Skip to main content

နှစ်ပေါင်း ၂၀၀ နီးပါး ရှိပြီဖြစ်တဲ့ မက္ခရာမင်းသားကြီး တည်းဖြတ်ခဲ့သည့် ပထမ အင်္ဂလိပ်-မြန်မာအဘိဓာန်


စာအုပ်အမည် - A Dictionary, English and Burmese

စာရေးသူ - Charles Lane (1800-1870)

တည်းဖြတ်သူ - The Prince of Mekhara (1791-1848)

ထုတ်ဝေသည့်နေရာ - Calcutta [Kolkata]

ထုတ်ဝေသူ - Ostell and Lepage, British Library

ထုတ်ဝေသည့်ခုနှစ် - 1841

စာမျက်နှာ၊ အရွယ်အစား - 468 p.; 29 cm.

ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ဖြစ်သည်။ ဘိုးတော်ဘုရား (ဗဒုံမင်း)နှင့် မြောက်နန်းတော်မိဖုရား သီရိမဟာရတနာဒေဝီတို့၏ သားတော် မက္ခရာမင်းသားကြီး (၁၇၉၁-၁၈၄၈) ၏ ကြိုးပမ်းချက်ဖြင့် သင်္ဘောကပ္ပတိန် ကုန်သည် မစ္စတာချားလိန်း (Charles lane) က ၁၈၃၃ ခုနှစ်ကစ၍ အင်္ဂလိပ်အဘိဓာန်ကို မြန်မာဘာသာပြန်ဆိုကာ မက္ခရာမင်းသားကြီးက စိစစ်တည်းဖြတ်ပေးခဲ့ပါသည်။ ၁၈၃၅ ခုနှစ်တွင် လက်ရေးမူပြီးခဲ့သော်လည်း ထုတ်ဝေမှုကြန့်ကြာခဲ့ကာ ၁၈၄၁ ခုနှစ်ရောက်မှသာ ထုတ်ဝေနိုင်ခဲ့ပါသည်။

ဤစာအုပ်ထုတ်ဝေရခြင်း ရည်ရွယ်ချက်ကို မက္ခရာမင်းသားကြီး၏ အမှာစာတွင် -

“အထူးထူးသော ဘာသာများစွာသော လူမျိုးတို့တွင် အင်္ဂလိပ်လူမျိုးသည် ဟုတ်မှန်သော ထင်ရှားမျက်မှောံတွေ့မြင်သော အတပ်ပညာကိုသာ ရှာဖွေနှိုင်းရှည်ပြီးလျှင် ရုံးစုမှတ်သားလေ့ရှိသည်ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည်သိမြင်ခြင်းသည် ဗဟုသုတအရာနှိုက် များစွာအကျိုးရှိသည်။ ထို့ကြောင့် ဗဟုသုတကို အလိုရှိကုံသော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသာအားဖြင့် နားလည်သိမြင်စေခြင်းအကျိုးငှါ မက္ခရာမင်းသားက သင်္ဘောသူကြီး ကပ္ပီတံလျင်ကို အင်္ဂလိပ်အဘိဓာန်စာရှိသည်အတိုင်း မြန်မာဘာသာမှန်ကန်အောင် ပြန်ဆိုပါ၍ မြန်မာသက္ကရာဇ် ၁၁၉၅ ခုနှစ်။ အင်္ဂလိပ်သက္ကရာဇ် ၁၈၃၃ ခုနှစ်စ၍ ပြန်ဆိုရေးသားသည်။ ပြန်ဆိုအပ်သော အဘိဓာန်စာသည်ကား အင်္ဂလိပ်အက္ခရာကို ဖတ်နှိုင်ကာမျှသင်ပြီး၍ ရှေ့နောံစကား ကြည့်ရှုမှတ်သားပြီးလျှင် ထိုအဘိဓာန်စာကို အမှီပြု၍ အင်္ဂလိပ်ပညာစာ ၄၅ မှ စ၍ အင်္ဂလိပ်စတို့ကို မြန်မာဘာသာအားဖြင့် သိမြစ်နားလည်နှိုင်ရာရှိသည်” (မူရင်းစာအုပ်ပါအတိုင်း ကူးယူဖော်ပြပါသည်)

ဟု ဖော်ပြထားပါသည်။ အမှာစာတွင် ပါရှိသော အင်္ဂလိပ်ပညာစာ ၄၅ ဆိုသည်မှာ ရီး(စ်)စွယ်စုံကျမ်း (Ree’s Encyclopedia) ကို ဆိုလိုပါသည်။

စာမျက်နှာ ၄၆၈ မျက်နှာရှိ၍ စာအုပ်၏အမြင့်မှာ ၂၉ စင်တီမီတာ ရှိပါသည်။ ဤစာအုပ်တွင် Librarian = စာထိန်းစာစောင့် ၊ Library = ပိဋကတ်။ စာအစု ၊ Editor = စာကိုကြော်ညာအောင် ပြုပြင်သောသူ၊ Jurist = ဓမ္မသတ်တတ်သောသူ စသည်ဖြင့် ပြန်ဆိုထားသည်များမှာ ယခုခေတ် ဝေါဟာရများနှင့် မတူညီသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိနိုင်သကဲ့သို့ Monk = ဘုန်းကြီး ၊ Moon = ဖိုးလမင်း ၊ Lawyer = ရှေ့နေ စသည်ဖြင့် ယခုခေတ်ဝေါဟာရအသုံးများနှင့် တူညီသည်များကိုလည်း တွေ့ရှိရပါသည်။ ဤစာအုပ်ထုတ်ဝေသည့် ခေတ်ကာလက မြန်မာဝေါဟာရအသုံးများကိုလည်း လေ့လာနိုင်ပါသည်။

မက္ခရာမင်းသားကြီးသည် ဘင်္ဂလားအာရှဆိုင်ရာ ဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီး (The Asiatic Society of Bengal) ၏ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်နှင့်အညီ အဆိုပါ အသင်းစာကြည့်တိုက်သို့လည်း ဤအင်္ဂလိပ်-မြန်မာအဘိဓာန်စာအုပ် (၃) အုပ် လက်ဆောင်ပေးပို့ရာ အသင်းကြီးက လက်ခံရရှိကြောင်း မှတ်တမ်းများတွင် တွေ့ရှိရပါသည်။

မစ္စတာလိန်းနှင့် မက္ခရာမင်းသားကြီးတို့ ပူးတွဲပြုစုသော အင်္ဂလိပ်မြန်မာအဘိဓာန်သည် လွန်ခဲ့သော အနှစ် (၂၀၀) နီးပါးက ပြုစုသော အဘိဓာန်ဖြစ်သည့်အလျောက် မြန်မာလိုအနက်ဖွင့်ဆိုချက်များတွင် ယခုခေတ်နှင့် ကွဲပြားသော အသုံးကို တွေ့ရပါသည်။ သာဓကပြရလျှင် Actress - ဇာတ်မိန်းမ၊ Advice - စဉ်းစား၍ပေးခြင်း၊ Bank - ပိုငွေကိုထားသောတိုက်၊ College - ကျမ်းကြီးကိုသင်သောတိုက်၊ Geography - ကမ္ဘာ၌ရှိသော ကျွန်းကြီးကျွန်းငယ် ပြည်နိုင်ငံ၏ အနေအခြားကို ပြသသော အတတ်ပညာ၊ Potatoe - အင်္ဂလိပ်မျောက်ဥလုံး၊ ကန်စွန်းမြစ် ၊ School - စာသင်သောနေရာ စသည်ဖြင့် တွေ့ရသည်။ အဓိပ္ပာယ်တူစကားလုံးဖြင့် မဖွင့်ဆိုဘဲ အဓိပ္ပာယ်ပေါ်အောင် ရှင်းလင်းပြသည့်နည်းဖြင့် ဖွင့်ဆိုခြင်း အများအပြားတွေ့ရပါသည်။ ယခုခေတ်တွင် ကွဲပြားသွားသော အသုံးများကိုလည်း တွေ့ရသည်။ မင်းသားကြီးတို့လက်ထက်တွင် အသုံးပြုသော မြန်မာစကားသွင်ပြင်များကို တစေ့တစောင်းဖော်ပြနေပါသည်။” ဟု ဆရာမောင်ခင်မင်(ဓနုဖြူ) က ဝေဖန်ရေးသားခဲ့ပါသည်။

စာဖတ်သူများအနေဖြင့် ဤစာအုပ်ကို ပထမအင်္ဂလိပ်-မြန်မာအဘိဓာန်စာအုပ်အနေဖြင့် လည်းကောင်း၊ ကုန်းဘောင်ခေတ် မက္ခရာမင်းသားကြီး၏ စေတနာ ကြိုးပမ်းအားထုတ်ထားမှုတို့ကို စူးစမ်းလို၍ လည်းကောင်း၊ အဆိုပါခေတ်ကာလ မြန်မာစကားဝေါဟာရအသုံး၊ ဘာသာပြန်ဆိုထားပုံများနှင့် အစောပိုင်းထုတ် မြန်မာပုံနှိပ်စာအုပ်များ၏ မြန်မာပုံနှိပ်စာလုံးများကို လေ့လာလို၍ လည်းကောင်း ဖတ်ရှုလိုပါက http://eresource.nlm.gov.mm/.../30c43008-7a71-43f1-9c8f... (သို့မဟုတ်) https://ia800309.us.archive.org/.../adictionaryengl00lane... တို့တွင် ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။

pdf link: http://eresource.nlm.gov.mm/.../30c43008-7a71-43f1-9c8f...

https://ia800309.us.archive.org/.../adictionaryengl00lane...

၄.၅.၂၀၂၀ (တနင်္လာနေ့)

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

စာအုပ်စင်ကဏ္ဍ

တင်ပေးထားသူ ကျေးဇူး။

https://ia800309.us.archive.org/.../adictionaryengl00lane... ဒီလင့်က ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ