Skip to main content

"နှလုံးသွေးပျက်သော တေးတပုဒ်"

(သုခ)

(ကူးယူတင်ပြတာသာ ဖြစ်ပါတယ်။ စာတလုံးတလေ မပြင်ပါ။ စာပိုဒ်ခွဲတာသာ လုပ်ပါတယ်။ မူရင်းတင်ပြထားသူ ကျေးဇူး။)

`ဇေယျတု သဗ္ဗမင်္ဂလံ' မင်္ဂလာသြဘာ ယိုးဒယားသီချင်း။ (ရေးသူ ဆရာဦးပြုံးချို)

ဆရာကြီးဦးပြုံးချို စုဆောင်း ရေးသားအပ်သော မဟာဂီတ ပေါင်းချုပ်ကြီးတွင် ဤသို့ဖော်ပြထားသည်။

ထိုဂီတကျမ်းကို လွန်ခဲ့သော အနှစ် ၄၀-ခန့်က စ၍ သူရိယသတင်းစာတိုက်တွင် ပုံနှိပ်ထုတ်ဝေသည်ဟု ထင်ပါသည်။ သဗ္ဗမင်္ဂလံ၊ ခပ်သိမ်းသော မင်္ဂလာဟူသမျှ၊ ဇေယျတု၊ အောင်မြင် ပြီးမြောက်ပါစေသတည်း။

သီချင်းတပုဒ်လုံး ကောင်းမြတ်သော ဣဋ္ဌမင်္ဂလာ ဩဘာ ဆုတောင်းစာသားတို့ဖြင့် တင့်ရွှန်းလှပါဘိသည်။ ခံညားလှပါဘိသည်။ ကျက်သရေ ပြည့်စုံပါဘိသည်။

ခေတ်ဟောင်းမှသည် ယခုခေတ်အထိ အလှူမင်္ဂလာ ပွဲနေပွဲထိုင်တို့၌ ဤသီချင်းလောက် တင့်တယ် လျောက်ပတ်သော ဂီတသည် ရှိအံ့မထင်။

တေးသွားတီးကွက်ကို ဆိုရပြန်မူလည်း ရိုးရိုးခံ့ခံ့နှင့် ဣနြေ္ဒပြည့်ဝပါ ဆိုသည်။

သို့သော် ဤသီချင်းသံကို ကြားမိတိုင်း နာမိတိုင်း ဝမ်းနည်းသလိုလို ကြေကွဲသယောင်ယောင် ဖြစ်ခဲ့ရသည်မှာ ကျွန်တော်၏ ခံစားချက်တရပ်ပင်ဟု ဆိုရပါမည်။

ကျက်သရေမင်္ဂလာ နားဝင်သာသည့် ကြားက အဘယ်ကြောင့် ဝမ်းနည်း ကြေကွဲရပါသနည်းဟု ဆိုလျှင် အနှီသီချင်း ဤသီချင်း၏ ဖြစ်ပေါ်လာပုံကို ခပ်မှေးမှေး ကျွန်တော် ကိုယ်တိုင် မှတ်မိနေခြင်းကြောင့် ဖြစ်ပါသည်။

အတိတ်ကို ဆောင်ရသော်…

ကျွန်တော်ကိုယ်တိုင် လူ့လောကကြီးထဲ မရောက်သေးမီက အစပြုမှ ဖြစ်ပါမည်သာတည်း။ ကျွန်တော်၏ ဖွားအေ (ကျွန်တော့်မိခင်၏ မွေးမေ) မှ ကျွန်တော်၏ မိခင်ကို မျက်နှာမြင်ပြီးစက ဖြစ်ပေလိမ့်မည်။ကျွန်တော့်ဖွားအေ ဒေါ်ငြိမ်းမှာ မျက်စိနှစ်ကွင်း အလင်းမရသော မောင်ကလေးတယောက် ရှိလေသည်။ နာမည်ကား မောင်တုတ်ပေါ ဟူသတည်း။ ဒေါ်ငြိမ်း၊ မောင်

တုတ်ပေါ၊ မသိုင်း၊ မလုံမကလေး ဟူ၍ ညီအကို မောင်နှမ ၄-ယောက် ရှိလေရာ မောင်တုတ်ပေါကလေး ၁၂-နှစ်သား ခန့်က ဆော့ရင်း ကစားရင်း မျက်စိနာစွဲ၍ ၁၅- နှစ်သားခန့်တွင် လုံးဝ ကွယ်သွားရှာသည်။

တဦးတည်းသော မောင်ကလေး ဖြစ်ခြင်းကြောင့် စားနိုင် သောက်နိုင် ကြေးရေတတ်များ ဖြစ်သည် အားလျော်စွာအမျိုးမျိုး အထူးထူးသော ဆေးဝါး သမား ဟူးရားတို့နှင့် ကုမစေသော်လည်း အချည်းနှီး။ ကံနာ ဝဋ်နာသဖွယ် ရှိရှာလေသည်။

ထို့အတွက်ကတဆင့် အကြင်နာ ကရုဏာပိုကာ လူပျိုပေါက်ကလေး မောင်တုတ်ပေါအား လိုလေသေးမရှိရ အလိုလိုက်ကြသည်။မောင်တုတ်ပေါကလေးမှာ တူရိယာ ဂီတဘက်တွင် ဝါသနာထုံလွန်းသည်။ ပတ္တလားသင်လိုသည် ဆို၍ မန္တလေးရှိ အမျိုးများထံ ပတ္တလားတလက် မှာပေးသည်။ စက္ခုဝိညာဏဓာတ် ကင်းမဲ့သလောက် သောတဝိညာဏဓာတ်တွင် အားပို ကောင်း လေရကား တီးခတ်သောအသံတို့တွင် စွဲမြဲစွာ မှတ်မိလေသည်။ သိုသော် မောင်တုတ်ပေါကား သူ့ဘဝကို သူမကျေနပ်။ ။

မင်းဘူးမြို့တွင် မြန်မာဘုရင် ရှိစဉ်က နန်းတွင်းစောင်းဆရာကြီးအဖြစ် ခစားထမ်းရွက်ရသော ဒေ၀ဣန္ဒာဘွဲ့ရ ဆရာကြီး ဦးမောင်မောင်ကြီးမှာ ရဟန်းဘဝနှင့် ရှိလေသည်ဟု ကြားသောကြောင့် မောင်တုတ်ပေါသည် ထိုဆရာကြီးထံ တပည့်ခံ သွားလိုကြောင်းဖြင့် မကြာခဏ ပူဆာလေသည်။

သူ့အမကြီး ဒေါ်ငြိမ်းသည် သူ့မောင်ကလေး မျက်မမြင် ဒုက္ခိတကို ခွဲ၍မထားနိုင်၊ မထားရက်ရှာ။ အမျိုးမျိုး အနည်းနည်း ငိုတလှည့် ရယ်တတန် ချော့မော့ ဖျောင်းဖျနေရရှာသည်။ သို့သော် ဇွဲကြီးသော မောင်တုတ်ပေါသည် အံ့ဩဘနမ်း ကျိုက်လတ်မြို့မှ မင်းဘူးမြို့အရောက် တိတ်တဆိတ် ထွက်ပြေးလေသည်။

မင်းဘူးမြို့ ဆရာကြီး၏ ခြေတော်ရင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြောင်း သိရမှ ဒေါ်ငြိမ်းသည် ငွေထုပ်ကိုပိုက်၍ မင်းဘူးမြို့သို့ လိုက်သွားရရှာသည်။

ရဟန်းတော်ဆရာကြီးသည် မမြင်မကန်းနှင့် စွန့်စားလာရောက်သော မောင်တုတ်ပေါကလေးအား ကရုဏာရှေ့ထား အကြင်နာပွား၍ အခြားတပည့်များထက် ဂရုစိုက်ရှာလေသည်။

အထက်ပါ အကြောင်းအရာများမှာ ကျွန်တော့်အား မမွေးမီက အကြောင်းများဖြစ်လေရာ ကျွန်တော် လူမှန်းသူမှန်းသိ ၇-နှစ်သား အရွယ်လောက်တွင်ကား ကျွန်တော့် ဖွားအေ ကျွန်တော့် မိခင်တို့ကိုယ်တိုင် ပတ်ပျိုး တပုဒ်စ ၂-ပုဒ်စ ယိုးဒယားသီချင်းများကို ဆိုတတ်နေရလေပြီ။

နေရလေပြီဟု ဆိုသည်မှာ အတင်းအကျက်ခိုင်း၍ သူ့စောင်းနှင့် အတင်း အဆိုခိုင်းသောကြောင့် ဖြစ်ပေသည်။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် မြန်မာစာသင်ကျောင်းက ကကြီးရေး ကသတ်ကက်ဟု အော်ပြီး၍ ပြန်လာတိုင်း ပြန်လာတိုင်း စည်းတီးပေးနေရချေပြီ။

ထိုအချိန်က ကျွန်တော့် အဖိုးလေး ဦးတုတ်ပေါမှာ အသက် ၃၀-ခန့် ရှိပေပြီ။ သူ့တွင် စောင်း ၂-လက်ရှိသည်။ တလုံးမှာ မှန်စီရွှေချ။ စောင်း ၏လက်တံထိပ် ညောင်ရွက်တွင် “ဒေဝ”ဟု ရွှေသရိုးကိုင် စာလုံးကလေး ၂-လုံး ရှိ၍ စောင်း၏ဖင်ပိုင်း ဖလားဆိုသည်၏ ထိပ်နားတွင် “ဣန္ဒာ” ဟူသော ရွှေသရိုး စာလုံးကလေး ရှိလေရာ ဆရာကြီး ဒေဝဣန္ဒာကိုယ်တိုင် သူ့အား လက်ဖွဲ့လိုက်သော စောင်းမွန် စောင်းမြတ်ဟု မကြာခဏ ဂုဏ်ယူ၍ ပြောလေသည်။

 ထိုစောင်းကို သူကိုယ်တိုင် အလွန် မွန်မွန်မြတ်မြတ်၊ ယုယုယယ ထားလေသည်။ ကတ္တီပါအစိမ်းကို အိတ်ချုပ်၍ စွပ်ထားလေ့ ရှိ၏။ ပွဲကြီးလမ်းကြီးမှတပါး တခြားအချိန် အပြင်သို့ မထုတ်။ အိမ်သူအိမ်သားများလည်း မကိုင်တွယ်ရ။ သစ်စေးသုတ် ရိုးရိုးစောင်း တလက်ကိုသာ သူလေ့ကျင့်ရင်း တီးသည်။

မျက်စိနှစ်ကွင်း အလင်းမရသော်လည်း ဦးတုတ်ပေါသည် နားအလွန်ပါးလေသည်။ ကလေးငယ်ဘဝက ကျွန်တော်မှာ မျောက်ရှုံးလောက်အောင် ဆော့သည်။ အခြားနေရာတွင် ကျွန်တော် ဘယ်လောက်ဆော့ဆော့ ကိစ္စမရှိ။ စောင်းတင်ထားရာ အိမ်ခေါင်းရင်း စားပွဲဝိုင်းကလေး အနားသို့ ရောက်သွားသံ ကြားလျှင် ဒေါသကြီးပါလေတော့သည်။

နောက်တခုကလည်း ရှိသေးသည်။ 

သူမျက်စိ မမြင်သည်ကို ကျိုက်လတ်လို မြို့ငယ်ကလေး တမြို့လုံး သိနေပါလျက် မျက်စိကွယ်နေသည့် အချက်ကို သူအရှက်ကြီးရှက်တတ်လေသည်။ ထို့ကြောင့် အိပ်ချိန်မှ အပ အိမ်တွင်းအိမ်ပြင် မျက်မှန်အနက်ကို အမြဲတပ်ထားတတ်သည်။ အိမ်တွင်း အိမ်ပြင် ဆို၍ ပြောရဦးမည်။

ကျွန်တော် အဖိုးလေးမှာ ညနေတိုင်း မြို့ထဲထွက်၍ အိမ်လည်ရမှကျေနပ်သည်။ ဘယ်နေရာနား တွင် ဘယ်သူ့အိမ် ဆိုသည်ကို သူသိနေသည်။ ခြေလှမ်းများ မှတ်သလား မျက်နှာမူရာကို မှတ်သလားဟု စပ်စုသော ကျွန်တော်က ခဏခဏ စမ်းကြည့်သည်။

တခါတရံ ကျွန်တော် ခလောက်ဆန်မှုကြောင့် သူကရယ်၍ အနိုင်ယူတတ်သည်။ တခါတရံတော့လည်း ငါ့ကို အကန်းမို့ နင်ကစမ်းသလားဟု လက်ကိုင်တုတ်နှင့် မလွတ်အောင် ရိုက်တတ်သည်၊ ဒါသာ ဖြစ်သည်။ သူ့လက်ကိုင်တုတ်ကို ကျွန်တော်က ဆွဲ၍ လမ်းလျှောက်လျှင် “ငါ သူတောင်းစား မဟုတ်ဖူးဟ” ဟု ဒေါသူပုန် ထပြန်သည်။

သူနှင့် လမ်းလျှောက် နည်းကား (ဝါ) သူကြိုက်သလို လျှောက်နည်းကား သူဟန်လွှဲသော လက်ကို ကျွန်တော့်ပခုံးနှင့် အစဉ်အမြဲ ပွတ်တိုက်ကာ စကားတပြောပြော မသိမသာ ဦးဆောင်စေသောနည်း ဖြစ်သည်။

တခါက အံ့ဩစရာ အကြောင်း ဖြစ်ခဲ့လေသည်။ ဖျာပုံမြို့ အမိန့်တော်ရ ဦးသာခင်ဆိုသူသည် သူ၏ စောင်းလက်သံကို အလွန်နှစ်သက်ခင်မင် ရင်းနှီးစွာဖြင့် ဖျာပုံ သို့ အလည်လာမည်ဆိုက ပင့်ခေါ်ပါရစေဟု ပြောဘူးသည်။ ဒါကို သူကငြင်းလိုက်ပြီးမှ နောက်တနေ့တွင် ကျွန်တော်နှင့် ဖျာပုံသို့ သွားကြမည်ဟု ပြင်ဆင်ပါတော့သည်။

ကျွန်တော့် မိခင်ကလည်း စိတ်မချ၍ တားသည်။ ကျွန်တော့် ဖွားအေကလည်း မဖြစ်နိုင်တာဟု ကန့်ကွက်သည်။ ကျွန်တော်ကတော့ ကလေးပီပီ မိုက်တိမိုက်ကန်းနှင့်-

“အဖိုးလေးကလဲ အိမ်လဲမသိ၊ ရောက်လဲ မရောက်ဖူးဘဲနဲ့” ဟု ပြောသဖြင့်

“ဟဲ့ -အမိန့်တော်ရ ရှေ့နေဆိုတာ ဆိုင်းဘုတ် မတပ်ဘဲ နေမလားကွ၊ ဆိုင်းဘုတ် မတပ်တဲ့ ဒေဝဣန္ဒာ ဆရာကြီးဆီတောင် မင်းဘူးအရောက် လိုက်တတ်သေးတာ၊ လာသာလာ- ကမြင်းမသားလေး စကားမရှေနဲ့” ဟု ဇွတ်ခေါ်၍ လိုက်ပါလေတော့သည်။

ဖျာပုံမြို့ပေါ်သို့ သင်္ဘောမှ ဆင်းလျှင်ဆင်းချင်း-

“အဖိုးလေး၊ အဲသည်အိမ်ကို လမ်းကလူကြီးတွေ မေးကြည့်ရအောင်” ဟု ဆိုလျှင်-

“ဟယ်- တောသားမှန်း လူသိတယ်၊ ဆိုင်းဘုတ်တွေ့သာ ရှောက်ဖတ်” ဟု အမိန့်ပေးလေရာ သင်္ဘောဆိပ်နှင့် တလမ်းကျော်လောက်တွင်ပင် အခန့်သင့် သွားတွေ့၍ အိမ်ရှင်များက အူလျားဖားလျား ဆင်း၍ ကြိုရလေတော့သည်။ ထိုနေ့ည တညလုံး စောင်းတီးလိုက်သည်မှာကား ကျွန်တော်အနားက ငိုက်ငိုက်၍သာ ကျသွားရပါသည်။

နောက်တခု မှတ်မိပါသေးသည်။ ကျိုက်လတ်တွင် ဝါဆိုလပြည့်နေ့တနေ့ ဘုရားကြီးတွင် လူအလွန်များပြားနေချိန်မှ ဘုရားဖူး ကျွန်တော့်ကို ခေါ်၍ သွားသည်။ ဘုရားကြီးရင်ပြင်တွင် လူအလွန်များ၍ ဘုရားကိုယ်တော်မြတ်ရှိရာ ကျွန်တော်ထိုင်ချလိုက်ချိန်တွင် သူ့မှာက ဘုရား ဂန္ဓကုဋီတိုက်၏ ညာဘက်ယွန်းယွန်းသို့ ထိုင်၍ ဦးချနေလေပြီ။ ။

ကျွန်တော် ဆိုသော ကျွန်တော်ကား စကားပြောလျှင် ကျယ်လောင် ကျယ်လောင် လုပ်တတ်သည်။

“အဖိုးလေး-ဘုရားက ဒီဘက်မှာ” ဟု ပြောရုံ ရှိသေးသည်၊ ကျွန်တော်၏ ငယ်ထိပ်ကို သူ့တုတ်တံနှင့် နာနာကြီးနှက်ပြီးလျှင်ပြီးချင်း

“ဟဲ့ ငါသိတယ်။ ငါက စနေထောင့်က ကိုယ်တော် ရှိခိုးတာ” ဟု ကြိမ်းလိုက်သောကြောင့် ဓာတ်သိများက ပြုံးဖြဲဖြဲ ဖြစ်ကုန်ကြရတော့သည်။

ဤသည်အကြောင်းများမှာ ဤဖြစ်ရပ်နှင့် သက်ဆိုင်နေသောကြောင့် ဖော်ပြခြင်းဖြစ်ပါသည်။

အတိုချုပ် ပြောရသော် ကျွန်တော့် 

အဖိုးလေးသည် စောင်းပညာတွင် မာနကြီးသလောက် သူ၏ မျက်စိပသာဒ ချွတ်ယွင်းချက်ကို ရှက်လွန်းလှသည်။

ကျိုက်လတ်မြို့တွင် မဟာဂီတ သီချင်းကြီး သီချင်းခံ, သီဆို ကျွမ်းကျင်သူ နှစ်ယောက်ကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိသည်။

ပထမပုဂ္ဂိုလ်မှာ ဦးဘာဘူဆိုသော မဟာမေဒင်လူမျိုးဖြစ်၍ နောက်တဦးမှာ စာရေးဆရာ ဦးပြုံးချိုပင်ဖြစ်ပါသည်။

“ကိုဘာဘူက သီချင်းဆိုရာမှာ ဌာန်ကရိုဏ်းကျသကွဲ့၊ မောင်ချိုကတော့ သူ့မိန်းမသံကလေးနဲ့ နားစွဲသကွဲ့.." ဟု ချီးမွမ်းလေ့ ရှိသည်။

ကျွန်တော် မှတ်မိပါသေးသည်။ ဆရာကြီး ဦးပြုံးချိုမှာ အဆိုဘက်တွင် သာမက မင်းသမီးအကတွင်လည်း အလွန်ညက်ညာ ပြော့ပျောင်းလှပေသည်။

ဦးပြုံးချိုက ထိုအချိန်တွင် စာရေး

ဆရာဖြစ်သည်။ ဦးရှင်ကြီး အရပ်ဇာတ်ကို ဦးစီးရေးသား သင်ကြား ပြသသည်။ စာပေ ပရိယတ္တိ ကျွမ်းကျင်သည်။ ဦးပြုံးချိုသည် ဖျာပုံနယ်တနယ်လုံးတွင် တဦးတည်းသာရှိသော ဦးတုတ်ပေါထံတွင် စောင်းပညာကို သင်ယူသည်။

ပရိယတ္တိကျွမ်းကျင် ကျယ်ဝန်းသော ပညာဖြင့် တေဘုမ္မာ အစချီသော ယိုးဒယားကို ဦးတုတ်ပေါက တီးကွက်ပေး၍ သူက ဓမ္မဂီတဖြစ်အောင် စွမ်းဆောင်သည်။

ထိုသီချင်းမှာ ဦးတုတ်ပေါနှင့် ဦးပြုံးချိုအဘို့ ပီတိ သောမနဿကြီးတခု ဖြစ်ထိုက်ကြရအောင် လူတိုင်းက၊ ရဟန်းအချို့ကပင် ချီးကျူးခဲ့ကြသည်။ အလှူမင်္ဂလာ၊ ရှင်ပြုမင်္ဂလာတိုင်း ဦးတုတ်ပေါနှင့် ဦးပြုံးချို မျက်နှာပွင့်ကြ, ပညာပွင့်ကြရပေသည်။

ထိုအချိန်တွင် ကျိုက်လတ်မြို့သို့ နယ်ပိုင် ဝန်ထောက်မင်း ဦးငွေခိုင်ဆိုသူ အရာရှိကြီးတဦး ပြောင်းရွှေ့လာခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးမှာ စိတ်သဘော ဖြူစင် ကောင်းမွန်လှသည်။ ဘာသာတရား ကိုင်းရှိုင်းသည်။ စာပေပရိယတ္တိ အားပေးသည်။ ဆက်ဆံမှုကို ဦးစားပြုသည်။

ထို့ကြောင့်ပင် ကျိုက်လတ်မြို့၌ မြန်မာဩဘာကလပ် ဟူ၍ အသင်းအဆောက်အဦးနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ စာကြည့် ပိဋကတ်တိုက်၊ ဓမ္မစကြာဝတ်အသင်းတို့ကို တပြိုင်နက်တည်း တည်

ထောင် ဖန်ဆင်းခဲ့ပေသည်။

ဝန်ထောက်မင်း ဦးငွေခိုင်သည် သူ့အိမ်သို့ စနေနေ့ ညတိုင်း ဦးတုတ်ပေါ၊ ဦးဘာဘူ၊ ဦးပြုံးချို (တခါတလေယောင် တိယောင်ကန်းနှင့် ကျွန်တော်ပါ) တို့အား ဖိတ်၍ အကျွေးအမွေး အပေါင်းအသင်းနှင့် ဂီတသုတေသန အဖွဲ့ကလေး လုပ်သည်။

ဦးတုတ်ပေါအား စောင်းပညတွင် ကြည်ညိုသလောက် ဦးပြုံးချိုအား ဗဟုသုတ ဂန္တန္တရတို့ဖြင့် ခင်မင်လေးစား ချစ်ကြည်ခဲ့သည်။ တခါတရံ ညနေခင်းများတွင် ဦးငွေခိုင်ကိုယ်တိုင် ကျွန်တော်တို့အိမ်သို့ လမ်းလျှောက်ရင်း ဝင်လာတတ်ပေရာ ထိုခေတ်က ကျိုက်လတ်မြို့လို မြို့ကလေးအဖို့ ရာထူး အကြီးမားဆုံး ဝန်ထောက်မင်း ရင့်မကြီးတယောက် လာလည်ခြင်းကို ဂုဏ်ယူရမည့် အစား-

“ဝန်ထောက်မင်း ကျွန်တော်တို့ရှိရာ လာတာကို ကျေးဇူးတော့ တင်ပါတယ်၊ ဒါပေမယ် ကျုပ်တို့က ဆင်းရဲသား ကုန်သယ်မို့ ဧည့်ဝတ် မကျေနိုင်တာကို ရှက်လှတယ်” ဟု ကန့်ကွက်သောကြောင့်

“ဆရာက တယ်မာန ရှိသကိုး” ဟု ပြောဘူးလေသည်။ ကျွန်တော့် စိတ်အထင် ကျွန်တော် ဆယ်နှစ် ဆယ့်တနှစ် အရွယ်တွင် အဆိုပါဝန်ထောက်ကြီး ဦးငွေခိုင်၏သား (ဘိလပ်ပြန်ဟု ထင်ပါသည်) အား (ဖျာပုံ အရေးပိုင်လား မသိ) အရာရှိကြီးတဦး၏ သမီးနှင့် ကျိုက်လတ်မြို့တွင် အလှပဆုံးဖြစ်သည့် မြူနီစီပယ်ရုံး ပန်းခြံကြီးအတွင်းဝယ် ကြီးကျယ်သော လက်ထပ်မင်္ဂလာ ဆင်ယင်ရန် စိုင်းပြင်းကြပြီး-

“ဝန်ထောက်မင်းသား မင်္ဂလာဆောင်မှာ လမ်းတလျှောက်လုံး ပန်းမွေ့ရာတွေ ခင်းမတဲ့….”

“ပွဲနေပွဲထိုင် လာသမျှ ရွှေဒင်္ဂါးကမ်းမတဲ့ …”

“အကျွေးအမွေးမှန်သမျှ ရန်ကုန် ချီဇာတိုက်က လာကျွေး မတဲ့…”

“ကျိုက်လတ်ကို ဝင်လာတဲ့ သင်္ဘောတိုင်း အလံတွေ ပလူပျံအောင် လွှင့်ခဲ့ရမတဲ့”

“ရန်ကုန်က အရာရှိတွေက သင်္ဘောကိုယ်ပိုင်ငှါးပြီး အငြိမ့်ပါတင်ပြီး ပွဲထိုင်လာကြမလို့ ဆိုပါလား"

ဈေးမှာလည်း ဤစကား၊ ရုံးမှာလည်း ဤသတင်း၊ အိမ်တိုင်း အိမ်တိုင်း လာလတံ့သော ထိမ်းမြားမင်္ဂလာကို ဥက္ကောဋေယျဖြင့် ကြိုဆိုနေကြသည်။

တညတွင် ဝန်ထောက်မင်း အိမ်၌ ဦးတုတ်ပေါ၊ ဦးဘာဘူ၊ ဦးပြုံးချိုတို့က ဂီတနှင့် ပတ်သက်သော အစည်းအဝေး ပြုကြသည်။ ဦးဘာဘူက သီချင်းကြီးသမားပီပီ ရွှေနန်းထွက် ရွှေတိုက် စာရင်းဝင် မင်္ဂလာသီချင်းဆန်းများကို အသားပေးထိုက်သည်။ ဦးပြုံးချိုက မင်္ဂလာသြဘာသံဆန်း သီချင်းတပုဒ်ကို တီထွင်ရေးစပ်မည်ဟု ဝိဝါဒဖြစ်ရာက နောက်ဆုံး ဦးတုတ်ပေါနှင့် ဦးပြုံးချိုက လက်စွမ်းပြခွင့် ရကြသည်။

ထိုအချိန်မှစ၍ နေ့တိုင်းညတိုင်းလိုလို ဦးပြုံးချိုနှင့် ကျွန်တော့်အဖိုးလေး တီးကွက်ရှာလိုက်၊ စာသားရေးလိုက် မအားအောင် ရှိကြသည်။ ထိုအချိန်လောက်တွင် စာရေးဆရာကြီး ဦးပြုံးချို ကိုယ်တိုင်ပင် စောင်းတီးခြင်း၌ အတော်ဝါရင့်ခဲ့လေပြီ။

သီချင်း အကောင်အထည်ပေါ်သည် ဆိုလျှင်ပင် ညတိုင်းညတိုင်း ကျန်တော်တို့ အိမ်၌ အောက်လင်းဓာတ်မီးကြီး ထွန်း၍ သီချင်းတိုက်ကြရာဝယ် အရပ်ကလူများ ဝိုင်းအုံစုပြုံ၍ ပွဲကလေးတမျှ စည်ကားနေသည်ကို ကျွန်တော် အပျော်ကြီး ပျော်ခဲ့ကြောင်း ကောင်းကောင်းပြီး မှတ်မိသေးတော့သည်။

မင်္ဂလာဆောင်တွင် ကျွန်တော့် အဖိုးက စောင်းလက်သံ ဝတိံကကြားအောင် တီးပြလိုက်မည်ဟု အံခဲ၍ ကြိုးစားတော့ သူ့ယောင်ကြီးပင် ဆီတသသ။ ပိုးပုဆိုးတောင်ရှည်ကြီးကို အသစ် ချုပ်ထားသည်။

ဦးပြုံးချိုကလည်း သူ့အသံနှင့် သူကိုယ်တိုင် ရေးစီသော တေးဂီတအမွန်ကို ဌာန်ကရိုင်းကျကျ သီဆို၍ပြလိုက်မည်။

လက်ထပ်မင်္ဂလာပွဲလည်း တနေ့တခြား နီးကပ်၍လာခဲ့ပြီ။

ဆယ်ရက် အလိုမှ ကိုးရက်၊ ကိုးရက်အလိုမှ ရှစ်ရက်၊ ရှစ်ရက်မှ တစစ တမြို့လုံးလည်း တလှုပ်လှုပ် တရွရွ။

ထိုအချိန်လောက်တွင် မျက်မမြင်ဖြစ်သော ကျွန်တော့် အဖိုးလေး မကြားနိုင်သောနေရာ ကျွန်တော့် ဖွားအေ၊ ကျွန်တော် မိခင်သည် မျက်နှာညိုးငယ်လွန်းသော ဆရာကြီး ဦးပြုံးချိုနှင့် ခေါင်းချင်းဆိုင်၍ မျက်ရည်ဖြိုင်ဖြိုင် ကျနေကြရလေပြီ။

“ဟဲ့ ဟဲ့ - လူကလေး၊ နှင့်အဖိုးလေး ဒို့ပြောတာတွေ မကြားစေနဲ့နော်- သိလား..”

ပထမဦးစွာ နှုတ်ဆော့ လက်ဆော့သော ကျွန်တော့်အား အရေးတကြီး ပိတ်ပင် မှာကြားကြလေသည်။

ကျွန်တော်ကတော့ ဘုမသိ ဘမသိ နားယောင်ပက္ကား ရှိတုန်းပင်။ နောက်မှ သိရသည်ကား ကျွန်တော့် အဖိုးလေးအတွက် ရင်နင့်ရာ ကောင်းလှ၏။

ထုတိသြဘာ မင်္ဂလာ အကြီးအကျယ် ဟူသော ဤပွဲကြီး၌ အထူးအမြတ် ရေးစပ်ထားသော ဇေယျတု သဗ္ဗမင်္ဂလံ ပတ္ထနာသီချင်းကြီးကို မျက်ကန်းဖြစ်သော ဦးတုတ်ပေါ မတီးစေရ၊ အနိဋ္ဌာရုံ အမင်္ဂလာ ဖြစ်ဘိမည်ဟု အခါပေး ပုဏ္ဏားတော်များ၏ ကန့်ကွက်ချက်အရ-

“စောင်းတီးခြင်းတော့ သည်းခံပါ။ မင်္ဂလာ ပွဲနေပွဲထိုင်သို့ကား ကြွတော်မူနိုင်လျှင် ကြွပါ” ဟူသော သတင်းစကားကြောင့် ဖြစ်လေသတည်း။

ဦးတုတ်ပေါအား မည်သူမျှ ဤစကားကို သွား၍ မပြောဝံ့။သူ့ခမျာကတော့ တီးသား လက်သားကျအောင် အသစ်ဖြစ်သော ပိုးကြိုးကို ကိုယ်တိုင်ကျစ်၍ `ဒေဝဣန္ဒာ' ဟူသော ဆရာ၏ လက်ဖွဲ့ မင်္ဂလာစောင်းကြီးကို ကတ္တီပါအိတ်မှ ချွတ်၍ တဖိတ်ဖိတ်တောက်နေသော မှန်စီရွှေချအရောင်တို့ဖြင့် ပရိသတ်ဘောင်ဝယ် ပွဲလယ်တင့်စေရမည်ဟု နှုတ်ခမ်းမွေး ရေးရေးကို တသသ ဖြစ်နေရှာဘိသည်။

ကျွန်တော်တို့ တအိမ်လုံးမှာ လူသေပြီးသော ရက်လည် မသာအိမ်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်စွာ ရှိနေကြောင်းကို ကျွန်တော် ကောင်းကောင်း မှတ်မိပါသေးသည်။ ထို့နောက်အဖို့ လူကြီးတွေက ဘယ်သို့ဘယ်ပုံ ဖျောင်းဖျ နားချ တရားပြသည်ကို ကျွန်တော် မသိ။ ကျွန်တော် အဖိုးလေး နေ့ရောညပါ စောင်းကိုပိုက်၍ ငိုငိုနေရှာသည်ကိုသာ တထိတ်ထိတ်နှင့် မြင်နေခဲ့ရသည်။

ဆိုးရွားသည်ကား ထိုမြူနီစီပယ်ရုံးနှင့် ကျွန်တော်တို့အိမ်မှာ မနီးလွန်း မဝေးလွန်း၊ ကောင်းကင်ကသာ အိမ်တွေကိုကျော်၍ ခဲနှင့်ပစ်လျှင် ခဲတပစ်စာလောက် ရှိသည်။ လက်ထပ်မင်္ဂလာ ပြုကြသောနေ့က လူတွေ၏ အုပ်အုပ်ကျက်ကျက် သွားလာလှုပ်ရှားမှုကို အိမ်က အတိုင်းသားကြားရသည်။ ဆိုင်းသံ ဗုံသံတို့ကိုလည်း ကြားနေရသည်။ ထို့နောက် ခပ်သဲ့သဲ့ဖြစ်သော စောင်းသံနှင့် `ဇေယျတုသဗ္ဗမင်္ဂလံ'။

ကျွန်တော် အဖိုးလေးသည် နီးရာတွေ့ရာကို လက်နက်ပြု၍ ကျွန်တော်တို့ ဖွားအေ၊ မအေ၊ အဒေါ်တို့အား အသေသတ်ရအောင် မျက်မှန်းဆပြီး လိုက်လေတော့သတည်း။ သူ၏နှလုံးသွေးပျက်သော ရောဂါကား သေရှာသည်အထိပင်။ ။ 

သုခီအတ်တာနံ ပရိဟရန်တု။ (သုခ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ