Skip to main content

အမှား၏အမှန်

ဒဂုန်ဦးစန်းငွေ က သူ့ဘဝမှာ ဓမ္မာစရိယ (ကထိက) ဖြစ်လာပုံကို ကိုယ်တိုင် ရေးသားခဲ့သော ဆောင်းပါး  

မြဝတီမဂ္ဂဇင်း ၁၉၇၀ခုနှစ်

မှားတာ ကောင်း၏။ မှားခြင်းသည် ကောင်း၏။ သို့သော်....

ထိုအမှားသည် မှားမှားချင်း ကောင်းသည်မဟုတ်၊ မှားပြီးမှ ကောင်းတတ်၏။ လိပ်ပတ်လည်၍ အမှားပြယ်သွားသောအခါ ကောင်းလာ၏။ ကောင်းရုံမက ထိုအမှားသည် ဧရာမ အာစရိကြီးပင် ဖြစ်လာတတ်ပေသေးသည်။

မှန်၏။ အမှားသည် အမှန်၏ဆရာ ဖြစ်၏-ဟု ဤသို့ပင် လောကီပဏ္ဍိတ်၊ ပုရောဟိတ်တို့က ဆိုကြကုန်ပြီတည်း။

ထိုစကားနှင့် ဆန့်ကျင်ဘက် ပြောင်းပြန် ဗျတိရိက်, လှန်လိုက်သော်... အမှန်သည် အမှား၏တပည့် ဖြစ်သည်ဟု ဆိုခြင်းပင်ဖြစ်၏။

ထို့ကြောင့် အမှားကား... ဆရာ၊ အမှန်ကား... တပည့် ဟူပေသတည်း။ 

တပည့်ဟူက ဆရာ့ထံ၌ နိသျှည်းခံလေမြဲ။ 

ဆရာဟူက တပည့်အား ပညာပို့ချပေးမြဲ။

ယင်းသို့ ဖြစ်လေရာ အမှားဆရာက အမှန်တပည့်အား မည်သည့်ပညာများကို ပို့ချပေးလေသနည်း။ အမှန်တပည့်ကလည်း အမှားဆရာထံတွင် အဘယ်ပညာကို နိသျှည်းခံလေသနည်း။

ဆရာက တပည့်အား သင်၏။ ကြား၏။ ပို့ချ၏။ သင်ကြားပို့ချပေးသော ထိုပညာကား "ငါ့လိုမမှားစေနှင့်-ငါ့လိုမမှားစေနှင့်" ဟူပေသတည်း။

အမှန်သည် ထိုပညာရပ်ကို အမှားဆရာ့ထံမှ တတ်မြောက်လာခဲ့သည်။ စာမေးပွဲတွင် အေအဆင့်မှ အောင်မြင်ခဲ့သည်။

ထို့ကြောင့် "ငါ့လိုမမှားစေနှင့်-ငါ့လိုမမှားစေနှင့်" ဟူသော ထိုပညာဖြင့် အမှန်သည် လူတွင်ကျယ် ဖြစ်လာ၏။ ပညာရဲရင့် ပွဲလယ်တင့်လာ၏။

သမားရိုးကျသင်နည်းမှ ရအပ်သော ပညာသည် စာတွေ့သာဖြစ်၏။ ငါတွေ့မဟုတ်သောကြောင့် လက်တွေ့အသုံးချရာ၌ စမ်းတဝါးဝါး ဖြစ်နေတတ်၏။ ထိရောက်ရောက် မရှိတတ်ပေ။

အမှားမှ ရအပ်သော ပညာရပ်များကား ပယ်ပယ်နယ်နယ်ကြီး ကျင့်သားရရ အသုံးချခဲ့ပြီး ဖြစ်သောကြောင့် လက်တွေ့အသုံးချရာ၌ စာတွေ့ထက် လက်စောင်းထက်တတ်၏။ ထိရောက်တတ်၏။ အလုပ်ကို တွင်ကျယ် စေတတ်၏။ အမှားအယွင်း ကင်းစေတတ်၏။

ရေထဲ မဆင်းသူအဖို့ ရေနစ်ဖွယ်မရှိ။ အိမ့်ပြင်သို့ မထွက်သူအား အဘယ်ကားကမှ ဝင်၍ တိုက်မည်မဟုတ်။ အမှားသည် အလုပ်လုပ်သူများအတွက်သာ ဖြစ်၏။ ဘာမှမလုပ်သူကား ဘာမှမှားမည်မဟုတ်။ မှားလျှင်အစဉ် ပြင်လျှင်ခဏ ဟူပေ၏။ ပြင်-ဟူသော ဝေါဟာရဖြင့် အမှန်ကို တိုက်ရိုက် ညွှန်းလိုက်ခြင်းဖြစ်၏။

ပုဂံပြည်၌ ဘုရင်တပါးသည် မှားခဲ့ဖူး၏။ သူ့အမှားသည် အမှားကောင်းဖြစ်၏။ သို့သော်... မှားမှားချင်းမကောင်း၊ မှားပြီးမှ ကောင်းလာပေသည်။ ထိုဘုရင်ကား နရပတိစည်သူ ဖြစ်လေသည်။ ခိုးမှုတခုတွင် ကြံရာပါဟု ယူဆကာ ပညာတတ် "အနန္တသူရိယ" အမတ်အား သတ်ပစ်လိုက်၏။ မှား၏။ မှားပြီးမှ ကောင်းလာသည်။

အနန္တသူရိယ၏ သေတမ်းစာ "သူတည်းတယောက်" ကဗျာကြောင့် "လူကို သတ်စေ" ဆိုတိုင်း...

မသတ်လေနှင့်ဦး။ အမှုမှန်-မမှန်ကို စူးစမ်းလေ့လာပြီးမှ အမှုအားလျော်စွာ စီရင်ကြစေ’ ဟူ၍ ဥပဒေများ ထွန်းကားဖြစ်ပေါ်လာ၏။

သူ့အမှားသည် နောင်လာနောက်သားတို့အဖို့ မှားပြီးမှ ကောင်းလာသော အမှားကောင်း အဖြစ်ဖြင့် ရာဇဝင်တွင်၍ ကျန်ရစ်ခဲ့၏။

အဇာတသတ်မင်းသည်လည်း အဖကိုသတ်၍ မှားခဲ့ဘူး၏။ သူ့အမှားကား ချက်ချင်းမကောင်း။ သားတယောက်ရမှ ကောင်းလာသည်။ သားကိုချစ်တတ်သော အဇာတသတ်သည် ‘ငါ့ခမည်းတော်ကလဲ ငါ့ကို ဒီလိုဘဲ ချစ်ရှာမှာဘဲ’ ဟူ၍ ကိုယ်ချင်းစာနာစိတ်ဖြင့် သူ့အမှားကို မြင်လာသည်။

ဒေဝဒတ်နှင့် ပူးပေါင်း၍ ဘုရားကိုလုပ်ကြံရာတွင် ကြံရာပါဖြစ်ခဲ့သော ထိုအဇာတသတ်မင်းသည် မိမိမှားခဲ့သည်များကို အကြောင်းပြု၍ နောင်သောအခါတွင် ဘုရားဒကာကြီး ဖြစ်လာ၏။ သုမတူအောင် ကြည်ညိုလာ၏။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုလေသောအခါ နတ်ဗြဟ္မာလူ၊ အဘယ်သူတွေ အဘယ်မျှဟူသည် ဆိုစေကာမူ အဇာတသတ်ကို မမှီချေ။ အဇာတသတ်ကား ‘ဘုရားပရိနိဗ္ဗာန်စံတော်မူပြီတဲ့’ ဟူ၍ ကြားလတ်သော် လုံးဝသတိမရတော့ဘဲ မေ့မျောသွားလေ၏။ သူ့အမှားကား သတိမေ့အောင်ကောင်းသော အမှားပေတကား။ နှာနှပ်၍ ယူရအောင် ကောင်းသော အမှားပေတကား။

ဤအမှား၊ ထိုအမှား၊ အနှီသို့သော အမှားများကား အလုပ်လုပ်ခဲ့ပေ၍ မှားခဲ့ခြင်းဖြစ်၏။ ဘာမှမလုပ်လျှင် ဘာမျှ မှားမည်မဟုတ်။

ကျွန်ုပ်ငယ်ငယ်က မှတ်မှတ်ရရ နှစ်ခါတိတိ မှားခဲ့ဖူး၏။

ကျောင်းသားအရွယ် ငယ်သူငယ်ချင်း ၄-ယောက်ရှိ၏။ တယောက်က ကျော်ဆင်၊ တယောက်က ဖိုးချွန်၊ တယောက်က ဆယ်ဗလ၊ တယောက်က ကျွန်ုပ်ဖြစ်၏။ ကကြီးခကွေးကအစ အတူတူ အပြိုင်သင်လာခဲ့ကြ၏။

ဘုန်းကြီးကျောင်း ပညာရေးစံနစ်အတိုင်း သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ ပရိတ်ကြီး၊ လောကနီတိ၊ တိလောကဟု ဆုံးမစာများကို အစဉ်အတိုင်း သင်ကြရ၏။

ဤသည်တို့ကို ဘုန်းကြီးကိုယ်တိုင်က ပို့ချပေးသည်မဟုတ်ဘဲ ‘တတ်သူက မတတ်သေးသူကို ပို့ချ’ စံနစ်ဖြင့် ကျောင်းသား ကိုရင်များ အဆင့်ဆင့် ဆင့်ကဲ ဆင့်ကဲ ပို့ချပေးကြရ၏။

ဤသင်တန်းများပြီးဆုံးလေမှ ရှေ့သို့မိမိသင်ကြားလိုသောစာ (သဒ္ဒါ၊ သင်္ဂြိုဟ်) ကို ဘုန်းကြီးထံသွား၍ လျှောက်ရသည်။ ထို စာကြီးပေကြီး များကိုသာ ဘုန်းကြီးကိုယ်တိုင် ပို့ချပေးသည်။

ကျွန်ုပ်တို့ ၄-ယောက်စလုံး မြိုင်တူသင်တန်း ပြီးဆုံးခဲ့ကြ၍ ရှေ့တက်မည့်စာကိုလည်း ပြိုင်တူ ဘုန်းကြီးထံ လျှောက်ကြရန် တိုင်ပင်ထားသည်။

သို့သော် သူတို့လျှောက်သောနေ့တွင် ကျွန်ုပ် နာမကျန်းဖြစ်နေ၍ သူတို့နှင့်အတူ မလျှောက်ဖြစ်။ သူတို့က “သဒ္ဒါတက်လိုပါသည်။” ဟု လျှောက်ကြသည် ဖြစ်ပါလျက် ကျွန်ုပ်ကို သူတို့ လိမ်ကြသည်။ “သုဝဏ္ဏသျှံ လျှောက်ခဲ့သည်ဟု” ပြောကြ၏။

ကျွန်ုပ်က အားကျဆဲ “သုဝဏ္ဏသျှံ တက်လိုပါသည်။” ဟု လျှောက်မိတော့၏။ နောက်မှ သူတို့ သဒ္ဒါတက်မှန်း သိရသည်။ ကျွန်ုပ်အလျှောက်မှားခဲ့၏။

ပို၍ဆိုးသည်ကား ‘သုဝဏ္ဏသျှံ’ ကား စာအုပ်မရှိ၊ ပေထုပ်ကြီးသာ ရှိသည်။ ထိုပေထုပ်မှာလည်း စကားပြေမဟုတ်။ နိသျပေထုပ်ကြီး ဖြစ်လေသည်။ ပေကို ကိုင်ရမည်။ စာထင်အောင် ရေနံသုတ် ပေးရဦးမည်။ စာထုပ်ကြီးမှာ တထွာလောက်အထိ ထုရှိပေမည်။

ထိုစာမှာ အရကျက်ရသော စာမဟုတ်။ ကျောက်သင်ပုန်း၌ ဟိုဘက်သည်ဘက် ပြည့်အောင် ပေထဲမှ ကူးရေးပြီး၊ ဘုန်းကြီးထံ နေ့စဉ် သွားသွားဖတ်ပြရ၏။

ထိုအမှားသည် မှားမှားချင်း မကောင်းခဲ့သော်လည်း တဖြည်းဖြည်း ကောင်းမှန်းမသိ  ကောင်းကောင်းလာ၏။ သူတို့တတွေ ပေစာကို မကိုင်တတ်ကြ။ ကျွန်ုပ် ကောင်းကောင်း ကိုင်တတ်လာသည်။ ပေလက်ရေးကို ကောင်းကောင်း ဖတ်တတ်လာသည်။လက်ရေး လက်သားမှာလည်း သူတို့ထက် ကောင်းလည်းကောင်း၊ မြန်လည်းမြန်လာသည်။

ဤသို့လျှင် သုဝဏ္ဏသျှံနှင့် အတော်ကြာအောင် ထွေးလားလုံးလား နပန်းလုံးပြီးမှ သူတို့သင်နေသော သဒ္ဒါကို မှီအောင် အတော်ကလေး လိုက်ယူခဲ့ရသည်။ သဒ္ဒါတဝက်နီးပါးရှိမှ မှီလေတော့သတည်း။

ကျွန်ုပ်၏အမှားသည် တဖြည်းဖြည်း အရေးအဖတ် ကျင်လည်ခြင်း အကောင်းနှင့် တိုးလာကာ ကောင်းသော‌အမှား ဖြစ်ခဲ့ရပေသတည်း။

ဒုတိယအမှားကား လောကဓာတ်အတန်းကျောင်း ဖွင့်ကာစ (၁၉၂၀) ခု အချိန်လောက်က ဖြစ်၏။ ကျွန်ုပ်တို့ရွာ၌ မူလတန်းကျောင်း ဖွင့်လာ၏။ ကျောင်းဆရာတွေ ဘာတွေနှင့် ဝေဝေဆာဆာ ဖြစ်လာ၏။ တခါတခါ ပညာအုပ်တို့ ပညာဝန်ထောက်တို့ဆိုတာတွေက လာလာစစ်ကြသေး၏။

ထိုအခါက အမြင်ကျယ်ဆုံးသော တောသားမျက်လုံးဖြင့် (၇) တန်းဆရာဖြစ်၊ (အီးတီစီ) ကျောင်းဆရာကို ဧရာမပညာမင်းကြီးလောက် ထင်လေ၍ အားမကျ၏။ 'ကျောင်းဆရာတို့ ဘာတို့ဖြစ်ချင်၏။ ထို့ကြောင့် ကြိုးစားသင်၏။ ကျက်မှတ်၏။'

သင်တိုင်းလည်း ပေါက်ခဲ့ပါသည်။ ၄-တန်းကို အမှတ်ပြည့်ဖြင့် အောင်ပန်းပန်နိုင်ခဲ့ပါသည်။ သို့သော် ကျောင်းမှာ မူလတန်းကျောင်းဖြစ်နေ၍ ရှေ့သို့ သင်ရန် အလားအလာ ငါးတန်းမရှိသဖြင့် ၄-တန်းမှာပင် နေရ၏။ အောင်ပြန်၏။ ၄-တန်း ၂-ထပ်ကွမ်းဖြစ်လာ၏။ နောက်နှစ်လည်း ၄-တန်းကိုပင် ဆက်ရပြန်၏။ အောင်ပြန်၏။ ၃-ထပ်ကွမ်းပါလေပြီတည်း။ ကျောင်းဆရာဖြစ်နိုင်ဘို့ကား ဝေးဘိစွ။

ထို့ကြောင့် ကျောင်းဆရာဖြစ်ချင်သော ကျွန်ုပ်သည် ၁၃-နှစ်သားအရွယ်လောက်တွင် ကျောင်းပြေးခဲ့၏။ ပြေးသမှ ဇာတိချက်ကြွေ၊ ပုပ္ပားမြေမှ ညောင်ဦးရောက်အောင် ပြေးခဲ့၏။ အာသီသ,ကား ၅-တန်းမှ ဆက်၍ဆက်၍ ကျောင်းဆရာဖြစ်လာသည်အထိ ဟူပေ၏။

သို့သော် ကျွန်ုပ် မှားခဲ့ပြီ။ ကျွန်ုပ်ရောက်သွားသော နေရာကား လောကဓာတ်အတန်းကျောင်း မဟုတ်။ ဗုဒ္ဓပိဋကတ်များကို သင်ကြားပို့ချပေးသော 'မဟာဝိသုတာရာမကျောင်းတိုက်ကြီး' ဖြစ်နေ၏။ ထိုအချိန်က သံဃာ ၃၀၀-ကျော်လောက်ရှိ၏။ ဦးစီး ဘုန်းကြီးအာကိုးနှင့် ကျောင်းပြေးလာခဲ့ရာ ကျွန်ုပ်ဦးရီးမှာ ထိုစာသင်တိုက်ကြီး၌ ဓမ္မာစရိယ၊ စာချဘုန်းကြီး ဖြစ်နေပါသောဟူ၏။

ထိုကြောင့် ကျွန်ုပ်မှာ ငါးတန်းပညာကို သင်ခွင့်မရ၊ ရောင်ပေးစူးကလေးနှင့် ကျောင်းသူ၊ ကျောင်းသားများကိုလည်း မမြင်ရတော့ဘဲ အရပ်အထက်ဝန်းကျင်၌ သင်္ကန်းရောင် တလွင်လွင်ကိုသာ နေ့စဉ် တွေ့မြင်နေရပါ၏။ ဦးရီးတော် ဘုန်းကြီးကလည်း သူပိုင်ပစ္စည်းဖြစ်သော လောကုတ္တရာကျမ်းစာ ဓမ္မအမွေကိုသာ ကျွန်ုပ်အား ခံယူစေချက်ဖြင့် 'ခဲလေသမျှသဲရေကျ ဖြစ်ရလေခြင်း၊ ငါ-ဒီကိုလာမိတာ မှားခြင်း....' ဟု နောင်တ တဖန် ပူပန်နှလုံးဖြင့် ယူကျုံးမရအောင် ဖြစ်ခဲ့မိပါသည်။

သို့သော်- ထိုအမှားသည် မှားမှားချင်း မကောင်းခဲ့သော်လည်း တဖြည်းဖြည်း ကောင်းကောင်းလာလေတော့သည်။ အသက်နှစ်ဆယ်အရွယ်၌ လောကုတ္တရာစာပေကို အနယ်ထိုင်အောင် အတော်ကလေး တီးခေါက်မိလာသည့်အလျောက် ထိုစာသင်တိုက်ကြီး၌ ဓမ္မာစရိယ (ကထိက) အထိ ဖြစ်လာခဲ့သတည်း။

အထက်ပါ ဖြစ်ရပ်အထွေထွေတို့ကို ထောက်လျှင် (ပြင်၍မရသော အမှားများမှတပါး) အမှားသည် မှားလေတိုင်းကို အဆိုးကြီးဟု မဆိုသာ၊ အမှားပြယ်လျှင် မှန်လာ၏။ မှန်အောင်ကြိုးစားရာ၏။

ပြင်၍ရစကောင်းသော အမှားသည် အမှားကောင်းဖြစ်လာတတ်၏။ ထိုအမှားသည် တချိန်တွင် အမှန်၏ ဆရာဖြစ်လာပြီး 'ငါ့လိုမမှားစေနှင့်၊ ငါ့လိုမမှားစေနှင့်....' ဟူသော အမှားဆရာ၏ သင်ခန်းစာမှာ အသုံးချရာ၌ လက်တွေ့ကျလေသည့်အတွက် စာတွေ့ထက်ပင် လူကို အကျိုးပြုနိုင်စွမ်း ရှိပါသတည်း။

(ဒဂုန်ဦးစန်းငွေ)

တင်ပြထားသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...