ဆရာ မြို့သာအကြောင်း ရေးပါဦး။
ကွန်မင့် ၂ခါ ရပါတယ်။
(၁)
လူတိုင်းမှာ ဘဝဆစ်ပိုင်းလေးတွေကိုယ်စီ ရှိကြတယ်။
မြို့သာဆိုတာ ကျွန်တော့်ဘဝထဲက ၆ နှစ်တာ ဆစ်ပိုင်းတခု ဖြစ်ပါတယ်။
၆ နှစ်ဆစ်ပိုင်းတွေ ၁၃ ပိုင်းရှိပြီ။
၆ နှစ်တိုင်း ၆ နှစ်တိုင်းကတော့ မတူပါ။
ပဌမဆုံး ၆ နှစ်ထဲက ၅ နှစ်တာ ဇာတိရွာမှာ။
တတိယ ၆ နှစ် ဆေးကျောင်းသားဖြစ်။
သတ္တမ ၆ နှစ်ဆစ်ပိုင်းကစပြီး ပြည်ပမှသာနေရပါတော့တယ်။
မြို့သာမှာ အငယ်ဆုံးကလေး ၂ ယောက်မွေးကြတယ်။
ဆေးကျောင်းသာအထိ ဟာကျူလီ ဆယ်ပတ်ရစ် စက်ဘီးစီးခဲ့ရာကနေ မြို့သာမှာ ၂ နှစ်ကြာတော့ ဆယ်ပတ်ရစ် ဂျစ်ကားတစီးဝယ်ခဲ့တယ်။
မြို့သာကစပြီး ဒါးဆရာဝန်ခေါ် ခွဲစိတ်ဆရာဝန်ဖြစ်လာခဲ့ပါတယ်။
မြို့သာမှာ ခြုံပြောရရင် ဆေးကုသမှု အတန်အသင့် အောင်မြင်ခဲ့ပါတယ်။
လူနာတွေရဲ့ကံ၊ ဆရာဝန်ပေါက်စရဲ့ ကံ။ ကံစပ်ခြင်းတမျိုး။
(၂)
၁၅-၁၂-၂၀၂၃
ဆရာမဂ်လာပါခင်ဗျာ ကျတော်က မြို့သာမြို့ ဦး ( - ) + ဒေါ် ( - ) တို့၏ အငယ်ဆုံးသား မောင် ( - ) ပါ။ ၁၉၈၁ နှစ်က ဆရာရယ် ဆရာမကြီးဒေါ် ( - )(မွေးစားအမေ) ကွယ်လွန် တို့မှ မွေးထုတ်ပေးခဲ့တာပါဆရာ။ ကျတော် ဒီလောကကြီးမှာ အသက်ရှင်ခွင့် အောင်မြင်စွာမွေးထုတ်ပေးခဲ့တာကြောင့်မို့ အမြဲရှိခိုးဦးချပါတယ်ဆရာ။ တန်ဖိုးလေးစား၍ ဆရာနဲ့ဆရာမကြီး ဒေါ်( - )ပုံလေးကို တတ်တူးရေးထိုးလိုက်ပါတယ်ဆရာ။ ဆရာဆီကိုခွင့်ပြုချက်မတောင်းပဲ တတ်တူးထိုးလိုက်မိတာ တောင်းပါတယ်ဆရာ။ ကျတော့်ကို ခွင့်လွှတ်ပေးပါဆရာ။ ဆရာတို့မိသားစုအားလုံး နေကောင်းကျန်းမာပါစေခင်ဗျာ။ အဝေးရောက်ကန်တော့ပါတယ်ဆရာ။ လေးစားစွာဖြင့် - မောင် ( - ) (မြို့သာ)
သြော်။ ကျေးဇူး။ နေကောင်းကြပါစေ။ မြို့သာကို သတိရတယ်။
ကျွန်တော် ၁၉၇၂ မှာ ဆေးကျောင်းပြီး။ ၁၉၇၃ မှာ အလုပ်သင်ဆရာဝန်ဖြစ်။ ၁၉၇၄-၇၅ မှာ မုံရွာဆေးရုံ။ ၁၉၇၅-၁၉၈၁ အထိ ၆ နှစ်ကြာ မြို့သာ၊ ၁၉၈၁-၈၃ စစ်ကိုင်း၊ ၁၉၈၃-၈၈ ပုလဲဆေးရုံတွေမှာ တာဝန်ကျပါတယ်။ မြို့သာမှာ တဦးတည်းတယောက်တည်း၊ ဆရာဝန်အတွေ့အကြုံ အတော်နည်းသေးချိန်မှာ တောဆရာဝန်လုပ်ရတာ။ တတ်စွမ်းသလောက်ကြိုးစားပြီး ကုသပေးခဲ့ပါတယ်။
တက်တူးပုံကို ဘလော့မှာသာတင်ပြီး၊ ပို့စ်မှာ မထည့်တော့ပါ။ သူ့ဆီကရတဲ့ ဓါတ်ပုံကိုသာ တင်ပါမယ်။
(၃)
၁၉၈၁ ကနေ ၂၀၁၈၊ စုစုပေါင်း ၃၇ နှစ်ကြာပြီးနောက် ၂၀၁၈ ခုနှစ်မှာ မြို့သာကို တခေါက်အလည်ရောက်တယ်။ အမျိုးရင်းတွေနဲ့ ပြန်တွေ့ရသလိုဘဲ။
ဆွေမျိုးလိုရင်းနှီးတဲ့အိမ်မှာ ထမင်း ၂ နပ်စားခဲ့တယ်။ ကျေးဇူး။
မြို့သာနဲ့တကွ ငါန်းဇွန်၊ တံတားဦး၊ နွားထိုးကြီး နယ်သူနယ်သားတွေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment