ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့
ပြာပြာလတ်လတ်၊ မွတ်မွတ် (ညက်ညက်
ရွှန်းရွှန်းစက်မျှ၊ ဝင်းလက်ရောင်ရွှေ
အခေါင်ပေတည့်၊ တောင်နေနတ်ဟန်
မြတ်သစ်ကြန်နှင့်၊ ပန်းမာလ်) ရေးချေ
ထုံးနေမကျော၊ ပတ်လျှောဆံကြာ
ကျတိုင်းသာလျှင်၊ ရွှေဝါပိတ်ရှင်း
ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ
မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်
မရည်းမထင်၊ ဖြုတ်ချည်းမြင်က
နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်
စိတ်လုံးညွှတ်သည်၊
ဘုံထွတ်နန်းတောင် နေတို့သော။ ။
ရင့်မြရွှေကျန်၊ ရွက်မပွန်တည့်
ဝါကြန်နီမောင်း၊ ပင်တိုင်းပြောင်းက
သက်ပေါင်းထင်ယုံ၊ လှနိတုံလည်း
ပန်းစုံရောယှက်၊ ထုံးမြရွက်နှင့်
လိုက်ဖက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ
မလ္လာ ရနံ့၊ မွှေးပျံ့ ကြိုင်ရွှင်း
ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့
မြရည်ကြောစိမ်း၊ လဲ့လဲ့ရှိမ်းမျှ
ခပ်သိမ်းကလျာ၊ ရှုဖွယ်သာလျှင်
သိင်္ဂါရောင်တောက်၊ လက်ကောက်လက်ကျပ်
ရည်လျှပ်ဆံကျင်၊ မျှမဆင်လည်း
တိုင်းပင်တင့်မှတ်၊ လှခေါင်ထွတ်သည်
ကြာနတ်တန်ဆောင်း ပေတို့လော။ ။
ဆင့်ချစွေသွန်၊ ရက်မချန်သား
ယုဂန်အလုံး၊ မြရည်ဖုံးသား
လှဆုံးတင့်နေ၊ ထုံသရေလည်း
ထွေထွေကြည့်တိုင်း၊ ပြစ်မျိုးရိုင်းသည်
စံခိုင်းလှော်သစ်၊ ရွှေနယ် နစ်မျှ
တင်ပြစ်မစက်၊ လဲ့လဲ့ညက်ကို
ထက်နတ်ဘုံနေ၊ ခုသာကြွေသို့
တင်ချေရှုမြော်၊
အကျော်ပျံ့မွှန်း၊ ဝင်းငြိမ့်ရွှမ်းကို
တောင်နန်းနေလော၊ နတ်ပေလောဟု
တွေးတောချေမိ၊ တပ်မသိခဲ့
ထင်မိဖြုတ်ခြည်း၊ မြော်ကတည်းက
အူသည်းစုညွတ်၊ သက်လုံးပြတ်သည်
လျှံပတ်ထွန်းရောင် ဝေတို့လော။ ။
(နတ်သျှင်နောင်)
ပ-ပိုဒ် လက်သဲကွင်းရှိစာများ စာမူအများ၌ မပါပါ။
ဇင်းမယ် (ချင်းမိုင်)ဘုရင့် နှမတော် ရာဇဓာတုကလျာကို တောင်ငူဘုရင် နတ်သျှင်နောင် မြင်ရာတွင် ဤရတုကို ဆိုသည်ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသဂြိုဟ်တွင် ဆိုသည်။
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment