ဘုရားပွဲ ဘုရားပွဲ
အညာဆီက ဘုရားပွဲ။
နွားလည်းလေးနဲ့ သွားကြမည်
ခြူလုံးသံ စီစီ။
မြေညီညီ အညာလမ်း
တမာနံ့တွေ လွှမ်း။
ချောင်းကမ်းစပ်က ထန်းပင်တွေ
ခြေတံ ခပ်ရှည်ရှည်။
ထန်းရေချိုချို တမြူလောက်
အမောဖြရင်း သောက်။
တထောက်နားလို့ အမောပြေ
သွားစို့ ဒို့တတွေ။
နေမဝင်ခင် ရောက်ပါမှ
ဇာတ်ပွဲနေရာရ။
ကောက်ရိုးနွယ် (ရေနံချောင်း) ရေးတဲ့ကဗျာဖြစ်ပါတယ်။ ရေနံချောင်းသားတွေ သတ်ပုံမှန်ကြပါရဲ့လား။
ဒီစာကို လွန်ခဲ့တဲ့ ၈ နှစ်တိတိက တင်ပြပါတယ်။ ၈ နှစ်အတွင်းမှာ
- တစ်မာလို့လည်း တွေ့လာရတယ်။
- တစ်မြူဆိုတာတွေက မပြောနဲ့တော့။
- တစ်ထောက်တွေကလည်း နေ့စဉ်နေ့တိုင်းလိုလို တွေ့လာရတယ်။
- ဒို့တစ်တွေလို့ရေးတဲ့အဆင့်ကတော့ တက္ကသိုလ်ကျောင်းဆင်းတွေ။
ဒေါက်တာတင့်ဆွေ
၇-၂-၂၀၁၈

Comments
Post a Comment