီ။ အရင်က တ နဲ့ရေးထားခဲ့ပြီးဖြစ်တဲ့ စာလုံးအတော်များများကို စသတ်ခိုင်းထားပါတယ်။
ခွဲထားစနစ်တွေအများကြီးရှိခဲ့ရာကနေ ၁၉၈၆ ခုနှစ်နောက်မှာ တက်လာတဲ့ မြန်မာစာအဖွဲ့ အသစ်ထုတ်ခွဲထားစာအုပ်မှာသာ တဝမ်းပူတွေကို စသတ်စေပါတယ်။
နောက်ထုတ်၊ နောက်တက်၊ နောက်ရေးတွေတိုင်းကို စစ်မှန်ကောင်းမွန်တယ်လို့ ကောက်ချက်ချရတာ ခက်ပါတယ်။
ဒါပေမဲ့ လူကြီးမင်းတို့ သဘောပါ။
ကွန်မင့်အတွက် ဒီစာကို ရေးဖြစ်လို့ ကျေးဇူး။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment