ပြန်စာ
ဒီလိုကွန်မင့်မျိုးတွေကို ခဏခဏရပါတယ်။
ခေတ်အကြောင်းကို မကြာခဏ သက်သေခံ အထောက်အထားများနဲ့တကွ တင်ပြထားပါတယ်။
ခေတ်သဘောအရ တချို့အပြောင်းအလဲတွေ၊ အသစ်တွေ့သိလာတာတွေကြောင့် ခေတ်လည်း တိုးတက်တယ်။
တချို့အပြောင်းအလဲ အလွဲအမှားတွေကြောင့် ခေတ်ပျက်တယ်။
စာပေကို နမူနာအဖြစ်တင်ပြရရင်။
(၁)
ရှိတ်စပီးယား (၁၅၆၄ - ၁၆၁၆) ဟာ အင်္ဂလိပ်စာပေမှာ ဂန္ထဝင်ဖြစ်ပါတယ်။ အခုထိလည်း ဖတ်ရှု၊ လေ့လာ၊ ပြဇာတ်တွေ တင်ဆက်နေကြတယ်။
ဒါပေမဲ့
သူရေးသားထားခဲ့တဲ့ ရှေးဟောင်းအင်္ဂလိပ်စာအတိုင်း အခု မရေးကြတော့ပါ။
နောက် ဒါပေမဲ့
ရှိတ်စပီးယားစာတွေကို စပယ်လင်ပြင်ပြီး ထုတ်ဝေခြင်း မပြုကြပါခင်ဗျား။
(၂)
အလားတူ မြန်မာစာပေမှာ ပေလေးပင် ရှင်လေးပါးတို့ရဲ့စာတွေဟာ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်၊ ကိုလိုနီ၊ လွတ်လပ်ရေး မြန်မာ့သမိုင်း ခေတ်ကြီးများပြောင်းပေမဲ့ မူရင်းပေစာတွေပါ အရေးအသားတွေကိုတော့ သတ်ပုံ၊ ကာရန် မပြင်ပါ။ ပြင်ရင် ပျက်ရော။
ရှင်ဥတ္တမကျော် (၈၁၅ - ၉၀၄) တောလား
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဘက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညို့ခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့၊
(၃)
ဆရာရွှေဥဒေါင်း (၁၈၈၉ - ၁၉၇၃) ရေးသာခဲ့တဲ့ ခေတ်သစ် လို့ဆိုနိုင်တဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို သတ်ပုံပြင်ပြီးထုတ်ဝေခြင်းဟာ IPR (Intellectual property rights) ခေါ် ပညာပိုင်းဆိုငရာ မူပိုင်ခွင့်ကို ချိုးဖေါက်တာ ဖြစ်ပါတယ်။
မှတ်ချက်
တချို့က ရေးချင်သလိုရေးသားပြီး ရေးတော့အမှန်၊ ဖတ်တော့အသံထုံးကို ခုတုံးလုပ်နေကြတယ်။
တချို့က ရေးချင်သလိုရေးသားပြီး ခေတ်ကိုအလွဲသုံးစား လုပ်နေကြတယ်။ ခေတ် စာလုံးကို အားနာသင့်ပါတယ်။
ခေတ်အပြောင်းအလဲ အစစ်ဆိုတာ ပိုဆန်းသစ်၊ ပိုကောင်းမွန်၊ ပိုမှန်ကန်၊ ပိုမြန်ရပါတယ်။
ကျွန်တော့်မှတ်ချက်ဟာ မြန်မာစာအရေးအသားကို ၁၂ နှစ်ကြာ လေ့လာသုတေသနပြုပြီး ရေးတာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment