(လွန်ခဲ့တဲ့ ၃၅ နှစ်က သမိုင်းတင်အဖြစ်အပျက်)
လာမဲ့ ဒီဇင်္ဘာ (၁၈) ရက်နေ့မှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်းခဲ့တဲ့ နှစ်ပတ်လည်နေ့ကျရောက်ပါမယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ဒီလိုရက်တွေမှာဆိုရင် အရွေးချယ်ခံထားကြရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ စစ်အစိုးရထိန်းချုပ်ရာကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲထွက်ခွါနေကြရပါပြီ။ အများစုကတော့ ထိုင်းနယ်စပ်ဘက်ဆီနဲ့ ကျွန်တော်တို့ကတော့ အိန္ဒိယနယ်စပ်ဖက်ဆီ ထွက်ကြရတာပါ။
၁၈-၁၂-၁၉၉၀ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ စင်ပြိုင်အစိုးရကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ စင်ပြိုင်အစိုးရလို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်အစိုးရ ထူထောင်ချင်ခဲ့တာပါ။
တခြားနိုင်ငံတွေကိုခရီးထွက်နေကြတဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ အဝေးရောက်အစိုးရလို့ မသုံးခဲ့သေးပါ။ ၁၉၉၅ မှာ မာနယ်ပလောကျသွားမှ Exile အဝေးရောက် ဖြစ်လာတယ်။ နာမည်ဆိုးပေးတတ်တဲ့ အပြိုင်ခံ အာဏာသိမ်းစစ်အစိုးရကတော့ ပြည်ပြေးအစိုးရလို့သာသုံးတယ်။
ညွန့်ပေါင်းဆိုတဲ့အဓိပ္ပါယ်ဟာ နိုင်တဲ့သူအကုန်ယူ မဟုတ်တဲ့အချက်သာမကဘဲ ပြည်ထောင်စုသဘော တွဲကြ၊ ပေါင်းကြရမယ်ဆိုတာလည်း ပါတယ်။
အဖွဲ့အစည်း ဖျက်နည်းတွေထဲက လူတဦးချင်းကို ဖဲ့ထုတ်နည်းကို အရင်ဆုံးအသုံးခံရလို့ ဗွေဆော်ဦး (၃) ဦးပြန်ဝင်တယ်။ မခံနိုင်တဲ့သူတွေက (လက်နက်မပါလို့) လက်မှိုင်ချပြီး တယောက်ချင်းရော အစုလိုက်ပါ ပြန်ဝင်ကြတယ်။ အစိုးရဖွဲ့ရေးနဲ့ အဓိက ပတ်သက်သူတွေကို ထောင် ၂၅ နှစ်စီချတယ်။ ဆက်စပ်နေသူမှန်သမျှကိုလဲ ထောင်ဘဲချတယ်။ တခြား အကြောင်းတွေရောကြောင့်ပါ ရာဂဏန်းမကဟာ အမတ်အဖြစ်ကနေ နုတ်ထွက်ခိုင်းတာ ခံကြရတယ်။ အဆုံးစွန်နည်း ဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်တာခံရလို့ ထောင်ထဲမှာ ၃ ဦး၊ ပြည်ပမှာ ၂ ဦး အသက်ပေးလိုက်ကြရတယ်။ (၂၂) နှစ်အတွင်းမှာ အရင်းအနှီး ကြီးလွန်းခဲ့ပါတယ်။ ဖျက်လိုက်တော့မယ်လို့ စဉ်းစားကြတဲ့အခါ ဒါတွေအားလုံးကို ခေါင်းထဲမှာထည့်ရပါတယ်။
သူများဖျက်လို့ ပျက်တာမဟုတ်တဲ့အချက်ဟာ လွယ်လွယ်နဲ့ဖြစ်နိုင်ခဲ့တာ မဟုတ်ပါ။
၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာကနေ ပြည်ပအဖွဲ့အစည်းတွေကို အထောက်အကူတွေ မပေးတော့ပါ။ ငွေမရလို့ကြောင့်တော့ မဖျက်ပါ။ NCGUB ဖျက်သိမ်းရတဲ့ တခုတည်းသော အကြောင်းတရားက နိုင်ငံရေး ဖြစ်တယ်။ ကျွန်တော်တို့ ဘာငွေကြေးအကူအညီမှမရဘဲ ၂ နှစ်ကြာ တောင့်ခံခဲ့ပါတယ်။ (အခုလည်း နာမည်အရ မရှိတော့ပေမယ့် ဒေါက်တာစိန်ဝင်းနဲ့ ကျွန်တော်ကတော့ ဘာမားဖန်း နာမည်နဲ့ ဆက်လုပ်နေပါသေးတယ်။)
နိုင်ငံရေးအခြေအနေဆိုတာ တသမတ်တည်းမနေပါ။ ၁၉၉၀ ရွေးကောက်ပွဲကို အခြေခံခဲ့တဲ့ NCGUB အစိုးရဟာ ဒီအချက်ကို စွဲစွဲမြဲမြဲကိုင်စွဲထားခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတာ ၄-၅ နှစ်ကြာတော့ ရွေးကောက်ပွဲရလဒ်ဟာ ဘောင်မဝင်တော့ဘူးလိုလို ပြောဆိုလာခဲ့သူတွေထဲမှာ အပြိုင်ခံအစိုးရတခုတည်း မဟုတ်ဘဲ၊ မလိုလားသူတွေနဲ့ ဝေဖန်တိုက်ခိုက်သူ အဖြူတွေရော မြန်မာတွေပါ ပါတယ်။ လက်တွေ့ကျကျ ၁၉၉၀ ရွေးကောက်ပွဲ ခံလိုက်ရတာကတော့ နောက်ထပ်ကျင်းပလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်တယ်။ စစ်အုပ်စုလဲ ဒါဖြစ်လာအောင် အနှစ် (၂၀) လုပ်ခဲ့ကြရတယ်။ ဒီအဆင့်အထိလဲ NCGUB ကို ဖျက်ဘို့ မစဉ်းစားခဲ့သေးပါ။
NCGUB သန္ဓေတည်ဘို့ လုပ်ကြတာက NLD အမတ်တွေနဲ့ NLD စည်းရုံးရေးမှူးတွေဖြစ်လို့ NLD ရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာလဲ အခရာကျတယ်။ NLD ကို NCGUB က စင်ပြိုင်နေတယ်လို့ နည်းနည်းလေးမှ အထင်မခံနိုင်ပါ။ NLD ခေါင်းဆောင်တွေလဲ အပြင်ကိုထွက်လာနိုင်ကြပြီဆိုတဲ့အချက်က တွန်းအားတရပ် ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊ တခြားခေါင်းဆောင်တွေပါ ပြည်ပကိုထွက်ပြီး လေ့လာနိုင်၊ ပြောနိုင်၊ ဆိုနိုင်ကြပါပြီ။ အပြင်ရောက်နေသူတွေကို စကားပြောစင်မြင့်တွေမှာ နေရာပေးစရာမလိုတော့ဘူး ဖြစ်လာတယ်။
ဖျက်တော့မယ်ဆိုတာ ကိုယ်ပိုင်အယူအဆပါ။ ပွဲစားကလာ ဆွေးနွေးတာမဟုတ်ပါ။ စစ်အုပ်စုဆီကလဲ လာဘ်လာဘ တခုမှမရပါ။ ၂၂ နှစ်တာ မာရသွန်ခရီးမှာ ယှဉ်ပြိုင်ခြင်းသည်သာအဓိကဆိုတဲ့ထုံးကို နှလုံးမူခဲ့ပါကြောင်း။
အဖမ်းခံထားရစဉ်မှာ ကွယ်လွန်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ
၁။ ဦးတင်မောင်ဝင်း၊ NLD ပါတီ၊ ခရမ်း (၁)၊ ၁၈-၁-၁၉၉၁။
၂။ ဦးလှသန်း၊ NLD ပါတီ၊ ကိုကိုကျွန်း၊ ၂-၈-၁၉၉၆။
၃။ ဦးစောဝင်း၊ NLD ပါတီ၊ ထီးလင်း၊ ၇-၈-၁၉၉၈။
အဖမ်းခံရတာကနေ လွတ်ပြီးမကြာမီမှာ ကွယ်လွန်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ
၁။ ဦးကျော်မင်း၊ NLD ပါတီ၊ ပုသိမ်-အနောက် (၂)၊ ၁-၇-၁၉၉၉။
၂။ ဒေါ်စန်းစန်းဝင်း၊ NLD ပါတီ၊ အလုံ၊ ၂၀၀၀ ခုနှစ်။
၃။ ဦးလှမောင်၊ POCL ပါတီ၊ ကြာအင်းဆိပ်ကြီး၊ ၂၇-၁၁-၂ဝဝ၃။
ပြည်ပမှာ လုပ်ကြံခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ
၁။ ဦးဝင်းကို၊ NLD ပါတီ၊ ရေဦး (၂)၊ တရုပ်နိုင်ငံ၊ ၁-၁၁-၁၉၉၂။
၂။ ဦးလှဖေ၊ NLD ပါတီ၊ ပျော်ကွယ် (၂)၊ ထိုင်းနိုင်ငံ၊ ၁၆-၆-၁၉၉၃။
NCGUB ပေါက်ဖွာလာရခြင်းအကြောင်း ခရေစေ့တွင်းကျသိသူ နည်းနည်းသာရှိတယ်။ အဲဒီထဲက ဦးဝင်းကို၊ ဦးလှဖေတို့ မရှိကြတော့ပါ။ ဒေါက်တာဇော်မြင့်မောင်လည်း ကွယ်လွန်ပြီ။
မကြာသေးခင်က NCGUB သမိုင်းကွင်းဆက်ပြတ်နေတာလေးတွေအတွက် မေရီလန်းကို ခရီးသွားခဲ့တယ်။ အချက်အလက်သစ်တွေရလာတယ်။
ဓါတ်ပုံ = အီတလီနိုင်ငံ၊ တူရင်မြို့တွင်ကျင်းပခဲ့သည့် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂနှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းများ အထူးအစည်းအဝေး
ဦးသိန်းဦး၊ ဒေါက်တာဇလှေထန်း၊ ဦးမောင်မောင်အေး၊ ဦးခွန်မာကိုဘန်း၊ ဦးဘိုလှတင့်၊ ဒေါက်တာသောင်းထွန်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစိန်ဝင်း၊ ဦးဟန်ညောင်ဝေ၊ ဦးတက်ဒီဘူးရီ၊ ဒေါက်တာစန်းအောင်၊ ဒေါက်တာမြင့်ချို၊ ဦးစိုးပိုင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment