စိတ်ကူးစိတ်သန်း ပေါက်လွှတ်ပဲစား
မေးခွန်းတခု = ဆရာ ခင်ဗျား စိတ်ကူးစိတ်သန်း မှန်ပါသလား စိတ်ကူးစိတ်သန့် မှန်ပါသလား နှစ်ခုစလုံးမှန်ပါသလား ကျွန်တော် စိတ်ကူးစိတ်သန်း ကို မှန်တယ်လို့ ပိုယုံကြည်သော်လည်း ပိုသေချာစေလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်။
ပြန်စာ
(၁)
စိတ်ကူးစိတ်သန်း = အတွေးအတော။ အကြံအစည်။
ဤတာဝန်ခံ အမတ်တို့၏ စိတ်ကူးစိတ်သန်းနှင့်။ သရာဇ။ ၂၆၁။
စိတ်ကူး = တွေးတောသည်။ ကြံစည်သည်။
ကိုယ့်ဘာသာ စိတ်ကူးလို့၊ ရွှေဖူးကို လက်တင်။ ဝိရီ၊ ပ။ ၃၂၄။
စိတ်သန့် (နာမ်) = သန့်ရှင်းသောစိတ်။
စိတ်သန့် (ကြိယာ) အပြစ်ရှိသည်ဟု မထင်မှတ်။
မြန်မာလို အသုံးစကားတွေမှာ စုံတွဲစကားစုတွေ ရှိတယ်။ ရှေ့နှစ်လုံးနဲ့ နောက်နှစ်လုံး ခွဲခြားတဲ့အခါ အဆက်အစပ်မရှိပါ။
စိတ်ကူးစိတ်သန်း
စိတ်ကူးနဲ့ စိတ်သန်း ဆက်စပ်ယူလို့ မရပါ။
စိတ်သန်း မရှိ။ စိတ်သမ်းလို့သာရှိတယ်။
ရမ်းသမ်းလို့ ရှိတယ်။ ရမ်းသန်း မရှိပါ။
စိတ်သန်းလည်း မရှိပါ။ ရမ်းသမ်းပြောသည်လို့သာ ရှိတယ်။
(၂)
ပေါက်လွှတ်ပဲစား = အထိန်းအကွပ်မဲ့။ စည်းမရှိကမ်းမရှိ။
ကလေးတွေကိုကိုယ်လုံးတီးဖြင့် ပေါက်လွှတ်ပဲစားလွှတ်ထားကြ၏။ တောင်များ၏တောင်ဘက်။ ၂၆၀။
လှေကလေးများတွင် လှေကြီးများကဲ့သို့ ပဲ့ပေးသော ပဲ့တက်မပါဘဲ၊ လှော်တက်ဖြင့်သာ ပဲ့၍ပေးသဖြင့် ထိုလှေမျိုး ကို ပေါက်လွှတ်လှေဟု ခေါ်သည်။
လူများတွင်လည်း ပေါက်လွှတ်လှေကဲ့သို့ ပဲ့ကိုထိန်းချုပ်ခြင်းမရှိဘဲ၊ လွှတ်ထားရသည်ကို ပေါက်လွှတ်ပဲစားထားသည်ဟု ဆိုကြသည်။
ပေါက်လွှတ် နဲ့ ပဲစား ကို ခွဲခြားမှတ်ယူလို့ မရပါ။
(၃)
ဒရောသောပါး = ကတိုက်ကရိုက်။ အလောတကြီး။ ဒရောမျောပါး။
အိမ်ပေါ်မှ ဒရောသောပါးပြေးဆင်းလာကာ။ ကမ္မ။ ၁၇၁။
ဒရော နဲ့ သောပါး ကိုခွဲယူလို့မရပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment