Skip to main content

မြို့မညိန်းရဲ့ အင်္ဂလိပ်လို "ငှက်" စာအုပ် ရှာတော်ပုံ


မသန်း

အနောက်ဘက် ထရံကပ်ထားသော

စာအုပ်ကြီး အပုံထဲမှ အင်္ဂလိပ်လို

"ငှက်"စာအုပ်ပေးလိုက်ပါ။

ညိန်း.....

လို့ လက်မှတ်တိုလေးထိုးထားတဲ့ မြို့မငြိမ်းက ဇနီးဖြစ်သူ ဒေါ်သန်းမေ ဆီကို ရေးလိုက်တဲ့ စာတိုကလေးကို

လူထုဒေါ်အမာရဲ့ "ပြည်သူချစ်သော အနုပညာသည်များ"စာအုပ်ထဲမှာ ပါလို့ တွေ့ဖူးခဲ့ ပါတယ်။ (အဲဒီစာတိုလေးမှာ ရက်စွဲတော့ မပါ ပါ။)

အဲဒီ "ငှက်စာအုပ်"ဟာ ဘာစာအုပ်ဖြစ်လိမ့်မလဲ ? သိချင်မိတာကြောင့် တတ်နိုင်သလောက် လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုကြည့်ပေမယ့်လည်း ဘာတစွန်းတစ၊ ဘယ်သူမှရေးတာကို မတွေ့မိသေးပါဘူး။ 

သူ့ရဲ့ တခြားစာအုပ်တွေနဲ့ပတ်သက်လို့ သားဖြစ်သူ "သန်းအောင်ခိုင်"က "မြို့မငြိမ်းနှင့် သူ့အနုပညာ" စာအုပ်မှာရေးထားတာကတော့

"မြန်မာစာပေမှာထင်ရှားတဲ့စာအုပ်တွေကို သူ့ခုတင်ဘေးမှာရှိတဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ခုံကလေးပေါ်မှာ တင်ထားတယ်....၊ ထင်းရူးေသတ္တာများနဲ့ထားသော စာအုပ်များလည်း ရှိသေးတယ်....၊"....

.... လို့ဖေါ်ပြထားပါတယ်။ သူတို့စစ်ပြေးစဥ်( ဒုတိယ ကမ္ဘာစစ် ၁၉၄၂- ၁၉၄၅)တုံးက...

"သူ့ရဲ့စာအုပ်တွေကို သယ်ရသည်ကပင် တဝန်တပိုး" လို့ မိခင်ဒေါ်သန်းမေကပြောဖူးတယ်လို့လည်း ဖေါ်ပြထားပါေသးတယ်။ စစ်မဖြစ်ခင်က စာအုပ်တွေကို "မစ္စကွစ်တိုက်က ဝယ်တယ်၊ မန္တလေး စီတီစတိုးဆိုင်က ဝယ်တယ်၊ မရရင် ရန်ကုန်ကို မှာတယ်" လို့လည်း ဖတ်ရတော့ ဆရာငြိမ်းဟာ စာချစ်သူတယောက်ဖြစ်ကြောင်း ပေါ်လွင်ပါတယ်။ 

စာအုပ်တွေနဲ့ပတ်သက်ရင် အဲသည်လောက်သာ သိရှိရပီး သူ့ရဲ့စာတိုလေးထဲမှာ ပါတဲ့ "အင်္ဂလိပ်လို ငှက်စာအုပ်"အကြောင်းကိုတော့ ဘာမှ သဲလွန်စ ရှာမရ ဖြစ်နေပါတယ်။

ခြေရာခံလိုက်ရင်း တွေ့မိသမျှကို ရေးပြချင်ပါတယ်။

ပထမဦးစွာ... 

သူ ကွယ်လွန်တဲ့ ၁၉၅၅ ခုနှစ် မတိုင်မီက "မြန်မာ/ငှက် (BURMA/ BIRDS)"အမည်တပ်ထားပီး အင်္ဂလိပ် လို ရေးသားထွက်ရှိခဲ့တဲ့ စာအုပ်စာရင်းကို လက်လှမ်းမီသလောက်ရှာကြည့်ပါတယ်။ 

စုစုပေါင်း ၄အုပ်တွေ့မိပါတယ်။ 

အဲဒီ ၄အုပ်ထဲကမှ ၁၈၈၃ နဲ့ ၁၉၀၉ ခုနှစ်တွေမှာ ထုတ်ခဲ့တဲ့ စာအုပ် ၂ အုပ်ကိုတော့ ပယ်လိုက်ပါတယ်။ 

အကြောင်းကတော့ ပုံနှိပ်မှတ်တမ်း ရှာဖွေဖို့ ခက်ခဲတာကတကြောင်း၊ မြို့မငြိမ်း အိမ်ထောင်ကျတဲ့နှစ် ၁၉၂၈ နဲ့ဆိုရင် အချိန်ကာလ ကြာမြင့်နေတာကတကြောင်း တို့ကြောင့် ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ အဲဒီလို ယူဆလိုက်ပီး စာရင်းထဲက ဖယ်လိုက်ပါတယ်။ 

ကျန်တဲ့ ၂ အုပ် အကြောင်းကို ဆက်ကြည့်လိုက်တဲ့အခါ

ပထမစာအုပ်က...

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ၂နှစ်အလို ၁၉၄၀ မှာ ရန်ကုန်မြို့ A.B.M PRESS ( AMERICAN BAPTIST MISSION)

ပုံနှိပ်တိုက်က ပထမ အကြိမ်ထုတ်ဝေတဲ့ "BIRDS OF BURMA "  ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ၉.၅× ၆.၅ လက္မ အရွယ် ကဒ်ထူဖုံးနဲ့ပါ။  စာမျက်နှာ ၅၈၉ မျက်နှာရှိပီး ၂လက္မခွဲလောက်ထူပါတယ်၊( ပုံ- ၁ မှာရှုပါ)

ဒုတိယစာအုပ်ကတော့..."THE BIRDS OF BURMA "ဖြစ်ပါတယ်။ အဲဒီစာအုပ်ကတော့ ၁၉၄၀ မှာ ထုတ်ခဲ့တဲ့စာအုပ်ကိုဘဲ အဖုံးဒီဇိုင်းပြောင်းပီး (စစ်ကြီးအပီးမှာ) ဒုတိယ အကြိမ်အဖြစ် ၁၉၅၃ မှာ ထုတ်ခဲ့တဲ့စာအုပ်ပါ။ အရွယ်တူပါဘဲ။ အင်္ဂလန်မှာ ပုံနှိပ်ပါတယ်။ ခန့်ခန့်ငြားငြားပါဘဲ။( ပုံ-၂ မှာရှုပါ)

အဲဒီ ၂ အုပ်အနက် ဘယ်စာအုပ်ဖြစ်မလဲ... အဖြေရှာကြည့်လိုက်တဲ့အခါ

၁၉၅၃ ခုနှစ်ထုတ် (ဒုတိယ အကြိမ်ထုတ်) စာအုပ်တော့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိပါတယ်။ 

အကြောင်းကတော့.. ဆရာငြိမ်း ကွယ်လွန်တာက ၁၉၅၅ ခုနှစ်မှာပါ။ မကွယ်လွန်ခင် ၃-၄ နှစ်လောက်ကတည်းက သူဟာ ဆင်းရဲချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့ ဖတ်ထား မှတ်ထားမိလို့ပါဘဲ။ အဲဒါကြောင့် ၁၉၅၃ မှာထုတ်တဲ့စာအုပ်ကို ဝယ်ထားဖို့ဆိုတာ ခဲယဥ်းနေပါလိမ့်မယ်။

သူဟာ ပညာတတ်လူတန်းစားထဲကဖြစ်ပီး သူ့မိဘ ဘိုးဘွားတွေ အတော်ကြီး ပြည့်စုံတတ်နိုင်ခဲ့စဥ်အခါက ကောင်းကောင်းဝတ် ကောင်းကောင်းစား နေနိုင်ခဲ့ပေမယ့် နောက်ပိုင်းကာလ တွေမှာ ဆင်းရဲစွာနေခဲ့ရတာကို မျက်မြင်တွေ့ခဲ့ရတဲ့ လူထုဒေါ်အမာက သူ့ရဲ့စာအုပ်ထဲမှာရေးပြထားပုံက..

...."အိမ်ထောင်ပရိဘောဂဟူ၍ ဘာဆိုဘာမှမရှိ၊ကုလားထိုင် အနဲ့ ၂ လုံးနှင့်"။ 

...."ဖွတ်လျော်ထားပီး မီးပူတိုက်ထားခြင်းမရှိသော ရှပ်အဖြူ ဝါကျင်ကျင် ရှုံ့တွတွ တထည်ကိုကောက်၍ ဝတ်သည်"... စသည်အားဖြင့် ဆင်းရဲ နွမ်းပါးတဲ့ အခြေအနေကို ရေးပြထားပါတယ်။ အဲဒီကာလဟာ ၁၉၅၃ ခုနှစ်လောက်ကပါ။ "ငြိမ်းချမ်းေရးသည် ပျားရည်ကဲ့သို့ အစဥ်"အစချီတဲ့ "ငြိမ်းချမ်းရေး" သီချင်းကို ဆရာငြိမ်းရေးခဲ့တဲ့နှစ်ပါ။

အဲဒီလို ချို့တဲ့တဲ့ကာလမှာ အဲဒီ ၁၉၅၃ခုနှစ်ထုတ် ( တန်ဖိုး ၄ ပေါင် စတာလင်, ၄ ရှီလျင် ရှိတဲ့)  THE BIRDS OF BURMA စာအုပ်ကို ဝယ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းလှပါတယ်။ ( လက်ဆောင်ရတာ ဆိုရင်တော့ မပြောတတ်ပါ)။

အဲဒါကြောင့် ၁၉၄၀မှာ ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ BIRDS OF BURMA စာအုပ်သာလျင် မြို့မငြိမ်းရဲ့ "ငှက်စာအုပ်"ဖြစ်ရမယ် လို့ ကောက်ချက်ချလိုက်ပါတယ်။ (ပုံ-၁)

အဲဒီစာအုပ်ရေးသူက ဗမာလူမျိုးမဟုတ်ပါ။ နိုင်ငံခြားသား အင်္ဂလိပ်လူမျိုး၊ မြန်မာပြည်မှာ တာဝန်ကျတဲ့ သစ်တောဝန်ထောက် တယောက်ပါ။ ငှက်အကြောင်း ကျွမ်းကျင်သူပညာရှင်ပါ။ ပထမအကြိမ် ၁၉၄၀ မှာ အုပ်ရေ ၁ ထောင် သာထုတ်ခဲ့ပီး ဝယ်တဲ့သူ အများစုက "ရန်ကုန်မြို့က ဥရောပသားတွေ" ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တော့ စစ်ကြီးနဲ့အတူဂျပန်တွေဝင်လာတော့ အဲဒီစာအုပ်တွေကို အထုပ်လိုက် အထုပ်လိုက် ဂျပန်တွေက သူတို့ဂျပန်ပြည်ကို ပို့ပါသတဲ့။

ဂျပန်မှာရှိတဲ့ ဘုရင့်စာကြည့်တိုက် (Royal Library) မှာထားသော်လည်း စစ်အတွင်းမှာ အဲဒီစာကြည့်တိ့က်ကြီးတခုလုံး ပြာကျသွားပါသတဲ့။ 

အဲဒီ လိုနဲ့ စစ်ကြီးပီးသွားတဲ့အခါ ပထမအကြိမ်ထုတ်စာအုပ်တွေဟာ ရှာမရတဲ့ ရှားပါးစာအုပ်တွေ ဖြစ်နေလို့ ၁၉၅၃ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် အင်္ဂလန်မှာ ပြန်လည်ပုံနှိပ်ထုတ်ဝေရခြင်း ဖြစ်တဲ့အကြောင်းကို (ဒုတိယအကြိမ်ထုတ်ရဲ့အမှာစာမှာ) အကြောင်းစုံကိုရေးပြထားပါတယ်။

စာရေးသူအနေနဲ့ကတော့ အဲဒီပထမအကြိမ်ထုတ် BIRDS OF BURMA စာအုပ်ကို လန်ဒန်က မိတ်ဆွေတဦးထံမှာ ( ၂၀၂၅ နှစ်အတွင်းက) "နဖူးတွေ့ ဒူးတွေ့"မြင်ခဲ့ဖူးပါတယ်။ တဒေါ်လာ = ၄ထောင် ကျပ်နဲ့တွက်မယ်ဆိုရင် ကျပ်သိန်း ၆ရာ လောက်တန်ဖိုးရှိ နေပါတယ်။

၁၉၄၀ ခုနှစ်မှာ ပထမဆုံးထုတ်ခဲ့တဲ့ အဲဒီ BIRDS OF BURMA ကို မြို့မငြိမ်းက ဝယ်ထားပီး မကြာခင်မှာဘဲ ကမ္ဘာစစ်ကြီး (၁၉၄၂- ၁၉၄၅) ဖြစ်လာတာမို့ မန္တလေးကနေ စစ်ဘေးရှောင်ရင်း ပြေးကြရတဲ့အခါ သူ့စာအုပ်တွေကို တဝန်တပိုး တပါတည်းသယ်ယူရလိမ့်မယ် လို့ ယူဆရပါတယ်။

ခြေရာပျောက်နေတဲ့ အဲဒီစာအုပ်က လေးဟာ ...တနေ့နေ့ တချိန်ချိန် တနေရာရာမှာ ပြန်ပေါ်လာ ​လေမလား? ပြန်ရှာတွေ့လေမလား?

တွေးနေမိပါတယ်။

ကဲ...တွေ့ကြပီဆိုပါတော့..

စာအုပ်ပေါ်မှာ "ညိန်း"လို့ လက်မှတ်ကလေးထိုးထားပီး ရက်စွဲကလေးပါ တပ်ထားလေမလား လို့လည်း

တွေးနေမိ၊ ဆုတောင်းနေမိပါတယ်။

အင်း...တွေ့ရင်တော့ ကျနော်တို့ မြန်ပြည်သားတွေအတွက် ...တန်ဖိုးမဖြတ်နိုင်တဲ့ မြို့မငြိမ်းရဲ့ (နောက်ထပ်) 

အမွေတခုပေါ့ ခင်ဗျာ။  ။

ဆရာမောင်စွမ်းရည်ကနေ လင့် ပို့ပေးပါတယ်။ ကျေးဇူး။

စာကိုဖတ်ကြည့်တော့ စာလုံးပေါင်းသတ်ပုံတွေလည်း မှန်တယ်။ 

မူရင်းရေးသားသူ Tin Zaw Lwin's Post ကိုလည်း ကျေးဇူး။ စာရိုက်တာကိုသာ အနည်းငယ်ပြင်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...