Skip to main content

Jumping Over Hurdles ကံနဲ့ ဉာဏ်ရှိရင် ရန်ကိုအောင်နိုင်၏

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)

ဒီစာကို အမေရိကရောက်ပြီး (၁၀) ရက်အရမှာ ရေးပါတယ်။ ကျွန်တော် ၁၉၉ဝ ဒီဇင်္ဘာလအကုန်မှာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရတဲ့အကြောင်းနဲ့ အိန္ဒိယမှာ ခက်ခဲတဲ့ကာလတွေ ရှိခဲ့တာကို တချို့ကသိကြပါတယ်။ ကျွန်တော် အမေရိကကို ၁၈-၉-၂ဝ၁၄ နေ့မှာ ရောက်ရတော့ ဝမ်းသာပေးကြသူတွေ ရှိသလို၊ ကံကောင်းတယ်လို့ပါ မှတ်ချက်ရေးသူတွေလဲ ရှိပါတယ်။ ကျွန်တော်ကတော့ ဝမ်းသာအယ်လဲလို့ မပြောချင်ပါ။ ဒီကိုမလာရရင်လဲ ဝမ်းနည်းပက်လက်ဖြစ်မှာ မဟုတ်ပါ။ ဒါပေမဲ့ ကျေနပ်မှုတခုရပါတယ်။

အဲတာကတော့ …

နိုင်ငံခြားသွားနေဘို့ဆိုတဲ့ စိတ်ကူးဆိုတာ ၁၉၉၀ ဒီဇင်္ဘာလမတိုင်ခင်အထိ စိုးစဉ်းလေးမျှမရှိခဲ့ပါ။ ဒါပေမဲ့ ၂၄ နှစ်မက အိန္ဒိယမှာနေခဲ့ရတယ်။ ၂၀၀၂ ခုနှစ်လောက်မှာ မြန်မာဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးအစီအစဉ် စလုပ်တော့ ဆန့်ကျင်သူတွေထဲမှာ ကျွန်တော့နာမည်ကထိပ်ဆုံးကမို့ ဝေဖန်ရှုံ့ချတာ ခံခဲ့ရတယ်။ မကြာခင်မှာတော့ နိုင်ငံရေးနဲ့မပတ်သက်ကြတဲ့ဒုက္ခသည်တွေ တကယ့်ကိုဒုက္ခရောက်နေကြတာမြင်ရတော့ ကျွန်တော့်ရပ်တည်ချက်ကို ပြောင်းလိုက်ပြီး UNHCR နဲ့ အိန္ဒိယအစိုးရကို တတိယနိုင်ငံပို့ရေးအစီအစဉ်ကို ထောက်ခံအကြံပြု တိုက်တွန်းပေးပါတယ်။

တစတစနဲ့ မြန်မာဒုက္ခသည်တွေကို တတိယနိုင်ငံတွေဆီပို့လာပါပြီ။ UNHCR ရဲ့ပေါ်လစီက အရင်ရောက်သူအရင်ပို့စနစ် မဟုတ်ပါ။ နိုင်ငံရေးမှာတော့ နောက်လာသူ နောက်တန်းစီရတယ်။ ဒီမိုကရေစီအရေးအတွက် အရင်ကတည်းက ရောက်နေကြသူတွေအရင် မနေ့တနေ့ကမှ ရောက်လာသူတွေကို ပို့ပေးတယ်။ တယောက်ထဲနေကလေးအမေတို့၊ မုဆိုးမတို့ စတာတွေကို ဦးစားပေးသတဲ့။ နိုင်ငံရေးကြောင့် ရောက်လာသူတွေကိုတော့ ကြားညှပ်ထည့်ပေးတဲ့သဘော ဖြစ်နေတယ်။ ၁၉၈၈ ကတည်းက ရောက်နေသူတချို့ ခုထိ ကျန်နေသေးတယ်။

UN တို့ NGO တို့က ပုံပြောကောင်းတာကို သိပ်နားထောင်ချင်ကြတယ်။ ဇာတ်နာအောင်ပြောတတ်ရင် ဦးစားပေးခံရမယ်။ ဒုက္ခသည်တွေရဲ့ ဖိုင်တွေထဲမှာ စစ်အစိုးရဟာ ဆိုးတာထက်ပိုဆိုးနေပြီး၊ ကိုယ်ရေးအချက်အလက်ရေးသူတွေဟာ လွမ်းလောက်အောင်ရေးတတ်တဲ့ စာရေးဆရာတွေရဲ့ ဇာတ်ကောင်တွေထက် သနားစရာကောင်းနေတာတွေ အများကြီး ရှိတယ်။ ခင်ပွန်းငုတ်တုတ်နဲ့ တလင်ကွာလုပ်သူတွေလဲမနည်းပါ။ ပြောမကောင်းတာတွေလဲ ရှိပါသေးတယ်။ လိုချင်တာကို မရရအောင်ယူတတ်တယ်လို့သာ အောက်မေ့လိုက်ပါတယ်။ ကျွန်တော်တော့ မဲပေးလိုက်ကြသူတွေအတွက် ဒီမိုကရေစီ ရအောင်ယူမပေးနိုင်ခဲ့ပါ။ ဆောရီး။

၂၀၀၇ နိုဝင်္ဘာလထဲမှာ တတိယနိုင်ငံသွားဘို့အရေး ကျွန်တော့်ကို ခေါ်မေးပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်နိုင်ငံရေးက အသည်းအသန်ဖြစ်နေချိန်ပါ။ လမ်းပြမြေပုံ အဆုံးသတ်ဘို့ ဇွတ်လုပ်နေချိန်၊ ဖွဲ့စည်းပုံအရိပ်မည်းလဲထိုးနေပါပြီ။ နောက်ပြီး ကျွန်တော့်ကို NCGUB ကနေ အရှေ့တီမောမှာသွားပြီးရုံးထိုင်ဘို့လဲ စီစဉ်နေချိန်ဖြစ်ပါသေးတယ်။ ဒါနဲ့ သားအငယ်ဆုံးနေတဲ့ အမေရိကား မသွားချင်သေးပါလို့ ငြင်းလိုက်ပါတယ်။

တဖြည်းဖြည်းနဲ့တော့ ကျွန်တော့်မိသားစုဝင်တွေ တယောက်ပြီးတယောက် တတိယနိုင်ငံပို့ပေးတာထဲမှာ ပါသွားကြတယ်။ မြန်မာ့နိုင်ငံရေးကလဲ အမျိုးသားညီလာခံအဆုံးသတ်တာ၊ ဖွဲ့စည်းပုံရေးတာ၊ ဆန္ဒခံယူပွဲလုပ်တာတွေ ရှိလာနေပြီ။ ငွေကြေးထောက်ကူခဲ့တဲ့ အဖွဲ့အစည်းတွေကလဲ အထောက်အပံ့ကို တိကနည်းဖြတ်လိုက်လို့ ၂ဝဝ၉ မှာ NCGUB ရုံးကိုပိတ်ရပါတော့တယ်။ သုံးနှစ်လောက် တောင့်ခံပါသေးတယ်။ ၂ဝ၁၂ နှစ်ဆန်းမှာ ကျွန်တော့်ကို UNHCR ကနေ ပြန်ခေါ်မေးတဲ့အခါမှာတော့ သွားပါမယ်လို့ ခေါင်းညိတ်လိုက်ပါတယ်။

ယူအက်စ်အေကို အရင်က ကျွန်တော် (၅) ကြိမ်တိတိ နိုင်ငံရေးအလုပ်နဲ့ရောက်ထားပြီး ဖြစ်ပါတယ်။ ပုံပြင်မပြောချင်ပါ။ ကျွန်တော်လိုလူမျိုးမှာ ထန်းလက်နဲ့ကာလို့ မလုံတာတွေရှိပါတယ်။ ပို့ပေးမှာက အမေရိကဖြစ်လို့ အမေရိကန်ဗီဇာတွေ ပါတဲ့ ပတ်စ်ပို့တ်တွေကိုလဲ ပြလိုက်တယ်။ အဲတာကြောင့် ပို့မပေးလဲ မတတ်နိုင်ဘူး။ မလိမ်ဘူးဆိုတဲ့သီလကို ချီးကျူးဘို့ စိတ်မစောကြပါနဲ့။ နည်းနည်းတော့ လိမ်ပါသေးတယ်။ အမေရိကန်ဗီဇာပါတဲ့ နောက်ထပ်ပတ်စ်ပို့တ်တခုက ပျောက်သွားတာမို့ လေးခါရောက်ဘူးတယ်လိုသာ ပြောလိုက်ပါတယ်။

အိန္ဒိယမှာ နိုင်ငံရေးလုပ်နေသူဆိုတာ မရှိသလောက်ဖြစ်သွားပြီလို့ ရေးဘူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ရေးခဲ့တာ မမှန်ကြောင်း ဒီကိုမထွက်ခင်ကမှ သိရတော့တယ်။ USA ကိုပို့ဘို့ရာ ကျွန်တော့်ကို အင်တာဗျူးတွေ၊ ဆေးစစ်တာတွေ၊ သင်တန်းပေးတာတွေပြည့်စုံပြီးမမခေါ်စဘူး US သံရုံးက အင်တာဗျူးထပ်ခေါ်ပါတယ်။ ပတ်စ်ပို့တ်ကိစ္စလို့ အောက်မေ့လိုက်တယ်။ ဘယ်ဟုတ်မလဲဗျာ၊ တိုင်စာတဲ့ …

ကျွန်တော်ဆိုတဲ့ကောင်ဟာ မြန်မာစစ်ထောက်လှမ်းရေးလက် ဒီဖက်ကလူတွေအပ်တယ်၊ NLD/LA ပါတီကငွေကို အလွဲသုံးစားတယ်၊ အမေရိကမှာ အိမ်ဝယ်ထားတယ်လို့ တိုင်ပါတယ်။ မြန်မာစစ်ထောက်လှမ်းရေးလုပ်တာကို အတွင်းကျကျ အမှန်ကိုသိသူကနည်းတယ်။ ပါတီငွေဆိုတာ ဝါရှင်တန် ဒီစီ အခြေစိုက် IRI အဖွဲ့ကနေ တရားဝင်ရပြီး စာရင်းစစ်နဲ့ သုံးစွဲခဲ့ရတာပါ။ တလတွက်စာရင်းမညီရင် နောက်တလမရပါ။ ကျွန်တော်ကိုင်ခဲ့တာ ၁၉၉၄ ကနေ ၂၀၀၄ အထိပါ။ အမေရိကမှာ နိုင်ငံခြားသားတယောက်နေ အိုးအိမ်လှမ်းဝယ်လို့မရပါ။ မေးသမျှကိုဖြေရတာ အခက်အခဲမရှိပါ။ အင်တာဗျူးချိန်က နာရီဝက်မကြာလိုက်ပါ။

ဒီတိုင်စာအကြောင်းကို သားသမီးတွေဆီကိုတောင်မှ လှမ်းပြီးအသိမပေးပါ။ ဖေ့စ်ဘွတ်မှာ ကံတရားကနေသာ တော်ရာကို ပို့မယ်လို့ရေးခဲ့တာကို တချို့က သတိထားမိမှာပါ။

ဒေလီကနေထွက်ကာနီး ၂ ရက်အလိုမှာ တိုင်စာအကြောင်း ၂-၃ ယောက်ကို တစိတ်တပိုင်းပြောထားခဲ့ပါတယ်။ အိန္ဒိယအခြေပြု ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ ဒီအကြောင်းကို သိတဲ့သူကျန်ရစ်အောင် ပြောလိုက်တာပါ။ မေးကြပါတယ်။ ဘယ်သူက တိုင်တာလဲ။ ကျွန်တော်မသိပါ။ အင်တာဗျူးမေးတဲ့ ဟုမ်းလင်း-စီကျူရတီ အရာရှိရှေ့က အင်္ဂလိပ်လို ရေးထားတဲ့တိုင်စာကိုမြင်ပေမဲ့ ဘယ်သူက တိုင်သလဲလို့ မေးမကြည့်ပါ။ ဒေလီ-တူ-ဒေလီ တိုင်စာလား၊ တခြားနိုင်ငံကနေ လှမ်းတိုင်တာလား မေးသူလဲရှိတယ်။ ဒါလဲ ကျွန်တော်မသိပါ။ ဥစ္စာပျောက် ငရဲရောက်။

နောက် ၃ ပါတ်လောက်နေတော့ ကျွန်တော့်ကို လက်ခံတဲ့စာရလာပါတယ်။ သားသမီးတွေကလွဲရင် ဘယ်သူ့ကိုမှ ရပြီဆိုတာမပြောပါ။ ထွက်ရမဲ့ရက်၊ အမေရိကန်ဗီဇာ၊ လေယာဉ်လက်မှတ်၊ ဟိုရောက်ရင်နေရမဲ့အိမ်လိပ်စာ၊ စတာတွေ လက်ထဲရောက်မှ နှုတ်ဆက်သင့်သူတွေ၊ အသိပေးသင့်သူတွေကို ထုတ်ပြောပါတယ်။ အလွန်ရင်းနှီးသူတချို့ကိုတောင် လေယာဉ်ပေါ်မတက်ရခင်အထိတော့ သွားရမှာမသေချာသေးဘူးလို့သာ ပြောမိပါတယ်။

စာအစပိုင်းမှာ ဝမ်းသာအယ်လဲလို့ မပြောချင်ပါဆိုပြီး ရေးခဲ့ပါတယ်။ မိသားစုဝင်တွေအကုန်လုံးနေထိုင်ရာ အမေရိကကို မသွားနိုင်အောင် အတိုင်ခံရပေမဲ့ ရောက်အောင်လာနိုင်လို့တော့ အခက်အခဲတခုကို ထပ်ပြီးကျော်လွှားနိုင်ပြန်ပြီဆိုတာ ခံစားမိပါတယ်။ (၂၄) နှစ်အတွင်း ရှိရှိသမျှအတားအဆီးတွေကို ကျွန်တော် ကျော်လွှားလွန်မြောက်နိုင်ခဲ့ပါပြီ။ နောင်မှာလဲ အခက်အခဲတွေရှိလာတိုင်း ကျော်လွှားနိုင်မယ်လို့ပါ ယုံကြည်ပါတယ်။ ကံနဲ့ဉာဏ်ရှိရင် ကျော်လွှားနိုင်ပါတယ်။ ကံဆိုတာ ကောင်းတဲ့ကံ။ ဒီမိုကရေစီအင်အားစုထဲမှာပါ ဣဿာမစ္ဆရိယစိတ်တွေ ကင်းပျောက်နိုင်ကြပါစေ။

မှတ်ချက်

၂၀၂၁ ကစတဲ့ နိုင်ငံရေးမှာ ဇာတ်လမ်းသစ်တွေ ရှိပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ

၂၉-၉-၂၀၁၄

၂၉-၉-၂၀၂၅

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...