ကောသလ
စောလှတဲ့ ရာဇာ။ ။
ဆယ့်ခြောက်ဖြာ အိပ်မက်ခန်း
ကျမ်းထွက် သေချာ။ ။
မိန့်ခွန်းဖြာ
လင်္ကာ ပျံ့ပျူး။ ။
သောတုနောင်လာတို့
မှတ်စိမ့်ငှာ ရည်ရွယ်တွေး
ရေးပြမိန့်ဥူး။ ။
(အထက်အောက် နှစ်ဆစ်စီ၊ အမေး အဖြေ။)
ဥဿဘ
နွားလှတဲ့ လေးကောင်။ ။
ဝှေ့မယောင် ရှောင်ကာပြေးတယ်
ဝေးရပ် သီခေါင်။ ။ ……………… (အမေး နှစ်ဆစ်)
မိုးရိပ်ကယ်မှောင်
တိမ်တောင် တက်ချုံး။ ။
လျှပ်စစ်ကယ် ရောင်ဝါနှင့်
ရွာမလို ဟန်ပုံခင်းတယ်
ကွင်းပျောက်လို့ဆုံး။ ။ ………… (အဖြေ နှစ်ဆစ်)
(အိပ်မက်-၁)
ချိန်မကျခင်က၊ ရုက္ခတဲ့ သစ်ပင်ငယ်။ ။
ဖူးငုံတန် ပွင့်တန်မှီး၊ သီးကြ သွယ်သွယ်။ ။
မိန်းမငယ်၊ သူငယ် ယောက်ျား။ ။
ချစ်မေတ္တာ ပိုလျှံလို့
ရွယ်မတန် သန္ဓေမြတ်ကို
စွဲကပ်လို့ပွား။ ။ ……………… (၂)
ယနေ့ဖွား၊ နွားလှတဲ့ သားငယ်။ ။
တညံကို မိခင်စို့တယ်၊ ထူးလို့ မှတ်ဖွယ်။ ။
ကျေးဇူးကြွယ်၊ မွေးမယ် ဘရင်း။ ။
ဝတ်စား မကုန်တန်လို့
သမီးထံ သားထံချော့ရတယ်
ပျောင်းပြော့ ဝပ်စင်း။ ။ …………… (၃)
နွားငယ်ကို ဝန်ဆောင်ထားလို့
နွားကြီးကိုတဲ့ ပြင်ကရံ။ ။
မရုန်းနိုင် ပြင်ကထားတယ်
သွားတဲ့ ဖြစ်ဟန်။ ။
မှုမျိုးမှန်
ချေငံ သိကြား။ ။
လူကြီးကို ပယ်ခွာလို့
လူငယ်မှာ နိုင်ငံရေးကို
ပေးအပ်လို့ထား။ ။ ……………… (၄)
ကြုံပြန်ရ၊ အဿတဲ့ ရာဇာ။ ။
ခံတွင်းနှစ်တန်နှင့်
မုယောဆန် ယူလို့စားတယ်
ခြားလို့ မှတ်ရာ။ ။
ထိုးပဏ္ဍာ၊ နှစ်ဖြာ ယူစား။ ။
နှစ်ပါးစုံ မကုန်တန်မှ
မမှန်ကန် ဖြန်ကာဖြတ်တယ်
ပြီးပြတ် တရား။ ။ …………………… (၅)
သိင်္ဂီရွှေစင် ရွှေလင်ပန်းကိုလ
ညစ်ညမ်းယုတ် မြေခွေးထန်။ ။
စွန့်ကျင်ငယ် ရေပြန်ထားတယ်
ကြားရ ဖြစ်ဟန်။ ။
မျိုး မမှန်၊ မင်းထံ မြှောက်စား။ ။
ဝတ်စား မကုန်တန်လို့
မျိုးမှန်သူ ကညာရင်းကို
သွင်းရ ဖြစ်လား။ ။ ……………… (၆)
အင်းပျဉ်ပေါ် လူလွန်ကျစ်လို့
ခွေးညစ်က အောက်၌သာ။ ။
မသိရှာ လွန်အဖျားကို
စားကုန်သည့်တာ။ ။
လင်ကြီးမှာ၊ ရှာဖွေစုရုံး။ ။
အိမ်နေသူ လင်ငယ်ထားလို့
စားဆန်ရေ ဟူသရွေ့ကို
သုံး၍ ပျက်ပြုန်း။ ။ ………………… (၇)
ရေပြည့်လျှံ အိုးခံကြီးကို
အချည်းနှီး အိုးငယ်ရံ။ ။
ပြည့်ရာမှာ ထပ်ကာလောင်းလို့
မရှိရေ အိုးငယ်ပေါင်းကို
စောင်း မကြည့်ပြန်။ ။
မင်းကြီးထံ၊ သုံးရန် မှုများ။ ။
ဝတ်စားသုံးရန်ဖို့
ကိုယ့်ဥစ္စာ အိမ်ထောင်မှုကို
စောင့် မရှုအား။ ။ …………………… (၈)
ခပ်သိမ်းသူ ချိုးရေခပ်ကြတယ်
ထူးမြတ်တဲ့ ကန်မဟာ။ ။
အနားကြည် အလယ်နောက်တယ်
ဖြိုးမောက်လို့သာ။ ။
တိုင်းစွန်မှာ၊ ရပ်ရွာစည်ကား။ ။
မင်းစိုးရာဇာတို့
နေပြည်တော်မှာ ခွန်တော်ခွဲတယ်
မွဲလို့ပျက်ပြား။ ။ ……………………… (၉)
အိုးအတန် ဆန်တော်ခတ်ပါငဲ့
ပျော့မနပ် မတော်မှန်။ ။
မင်းသုံးထွေ ကျက်ပုံကွဲတယ်
လွဲရက် ရှိပြန်။ ။
မိုး မမှန်၊ ရွာဟန် ကွက်ကြား။ ။
နစ်ပျက်ကယ် မအောင်ရေနှင့်
အောင်သုံးရေ အမည်ကွဲတယ်
လွဲတဲ့ စပါး။ ။ ………………………… (၁၀)
တသိန်းတန် စန္ဒကူး
နေ့ကြူးပုပ် ရက်တက်ရေ။ ။
အဘိုးငယ် မတန်ဘဲ
လဲထပ်ကြပေ။ ။
မြတ်ဗုဒ္ဓေ၊ စိန္တေ မိန့်ကြား။ ။
ဘိုးနဂ္ဃ ဓမ္မာမြတ်ကိုတဲ့
ပစ္စယာ လေးဖြာရပ်ကယ်နှင့်
လဲထပ်လို့ စား။ ။ ………………… (၁၁)
ဗူးတောင်းကွဲ့၊ ပေါ်မြဲတဲ့ ဓမ္မတာ။ ။
ရေပြင်မှာ မတည်ပဲ၊ ထဲနစ်သည်သာ။ ။
သီလဝါ၊ ပညာရှိများ။ ။
ရဟန်းရှင်လူတို့
ကျေးဇူးမူ ဂုဏ်သိရ်မြှုပ်တယ်
ကျိုးယုတ် အလား။ ။ …………… (၁၂)
ကျောက်ဆိုင်ခဲ၊ နစ်မြဲတဲ့ ဓမ္မတာ။ ။
ရေပေါ်မှာ လှေအလားသို့၊ ငွားငွား ထင်လာ။ ။
နိသီလာ၊ ပညာမဲ့များ။ ။
ရဟန်းရှင်လူတို့
ကျေးဇူးမူ ထင်ပေါ်ကောင်းတယ်
ကြောင်းဖြစ် အလား။ ။ ………… (၁၃)
ကိုယ်တဆုတ်ကယ်နှင့်
ပိန်စုပ်စွေ့ ဖားသူငယ်။ ။
မြွေကြီးကို ကိုက်ခါဝါးလို့
စားခဲ့ပြန်တယ်။ ။
မိန်ူမငယ်၊ ဆိုးကျယ် ညစ်ညမ်း။ ။
မှုမျိုးကို သူစီရင်လို့
ကိုယ့်လင်ကို ကိုယ်အနိုင်ကျင့်တယ်
ဘေးသင့်ခမန်း။ ။ …………… (၁၄)
ရွှေအလား၊ ငှက်များတဲ့ ဟင်္သာ။ ။
ကျီးနက်ကို ခြံရံခတယ်၊ ရှေးကကြမ္မာ။ ။
မျိုးယုတ်မာ၊ ရာဇာ ဖြစ်လား။ ။
အမျိုးငယ် မြတ်သူတို့
ရှေ့တူရူ ခဝပ်ညောင်းတယ်
ကြောင်းသင့်အလား။ ။ …………… (၁၅)
ကျားသစ် သားကိုလ၊ ဆိတ်စားလို့ နေကုန်ပြီ။ ။
ဆိတ်ကိုမြင် သစ်တွေပုန်းတယ်၊ ထုံးနှင့် အညီ။ ။
သုလဇ္ဇီ၊ ဒုဿီတို့ နှိမ်နင်း။ ။
သီလဝံ အရှင်မြတ်ကယ်တို့
ဒုဿီကို အမြင်ကပ်သော်ကြောင့်
တောရပ်သို့ချဉ်း။ ။ …………………… (၁၆)
ကောသလ
စောလှတဲ့ ရာဇာ။ ။
ဆယ့်ခြောက်ဖြာ အိပ်မက်ကြီး
ပြီးနိဋ္ဌိတာ။ ။
မိန့်ခွန်းဖြာ
လင်္ကာ သန့်ရှင်း။ ။
နောက်သား ရှင်လူတို့
ထူးမြင်တာ မှန်မလွဲတယ်
မြဲမှတ်ကြမင်း။ ။
(ပဌမ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment