ဒီနေ့မနက်မှာ ကွယ်လွန်သွားတဲ့ ဒေါက်တာစိန်ဝင်း ၂၆-၅-၂၀၂၅ နေ့က ကျွန်တော်လက်ရှိနေထိုင်ရာအိမ်ကို လာလည်ပါတယ်။
၁၉၉၀ ကနေ ၂၀၁၂ အထိ NCGUB မှာ အတူလက်တွဲလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ သိတဲ့သူတော့ နည်းသွားပြီ။
NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ၂ဝ၁၂ ခုနှစ်၊ စက်တင်္ဘာလ (၁၄) ရက်နေ့မှာ NCGUB/MPU အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းများတရားဝင်ရပ်ဆိုင်းခဲ့ပါတယ်။
ကျွန်တော်တို့ ရှေးစကားတွေ ပြောကြပါတယ်။
ကျွန်တော် နယူးဒေလီမှာနေခဲ့စဉ်က NCGUB အစိုးရအဖွဲ့အစည်းအဝေးတက်ဖို့ ဝါရှင်တန်ဒီစီကို လာရတော့ အစောပိုင်းနှစ်တွေမှာ ဆရာစိန်ဝင်းအိမ်မှာ တည်းပါတယ်။
တနှစ်တော့ ဆရာစိန်ဝင်းက တခြားမြို့တခုကိုသွားလို့ သူ့အိမ်မှာ ကျွန်တော်တယောက်တည်းကျန်ရစ်တယ်။ အခုလိုဆောင်းတွင်းကြီး။ ကံဆိုးချင်တော့ စနိုးကနေရေခဲဖြစ်ပြီး သစ်ကိုင်းတွေကျိုးကျလို့ မီးလိုင်းပြတ်တောက်ပြီး၊ မေရီလန်းမှာ မီးပျက်တယ်။
အညာသားအတွက် အေးလိုက်တာ ဘာပြောကောင်းမလဲ။ ၃ ရက်ကြာတယ်ထင်တယ်။
ဒေါက်တာစိန်ဝင်းပြန်လာတော့ ကျွန်တော်က ဖိတ်ပါတယ်။
"ဆရာ ဒေလီကို ဇွန်၊ ဇူလိုင်လထဲမှာ လာလည်ပါ။"
ဒေလီမှာ အပူဆုံးကာလ။
ကျွန်တော်လည်း ယူအက်စ်အေရောက်။
ဆရာလည်း လာမလည်နိုင်တော့ပါ။
မြန်မာ့နိုင်ငံရေးကား ပူလောင်နေဆဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment