လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ကင်းအောင်နေ
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကို ပူဇော်လေ
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၂)
ကုသိုလ်ပညာ ဥစ္စာရဖို့
သင့်ရာဒေသ အမြဲနေ
ရှေးကတင်ကြို ပြုခဲ့ဘူးသည့်
ကောင်းမှု့အထူးရှိပါစေ
မိမိကိုယ်ကိုယ် ကောင်းအောင်ထိမ်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ
ဥစ္စာကိုပေး နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၃)
တတ်ကောင်းတတ်ရာဟူသမျှကို
ကြားမြင်သုတရှိပါစေ
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့
အသက်မွေးဖို့ အတတ်သင်လေ
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို
ကောင်းစွာသင်ကြား နားလည်စေ
မှန်ကန်ယဉ်ကျေး ချိုသာအေး
ဆိုရေးတတ်ပါစေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၄)
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ
ကြွေးသစ်ချကာ သားနဲ့မယားကို
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ
အလုပ်တာဝန်မလစ်ဟင်းနဲ့
အပြစ်ကင်းအောင်လုပ်ပါလေ
စည်းစိမ်ကိုပေး ပြုစုရေး
မျှော်တွေးသုံးချက်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၅)
သုံးတန်စေတနာ ဖြူစင်လန်းလို့
ပေးကမ်းဝေမျှလှူနိုင်စေ
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့
သုစရိုက်တရားကို ကျင့်ပါလေ
ဆွေမျိုးတွေကိုပြစ်မထားနဲ့
သင်္ဂဟတရားနဲ့ ချီးမြှောက်လေ
သန့်စင်ပြစ်မျိုး လူထုအကျိုး
သယ်ပိုးရွက်ဆောင်လေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၆)
မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ
တွေ့ကြုံလာလျှင် မလွန်ကြူးနဲ့
အထူးသဖြင့် စောင့်စည်းနေ
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာပေ
လုပ်ကိုင်ပြောကြား သတိထား
တရားမမေ့စေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၇)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
ဆည်းကပ်ခစား ရိုသေလေ
မာနတံခွန် ဂုဏ်မကြွနဲ့
ကိုယ့်ကိုယ်နိမ့်ချ အမြဲနေ
လောဘအပို လိုမလိုက်နဲ့
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
အထူးသိတတ်စေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၈)
ဝတ်စားနေထိုင် ရန်ခတ်သိမ်းကို
စိတ်ကိုချုပ်ထိမ်း သည်းခံလေ
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
ပြောကြားလာက နားလွယ်စေ
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို
မကြာခဏတွေ့ဆုံလေ
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၉)
လောကီအာရုံ ဇိမ်ယစ်မူးလို့
ပျော်မကြူးနဲ့ ခြိုးခြံလေ
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့
သူမြတ်ကျင့်ထုံး ယွင်းမသွေ
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့
အမှန်သိအောင်ကြိုးစားလေ
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချင်း
အလင်းပေါက်နိုင်စေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၀)
ဆင်းရဲချမ်းသာ သဘာဝမို့
တွေ့ကြုံနေကြ လူတိုင်းပေ
ကောင်းဆိုးနှစ်တန် အစုံတွဲလို့
တလှည့်စီလဲ အမြဲနေ
လောကဓံကြုံ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့ စိတ်ခိုင်စေ
သောကကိုထိမ်း ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာနေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၁)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
ပျက်ပြားနေကြ ကမ္ဘာမြေ
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့
လူနဲ့လူချင်း သတ်ကာနေ
ငြိမ်းချမ်းပါစေ အာသီသနဲ့
စွမ်းနိုင်ရာက ကူညီသလေ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရား
ရေးသားဖြန့်ကာဝေ
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာကသိပါစေ။
၃၈ဖြာမင်္ဂလာပုံပြင်များ၊ စာရေးသူ- မင်းယုဝေ https://www.youtube.com/watch?v=_B7_zrLmrvk
ဒေါက်တာတင့်ဆွေ

Comments
Post a Comment