Skip to main content

“ဆံ တခက်ကို၊ ရွှေလက်တော်ယူ၊ ကိုင်တော်မူ၍”

မဟာသုတကာရီ မဃဒေဝလင်္ကာသစ် (မာန်လည်ဆရာတော်)

၂။ ဓမ္မဒေသနာခဏ်း

၃။ အမစ္စောဝါဒခဏ်း

ရာဇာ ပလိတံ ဟတ္ထေန ဂဟေတွာ အမစ္စာနံ ဣမံ ဂါထာမာဟ။

၃၄၀

မှူးမတ် ဝန်းအုံ၊ တင်ကြတုံသော်၊ ရွှေဘုံ စိုးစံ၊ တန်းခိုးလျှံသား၊ ဒိသမ္ပတေ့၊ ဘုန်းဟေ့ မဟာ၊ လောင်းရာဇာက၊ ကေသာ ဖြူရွက်၊ ဆံ တခက်ကို၊ ရွှေလက်တော်ယူ၊ ကိုင်တော်မူ၍၊ များထူး ထံရင်း၊ ခ, ဝပ်စင်းသား၊ ခပင်း ရံပတ်၊ မှူးမတ်တို့အား၊ ထင်ရှား ပြက်ပြက်၊ မှန် မပျက်အောင်၊ အဋ္ဌက္ခရာ၊ ဆန်းသင့်စွာလျှင်၊ ပထျာဝုတ်၊ ဂါထာပုဒ်ကို။။ ရွှေနှုတ် သံချို၊ ကျူးရင့် ဆိုတည်း။

ဥတ္တမင်္ဂရုဟာ မယှံ၊ ဣမေ ဇာတာ ဝယောဟရာ။

ပါတုဘူတာ ဒေဝဒူတာ၊ ပဗ္ဗဇ္ဇာ သမယော မမာတိ။။

၃၄၁

ခြောက်ပါး ရှစ်ပါး၊ ကိုးခုအားဖြင့်၊ အပြား ထင်စွာ၊ ဂုဏ်အင်္ဂါနှင့်၊ ညီညာ သီးသီး၊ စုံပြည့် မှီး၍၊ ထီးနှင့် စလွယ်၊ ရာ ကြီးငယ်တိ၊ တင့်တယ် ဆောင်ယောင်၊ ဝင်းဝင်းပြောင်ဖြင့်၊ ဂုဏ်ရောင် လေးတွဲ့၊ မနုန့်နဲ့ဘဲး၊ ရွှေဘွဲ့ ဝတ်လုံ၊ ခြုံရုံ နတ်စစ်၊ မဟာရာဇ်သို့၊ သင်္ကျစ် ရွှေဗောင်း၊ တမာ ဆောင်းလျက်၊ သူကောင်းတော်စု၊ ငါ ခန့်ပြု၍၊ တိုင်းမှု ပြည်မှု၊ အရှင့်မှုက၊ သင်းစု များစွာ၊ ဆိုင်ရာရာနှင့်၊ မကွာ လက်ကိုင်၊ ပြည်ရေး ပိုင်သည်၊ မဏ္ဍိုင်သဖွယ်၊ မတ် ကြီး-ငယ်တို့။။ နားဝယ် မဂသုန်၊ ထောင်ကြကုန်လော့၊ ဝသုန္ဒရီ၊ မဟီတလာ၊ မြေမျက်နှာထက်၊ ဓရာဓရိ၊ မြေကြီ့း အလုံး၊ အောက် ရေ ဆုံးလျှင်၊ သိမ်းကျုံး ကုန်အောင်၊ ဘုန်းဖြင့် ဆောင်သည့်၊ မင်းခေါင် သာဂရ၊ စောဒေဝဟု၊ ငါ့ ခမည်းတော်၊ ရွှေနန်းပေါ်နှိုက်၊ ငယ်ပျော် ငယ်ပါး၊ ငါ မင်းဖျားလျှင်၊ ငယ်သွား ငယ်လာ၊ ငယ်မူရာဖြင့်၊ ရတနာစလွယ်၊ ဆဲ့နှစ်သွယ်နှင့်၊ သူငယ်ဘာဝ၊ ကုမာရဟု၊ မင့်းသားအဖြစ်၊ ရွယ်နုမျစ်လျက်၊ စင်စစ် ကြာညောင်း၊ နှစ်အပေါင်းတိ၊ ရှစ်သောင်း လေးထောင်၊ ကုန် ကျွန်းအောင်သည်။။ ငယ်ရောင် ငယ်ရုပ် ငယ်သွေးတည်း။

၃၄၂

ထိုမှ နောက်တိ၊ ရွယ်ရောက် ချိန်သင့်၊ ပန့်းနှယ် ပွင့်က၊ ဘ,ခင့် လက်ရုံး၊ အချာ ထုံး၍၊ ပြည်လုံး လွှဲကာ၊ ဥပရာဟု၊ မင်းလျာ ခံပြီး၊ မင်းဖြစ် နီးသား၊ ရွှေထီး ရှစ်လက်၊ ကျိုင်း ခြောက်ချက်နှင့်၊ ဖြန့်ကြက် မိုးလစ်၊ အိမ်ရှေ့ ဖြစ်ဖြင့်၊ ရှစ်သောင့်း လေးထောင်၊ လွန်အောင် ရှည်လျား၊ ပျော် စံစား၏၊ ဘ,ဖျား မင်းကျော်၊ နတ်ပြည် ပျော်သော်၊ မွေတော် ရာရိုက်၊ သောင်းညာတိုက်ကို၊ သိမ်းပိုက် အုပ်ထွေ၊ ဘုန်း တက်နေနှင့်၊ ဝိဒေမည်သာ၊ မဟာရဋ္ဌ၊ တိုင်း ဇေယျထက်၊ ထာဝရ ကိန်းသီး၊ ဘွင့်ပြန်ပြီးမှ၊ မင်းထီး ပစ္စူ၊ ငွေရွက်ဖြူဖြင့်၊ စိုက်ထူ ညီးညီး၊ ဦးကိုင် စီးလျက်၊ ပြည်ကြီး အောင်ချာ၊ ထက် နိမ္မာသို့၊ မိထိလာ နန်းသစ်၊ စိုးစံလှစ်၍၊ အနှစ် ရှစ်သောင်း၊ လေးထောင် ပေါင်းဖြင့်၊ ကြာညောင်း ကျော်ဟိုး၊ လူ-အမျိုးကို၊ အုပ်စိုး ဘုန်းရှိန်၊ သိကြား ချိန်သား၊ ဝရဇိန်လက်နက်၊ မိုးကြိုးစက်သို့၊ မြေအက် တိမ်းပင်း၊ ညီး တလင်းမျှ၊ မာရ်မင်း ဖြစ်ဖြစ်၊ မာရ်စစ် တူတူ၊ ဗိုလ်လူ ပြည့်သိပ်၊ တိမ့်နှယ် လိပ်၍၊ ဆယ်ကျိပ် ရာဇာ၊ မင်းတကာတို့၊ ပက်ပါ ဆီးဆို၊ ကြိုလင့် တပဲး၊ ရဲး၏ဟူလျှင်၊ ဆင်သော် ဆင်ချင်း၊ မြင်း မြင်းချင်းဖြင့်၊ စီးချင်း လာစေ၊ ရှောင် မသွေဟု၊ သရေ ကိုးကား၊ ငါ့ဘုန်းအားဖြင့်၊ ယောက်ျားအဖြစ်၊ တု မရစ်ဘဲး၊ မင်းစစ် ဖီလာ၊ ငါနှင့် ငါသာ၊ ပမာ တမျှ၊ ဆိုလောက်စွအောင်၊ သံပ ဟုံးစုံး၊ ဘက်မဲ့ ကြုံး၍၊ လက်ရုံး ဆန့်ထောင်၊ ပြည်ကျိုး ဆောင်သည်။။ မင်းရောင် မင်းရုပ် မင်းသွေးတည်း။

('ရတိဋ္ဌာယီဘာဝ, ကာမသိင်္ဂါရရသ, ဥဿဋ္ဌာယီဘာဝ, ယုဒ္ဓဝီရရသ' တို့ကို ပြသတည်း။)

၃၄၃

ယင်းသို့ မူလ၊ လူ ဖြစ်စက၊ မဆွ လက်မွန်၊ အရင်း ပြန်ပြီး၊ ဗိမာန် ရဝေ၊ နန်းရွှေစတိ၊ မလိတ္ထိနှိုက်၊ အာဒိ အစ၊ ဇာတိ ရ၍၊ အဂ္ဂ မှူးတင်၊ ကမ္ဗုရှင်တိ၊ မိခင် မယ်မင်း၊ သန့်စင် ရှင်းသား၊ ယင်းက စသွယ်၊ သူငယ် အိမ်ရှေ့၊ နန်းစံစေ့အောင်၊ စစ်၍ တွက်ကိန်း၊ ဂဏာန်း ထိန်းသော်၊ နှစ်သိန်း ငါးသောင်း၊ နှစ်ထောင် ပေါင်းဖြင့်၊ ရှစ်သောင်း လေးထောင်၊ သုံးပြန်ဆောင်သည့်၊ မြားမြောင် နှစ်စု၊ သက် အာယုလုံး၊ သမ္မုတိ နွယ်ရိုး၊ ကမ္ဘာစိုးဟု၊ အမျိုး ဘုန်းဂုဏ်၊ မသုန် မဖျင်း၊ စည်ကွင်း မယှိ၊ ကျွန်းလုံး သိအောင်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ အမြတ် သုံးပါး၊ ကျော် ထင်ရှားလျက်၊ ရွှေဘွား စက်အောက်၊ ရာ ထီးဆောက်တို့၊ ညွတ်ရောက် ကျိုးနွံ၊ ကျွန်တော်ခံ၍၊ သက်နှံ သားကြီး၊ သမီး ကညာ၊ ပဏ္ဏာ ဆက်ထား၊ မဘောက်ပြားတည့်၊ ဘုန်းအား ရုံးအား၊ မိုးသိကြားနှင့်၊ လျောလျား ထပ်တူ၊ ပြိုင် မပြူဘဲး၊ ဇမ္ဗူကျွန်းကြီး၊ မြရည်ညီးထက်၊ စစ်စီး တုမဲ့၊ နှိုင်းရှဲ့ မထင်၊ လူ့ခွင် ဘက်ယှား၊ နှစ်ပါး ဓမ္မ၊ စာရိတ္တလည်း၊ တိက္ခ မုဒုံ၊ စွယ်စုံ မချို့၊ မင်းတို့ လက္ခဏာ၊ စုံပြည့်စွာလျှင်၊ နေမှာ ပဒု၊ ကောကနုကို၊ ပွင့်ပြုစေတတ်၊ အမှတ် တခြား၊ လ,ကား ကုမုဒြာ၊ ကြာဖြူအပေါင်း၊ ပွင့်ကြောင်း မှန်လှ၊ နေနှင့် လသို့၊ တမျှ မပြား၊ ပြည် တိုင်းကားအား၊ စီးပွား ရှာရှာ၊ ပွင့်လင်း သာအောင်၊ မေတ္တာ ရှေးကြို၊ မငြင်ငြိုဘဲး၊ ဗြဟ္မစိုရ် လေးပါး၊ တရား မလွတ်၊ ကျင့်ဝတ် မကွာ၊ ချမ်းသာ မတိမ်၊ စည်းစိမ် မညှိုး၊ ဘုန်းရှိန် တိုး၍၊ နေမျိုးဆက်ကာ၊ နေနွယ် ဖြာလျက်၊ မဟာသမတ်၊ ကမ္ဘာနတ်က၊ မန္ဓာတ် စကြဝတေး၊ နွယ်တော် ရှေးဖြင့်၊ ငါ့ဘေး နန်းစိုး၊ ငါ့ဘိုး နန်းရ၊ ငါ့ဘ နန်းပိုင်၊ ငါ နန်းထိုင်၍၊ ဦးကိုင် စံစိုး၊ လူအမျိုးကို၊ တန်းခိုး လွှမ်းအုပ်၊ ငါ မင်းလုပ်သည်။။ မင်းရုပ် မင်းပုံ မင်းမွေးတည်း။

(၄င်းလည်း ရှေးအတူ ရသတို့ကို ပြသည်ပင်။)

၃၄၄

ရှစ်သောင့်း လေးထောင်၊ သုံးပြန်ဆောင်သား၊ မြားမြောင် ထိုမျှ၊ ဂဏာန်း ချသော်၊ ခ-ခ သုည၊ နေတြနှင့်၊ ဗာဏ စမ္မ၊ သင်္ချာ ရ၍၊ ကမ္ဘာ့ တန်းဆာ၊ လေး ဒိသာကို၊ လေးဖြာ ရောင်ပျို့၊ မှောင့်မညို့သည့်၊ မြင်းမိုရ့် လုံးပတ်၊ တာခတ် ယောဇန၊ ပမာမျှအောင်၊ ကာလ တောင်တာ၊ ရှည်ကြာ နှစ်စု၊ သက် အာယုဖြင့်၊ လူ့ဇာတိစစ်၊ မင့်းအဖြစ်နှင့်၊ ဒေဝရာဇ်ဟူ၊ မုနော ယူ၍၊ ဇမ္ဗူ သောင်းလုံး၊ ငါဟု ကြုံးလျက်၊ ခွန်ကျုံး သိမ်းခံ၊ ရွှေနန်း စံသည့်၊ နိုင်ငံ စိုးဘိ၊ ငါ ဘုန်းယှိ၏၊ ဇာတိ မြစ်စိုက်၊ သန္ဓေ လိုက်ဖြင့်၊ အကိုက် ကြီးပွား၊ “ဘုတ် လေးပါးတို့၊ ထင်ရှား ပေါက်ကျင်၊ ဤကိုယ်ပင်ကား၊ အမြင် ရွေ့ရွေ့၊ ရင့်အို၍လျှင်၊ နေ့ကို ရက်စား၊ ရက်အား လ,မျို၊ လ,ကို နှစ်,ဖြုန်း၊ လွှနှင့် ဆုန်းသို့၊ ပြုန်းခဲ့ ခန္ဓာ၊ မခိုင်မာဘူး၊ ဇရာမီးငွေ့၊ တမွေ့မွေ့တိ၊ တနေ့ တခြား၊ နှစ်ရှည် များက၊ ပတ္တမြား နန်းအိမ်၊ စံမြန်း ငြိမ်လျက်၊ မွေ့သိမ် သြဇာ၊ နတ်သုဓာနှင့်၊ သီတာရေမျိုး၊ သုံးဆောင် ချိုးလည်း၊ အကျိုး မထင်၊ နာကျင် နာခြင်း၊ အို မကင်းခဲ့၊ ဘောက်ယွင်း သိမ်မွေ့၊ တရွေ့ရွေ့လျှင်၊ ကိုယ်လေ့မှန်လှ၊ သင်္ခါရကြောင့်၊ ဘယ်မျှ ချမ်းသာ၊ ဟူစပါလည်း၊ ကြာက ဧးဧး၊ ကရွတ်ဆွေးသို့၊ အိုရေး နာရေး၊ မြည့်မြည့် ဆွေး၍၊ သေဘေး မကင်း၊ ပျက်ရလျှင်းလိမ့်၊ သေမင်း မရဏ၊ ခံတွင်းဝသို့၊ ဆင်းရမည် ဝတ်၊ မှန် မချွတ်တည့်၊ မလွတ်နိုင်စွာ၊ သေရ စာဖြင့်၊ ရတနာ စီခြား၊ ပတ္တမြား မကိုဋ်၊ ဆောင်း-ဆင် စိုက်လျက်၊ ကိုယ်နှိုက် အလွန်၊ အမွန်ဆုံးဖြစ်၊ ရွှေသင်္ကျစ်နှင့်၊ ဦးရစ် ရွှေဗောင်း၊ ပန်းစုံ လှောင်းသား၊ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ မြသား၊ အဖြူ ကျား၍၊ ထင်ရှား ပေါ်မှု၊ ယခု တတည်၊ ဖြစ်လတ်သည်ကြောင့်၊ ငယ်ရည် ငယ်သွေး၊ ငယ်ရုပ် ဝေးလျက်၊ မင်းမွေး ပျောက်ငုပ်၊ ဘောက်ခဲ့ ချုပ်သည်။။ သေရုပ် သေပုံ သေမွေးတည်း။”

('ဘယဋ္ဌယီဘာဝ, ဘယာနကရသ'၏ ဝိဘာဝကို ပြသတည်း။ စသည်ကား 'အာလမ္ဗဏဝိဘာဝ'၊ ဆံဖြူခြင်းကား 'ဥဒ္ဒီပနဝိဘာဝ'တည်း။ ဤ ၄- ပိုဒ်တို့ကား 'ရူဠာဟလင်္ကာရဝင်္ကဝုတ္တိအလင်္ကာ'ယှိသောပိုဒ်။)

၃၄၅

သတ္တရဗ္ဘဏ်၊ ခုနစ်တန်တိ၊ ယုဂန်အစ၊ သကဏ်ကျအောင်၊ ဥပဎ္ဍချည်း၊ ခပတ်စည်း၍၊ ကွာနည်း နိမ့်-မြင့်၊ အဆင့်ဆင့်ဖြင့်၊ ရှုတင့်စဘွယ်၊ ကြီး-ငယ် ပတ်ခြံ၊ တောင်စဉ် ရံသို့၊ လောက်ငံ ပညာ၊ ထူး ဂုဏ်ဝါဖြင့်၊ မဟာ အဂ္ဂ၊ ဌာနခေါင်စွန်း၊ တော်နေ ချွန်း၍၊ ရွှေကွန်း သိင်္ဂိ၊ ရွှေတိုင် မှီနှင့်၊ ရွှေနီစလွယ်၊ ဆဲ့နှစ်သွယ်တည့်၊ တင့်တယ် ဆင့်ဆင့်၊ ဗောင်းရွှေပွင့်ချည်း၊ နိမ့်-မြင့် ယာ-ဝဲး၊ ရွှေနန်းထဲးနှိုက်၊ အမြဲး နိယံ၊ ညီမှုခံလျက်၊ ငါ့ထံ ညီးညီး၊ ငယ်-ကြီး မပြတ်၊ ဝန်းရံ ပတ်သည်၊ မှူးမတ်အပေါင်း၊ ရွှေကျိုင်းဆောင်းတို့။။ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ ယွင်းကွက်၊ ဤ ဖြူချက်ဖြင့်၊ ဆက်ဆက် အပြီး၊ သေမင်းကြီး၏၊ ထံနီး တိုးတည်၊ နေသည် အခြင်း၊ မှန် မယွင်းကြောင့်၊ ထုတ်ချင်း မြေမိုး၊ ပျံလျှိုး ပုန်းခို၊ မသေလိုလည်း၊ ဤကိုယ် မုချ၊ မနေရခဲ့၊ နိစ္စ ဓုဝ၊ မရဏမှ၊ မလွတ်ရပြီ၊ နေ့-ည မယှိ၊ ဘယ်မူ သိလိမ့်၊” “တောင်ရှိ တံစိုး၊ ပေးထိုး မညှာ၊ ဗိုလ်ပါ ဆင်-မြင်း၊ စစ်ပြိုင် ကျင်းလည်း၊ အောင်ခြင်း မမြင်၊ ကြာမတင်ခင်၊ လျင်လျင် ခုဘက်၊ ရက်စက် ခက်ထန်၊ မျက်မာန် ကျန်းထန်း၊ ငင် စွန်းစွန်းဖြင့်၊ တန်းတန်း အမှန်၊ ဧဝကန်သာ၊ လက်မြန် ဆောင့်တွန်း၊ ဝိုင်းအုံ ဝန်း၍၊ သုံ့ပန်းအပိုင်၊ အနိုင် အထက်၊ နှိပ်စက် အပြင်း၊ ဖမ်းယူလျှင်းလိမ့်၊” “မင်းထက် မင်းစစ်၊ ယမရာဇ်ကား၊ ဖြစ်ဖြစ်သမျှ၊ သန္ဓေရသား၊ ရွရွ လုပ်လုပ်၊ သေး-နုပ် ကြီး-ခံ့၊ ယုတ်ညံ့ ကောင်း-ဆိုး၊ ဘယ်အမျိုးမှ၊ ရှိခိုး မရ၊ မလွတ်စွဘူး၊ ကြီးလှ တေဇာ၊ ဘုံသုံးရွာလုံး၊ မဟာဝိသယံ၊ နိုင်ငံ ကျယ်ဝင်း၊ အာဏာ ပြင်းသည်။။ သေမင်းတမန်၊ အမှန် ငါ့ကို ချလာပြီ။

(ဤကား ဒေဝဒူတာတိ ဒေဝေါ ဝုစ္စတိ မစ္စု'စသော ၄င်းဇာတ် အဋ္ဌကထာနှင့် အညီတည်း။)

၃၄၆

ဒိဗ္ဗန္တီတိ၊ ဘွင့်ကျမ်းယှိတိုင်း၊ သဋ္ဌိသကဋ၊ ပမာဏတည့်၊ ကောသလတိုင်း၊ သမိုင်း အညီ၊ ပြည့်ထုံး မှီ၍၊ ခါရီ နှစ်ဆယ်၊ မှတ်ဘွယ် မချို့၊ လူတို့ ဆက်လျဉ်၊ အစဉ် သုံးခြင်း၊ တင်းချင့် အဝင်၊ ရှစ်ဆယ် တင်သည့်၊ အကြင်လူဝယ်၊ ထိုလှည်းကျယ်၏၊ ခြောက်ဆယ် လှည်းပေါင်း၊ တင်လောက်ကောင်းသား၊ ဆင်ကြောင်း များစွာ၊ နတ်တန်းဆာဖြင့်၊ ထိန်ဝါ မပြတ်၊ ထွန်းပတတ်သား၊ မိုးနတ် ပြိုးပြက်၊ မိုးအထက်က၊ ရပ်လျက် တည်၍၊ မည်သည့်နေ့နှိုက်၊ မရွေ့ သင်သည်၊ သေလိမ့်မည်ဟု၊ အတည် မမှတ်၊ ဆုံးဖြတ်တိတိ၊ နတ်မျက်စိဖြင့်၊ မြင်သိ အလို၊ နတ်ပြောဆိုက၊ ထိုနတ်စကား၊ ထိုနတ် ကြားတိုင်း၊ မမှား ဧကန်၊ သေခြင်း မှန်သို့၊ လူဌာန်နှိုက်တွင်၊ အကြင်သသူ၊ ဆံတည်း ဖြူသော်၊ ထိုလူ မုချ၊ မရဏသို့၊ ရောက်ရ မချွတ်၊ လွဲး မလွတ်တည့်၊ ဘုံထွတ် နန်းမြင့်၊ ခုနစ်ဆင့်နှိုက်၊ စံလင့်ကစား၊ ငါ မင်းဖျားလည်း၊ ဖြူ-ကျား ဆံတော်၊ ယခု ပေါ်ခဲ့၊ ပျော်ပျော် ပါးပါး၊ ရှေးက လားသို့၊ ရှည်လျား တောင်တာ၊ နန်းသိင်္ဂါထက်၊ မြင့်ကြာကာလ၊ မနေရဟု၊ ဒေဝအချင်း၊ သေမည့်ခြင်းကို။။ နတ်မင်းတမန်၊ အမှန် ငါ့ကို ဟလာပြီ။

(ဤကား 'ဒေဝေါ ဝိယ ဒူတာတိပိ ဒေဝဒူတာ' စသော ဇာတ်အဋ္ဌကထာနှင့် အညီ တနည်းအလိုတည်း။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...