တိမ်နွယ် မဲချိပ်၊ အလိပ်လိပ်နှင့်
ပြွတ်သိပ်ခဲကာ၊ တက်တက်လာ၍
မိုးပြာကိုဖမ်း လွှမ်းလိုက်ပြီလေ။ ။
တကိုယ်တည်းမို့
ရွှေသည်းရင်ဖို၊ ကြောက်သလိုနှင့်
ဖေါ်ကို တ,မိ၊ တောင့်တ ဘိလည်း
မရှိ သခင် တကိုယ်ပင်တည့်။ ။
လ,မင်း စန္ဒာ၊ ရောင် မဖြာအား
ညဥ့်လွှာနက်နက်၊ သူ့ လက်ချက်ကြောင့်
မဲလျက် မှောင်ကာ မှောင် မှောင်သာတည့်။ ။
အပြင်ဘက်မှ
ညဌက် မ ဖို၊ တေး မဆိုဘဲ
ဝါးပျိုပင်နွဲ့၊ ဟိုသည်ငဲ့၍
ပြဲ့ပြဲ့ သံကြောင်၊ လေနတ်မောင်၏
ရန်ထောင်ကြုံးဝါး၊ ကြိမ်းသံကြားဝယ်
ရပ်နား မတည် တုန်ရီရီတည့်။ ။
တကိုယ်ချင်းလျှင်
မှောင်တွင်းနစ်ကာ၊ အားငယ်ရှာခိုက်
လျှပ်ဝါပြိုးပြက်၊ ဝင်းဝင်းလက်၍
ထစ်လျက်ချုန်းမြည်၊ မိုးကြိုးဟီသည်
ရင်ဆီ သဲနု ပြုတ်လုလုတည့်။ ။
တထိတ်ထိတ်နှင့်
ဒိတ်ဒိတ်ရင်မှာ၊ တုန်၍လာတည့်
တန့်ကာ မရပ်၊ စိတ်အားပြတ်၍
မိုးရင်တိမ်ပေါ်၊ ကြည့်လိုက်သော်လျှင်
“အော်…အော်” ဆိုမိ၊ အတပ်သိသည်
ပီပိ သေးသေး ကြယ်ကလေးလေ။ ။
တပွင့်ငယ်ငယ်၊ မှိတ်တုတ်ကြယ်လျှင်
မိုးလယ်တိမ်ကွက်၊ ပတ်ကြားအက်မှ
လင်းလျှက် တခါ၊ မှိန် တခါတည့်။
အကာအကွယ်၊ ဘယ်ဝယ်မရှိ
မိုး၏အလယ်၊ တိမ်စွယ်အကြား
ကိုယ့်စွမ်းအားကို၊ ထောက်ထားမျှော်ကိုး
ကြောက်စိတ်ချိုး၍
ဖြိုးဖြိုး မြင့်မြင့် စံပယ်လင့်၏။ ။
ငါနှင့် ကြယ်ငယ်၊ နှိုင်း၍ဆွယ်သော်
ရယ်ဘွယ်အတိ၊ ငါဖြစ်ဘိ၏
“ထွေးမိရှက်ဖွယ်၊ ငါ့ကိုယ်ငယ်” ဟု
စိတ်ဝယ်တိကျ၊ သိခဏ၌
နွမ်းလျှကျေပျောက်၊ အားသစ်ရောက်သည်
မကြောက်တော့ပြီ ပါတကား။ ။ (ငွေတာရီ)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment