(၁၁ နှစ်တိတိကစာဖြစ်ပါတယ်။)
အရင်ရေးဘူးတဲ့ Lost in Translation ဘာသာပြန်ထဲမှာ ဘာသာပြန်ရာမှာ မြန်မာမှုပြုကြတဲ့အခါ သဘောမကျတာလေးတွေကို ရေးပါတယ်။ စာတွေဘယ်လိုရေးသလဲ ထဲမှာ စာကိုနိုင်ငံပြုပြင်ရေးလို ရေးသားသူတွေ များပြားစေချင်တယ်။ စာကိုကိုယ့်ကိုယ်ကိုပြုပြင်ရေးလို ဖတ်ကြသူတွေ ပေါများစေချင်တယ်လို့ ရေးခဲ့ပါတယ်။
ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့စာတွေ၊ ကဗျာတွေထဲမှာ မြန်မာနာမည်မဟုတ်တာတွေ ပါလာရင် ဖတ်ရတာခက်တယ်။ ဘာသာပြန်စာတွေထဲမှာ လူနာမည်တွေ၊ နေရာဒေသနာမည်တွေ မြန်မာလိုမဟုတ်တာတော့ မတတ်နိုင်ဘူးပေါ့။ ဒါလဲဘဲ အဲလိုနာမည်တွေကို စာရိုက်တဲ့အခါ (ပုံနှိပ်စာလုံးစီတဲ့အခါ) သီးသီးခြားခြား လုပ်ပေးမထားရင် သဘောပေါက်အောင် ထပ်ထပ်ဖတ်နေရတာ သဘောမကျပါ။ အခုလည်းအဲလိုဟာတွေကို ဖတ်နေရတုန်းဘဲ။
ဘာသာပြန်ကဗျာတွေမှာ မြန်မာနာမည်မဟုတ်တာတွေပါတာကို နားလည်ပါတယ်။ ဒါပေမဲ့ မြန်မာကဗျာစစ်စစ်ထဲမှာ နိုင်ငံခြားနာမည်တွေပါလာရင် တမျိုးကြီးဘဲလို့ ထင်မိတယ်။ နိုင်ငံခြားဗဟုသုတ ပြည့်ဝပါပေရဲ့လို့တော့ ချီးကျူးမိတဲ့အခါတော့ ရှိပါတယ်။ အဲလိုလုပ်ရတာက အတော်နည်းလှတယ်။ ဘိုနာမည်လို့ခေါ်တဲ့ အင်္ဂလိပ်နာမည်တွေကို ထမင်းစားရေသောက်သုံးတာမျိုးကျရင် ဒွေးတော်လွမ်းလှကြသလား ရိုးစွပ်မိတယ်။ နိုင်ငံတကာသုတနဲ့ အင်္ဂလိပ်စာ အတန်အသင့်တော့သိပါရဲ့ မြန်မာဆရာသမားများက လိုက်မမီတာတွေကို ရေးနိုင်ကြတာကိုတော့ အားမကျပါ။
ကိုလိုနီခေတ်မှာ ရာဇဝင်ထဲက ဘုရင်တွေကို ဇာတိသွေးဇာတိမာန်တက်ကြွစေဘို့ရည်ရွယ်ပြီး ပုံကြီးချဲ့ရေးကြတယ်။ သမိုင်းအမှန်ကို လွဲသိစေတယ်။ လွတ်လပ်ရေးရပြီးမှာလဲ အနော်ရတာ တော်မှတော်။ မင်းတုန်းမင်းကြီး ဘုန်းတန်ခိုးကြီး၊ နယ်ချဲ့အစိုးရမှန်သမျှ ရွံ့မုန်းကြရတယ်။ အတွေးအမြင်ကို လိုတာထက်ပိုပြီး အမှောင်တိုက်ပေးတာနဲ့ တူနေတယ်။ ကိုလိုနီတွေက ဘာလို့ ဒို့နိုင်ငံကို သိမ်းနိုင်တာလဲ၊ ဒို့ကဘာညံ့လို့လဲကို ဝေဖန်ဆန်းစစ်တဲ့အခါ ခက်ခဲစေတယ်၊ သင်္ခန်းစာမယူတတ်စေပါ။
ဒိနောက် လက်ဝဲ-လကျာ်အပြိုင်ခေတ်လို့ခေါ်ရမဲ့ ကာလတွေမှာ မြန်မာပြည်က လူအတော်များများဟာ လက်ဝဲဘက်ကို သိသိသာသာကြီးလိုက်ခဲ့ကြတယ်။ စာတွေ၊ ကဗျာတွေထဲမှာ ဆိုဗီယက်၊ တရုတ်နဲ့ ဗီယက်နမ်နာမည်တွေက လွှမ်းမိုးလာခဲ့တယ်။ မြစ်ဆိုရင် ဗော်လ်ဂါနဲ့ ယန်စီကိုသာ ရိုးမယ်ဖွဲ့ကြပြီး၊ ဧရာဝတီနဲ့ ချင်းတွင်းတို့ကို ထည့်တွက်စရာထဲမှာ မပါသလိုထားခဲ့ကြတယ်။ မစစ္စပိ မြစ်တို့ နိုင်းလ် မြစ်တို့ကို ပထဝီမှာသာပါတယ်။ ဘယ်ဗမာ (မြန်မာ) မှ အရေးမပါတော့ဘဲ၊ အင်တာနေရှင်နယ်လေးသီချင်းသာ အရေးပါလာတော့တယ်။
စစ်အစိုးရခေတ်မှာ တမျိုးတဘာသာလုပ်လာပြန်တယ်။ စစ်သူကြီးဘုရင်တွေကိုရွေးပြီး သိဒ္ဓိတင်ပေးတယ်။ သမိုင်းကို ရှေးဟောင်းသုတေနတွေ့ရှိချက်အရ မရေးတော့ဘူး။ မြန်မာပြည်မှာ အာဇာနည်ဆိုတာ မထားတော့ပါ။ ရက်စက်မှရာဇာလို့ ထင်စေအောင်လုပ်လာတယ်။
ဒီအကျိုးဆက်တွေကြောင့် ခုချိန်မှာ အဲလိုမတူတာတွေဟာ အစပ်အဟပ်မတည့်စွာ ရောထွေးနေပါတော့တယ်။ တချို့က ဇာတိမာန် လုပ်လိုက်၊ မျိုးချစ်လုပ်လိုက်။ တချို့ကတော့ နိုင်ငံခြားကဟာထည့်သုံးကြတယ်။ ချေဂွေဗားရား ခေတ်စားတုန်းပဲ။ ဘင်လာဒင်တီရှပ် ဝတ်ချင်သူပေါ်တာ အဲဒီစနက်တွေဘဲ။ စစ်ပွဲတွေနိုင်သူကသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သင့်တယ် ဇာတ်သွင်းခံထားရတယ်။
နိုင်ငံရေးနဲ့ စာတွေကနေ လူတွေကို ဆွဲစားနေတယ်။ ကနေ့အခြေအနေမှာ အရောင်တွေကတော့စုံပါရဲ့ အစပ်အဟပ်က မတည့်ပါ။ မြန်မာပြည်မှာ နိုင်ငံရေးကောင်းလာဘို့ဆိုတာ စာတွေကပါ မှန်တည့်ကောင်းမွန်နေရပါမယ်။ စာတတ် ပညာတတ်တွေ နိုင်ငံရေးပါတတ်ကြစေချင်တယ်။
ဖြည့်စွက်ချက်
အခုတော့ 'ဂူဂယ်ထရန်စလိတ်' နဲ့ 'အေအိုင်' ကို ဘာသာပြန်တွေ ပေါ်နေပြီ။ ဒီနေ့ဘဲ ဘာသာပြန်စာရေးဆရာ ဆရာတော်နဲ့ စကားပြောဖြစ်ကြတယ်။
"ဘုန်းဘုန်း 'ဂူဂယ်' တွေ 'အေအိုင်'တွကို ဘာသာပြန်ခိုင်းရင် တလွဲတွေ။"
"ဟာ ကျုပ်ကတော့ ရယ်ချင်ရင် သူတို့ကို ဘာသာပြန်ခိုင်းကြည့်တယ်။ တအားရီရတယ်။"
တင်ပါ့။
ပြီးခဲ့တဲ့လကလည်း တခြားပြည်နယ်တခုမှာသီတင်းသုံးတဲ့ ပညာတတ်၊ ကျမ်းပြုဆရာတော်ဆီရောက်တော့ ဆရာတော်က မှာလိုက်တယ်။
"ဒကာကြီး 'အီမိုးရှင်း ပေါလက်တစ်' မရေးနဲ့။ 'အင်တယ်လက်ကျူရယ် ပေါလက်တစ်' ရေး။"
(စကားလုံးတွေကို ဘာသာမပြန်တော့ပါ။)
တင်ပါ့။
ဆယ်စုနှစ် ၃ ခုအတွေ့အကြုံအရ -
"စိတ်ခံစားမှုနဲ့ နိုင်ငံရေးလုပ်တာတွေက အရင်းအနှီးကြီးလွန်းတယ်။"
"ရာထူးနေရာအတွက် နိုင်ငံရေးလုပ်သူတွေကတော့ ချမ်းသာကြတယ်။"
ဒေါက်တာတင့်ဆွေ

Comments
Post a Comment