မီးဖိုထဲတွင် မီးလျှံတို့သည် တိုးဝှေ့ခုန်ကလျက်။ ဆောင်းလေကြမ်းသည် မှောင်ထဲတွင် ဟိုတိုက် သည်ခိုက်ကာ မီးခိုးခေါင်းတိုင်တွင်းသို့ ရောက်လာ၍ မီးခိုးငွေ့တို့နှင့် သတ်လုံးလျက်။ ငါကား မီးဖိုနားတွင် အိပ်ငိုက်လျက်။ ။
သူတို့စကားကို ကြိုးစား၍ ငါနားထောင်၏။ နားမလည်နိုင်။ တချက်တချက် တခဏမျှ တွေးယူမှ အနည်းငယ် နားလည်သည်။ တချက်တချက် နားလည်ကျွန်ပြုကာ သူပြုံးလျှင် ပြုံးချင်း၊ သူမဲ့လျှင် မဲ့ခြင်း ပြုံးမဲ့လိုက်ရသည်။ အရသာ မရှိ။ ငါ့စကားကိုလည်း ထိုနည်းတူ သူတို့ မှတ်ယူအံ့။ ။
ငါတို့ကား မိရိုးဖလာ အလိုက် ထမင်းစားပွဲတွင် လူကြီးအား ဦးချ၏။ ဦးပေါင်းကို ပေး၏။ သူတို့ကား စားမဲအုပ်ကို ငါ့ထံသို့ ဦးစွာပို့သည်။ တခါတခါ ငါမျိုမကျ။ ငါ ခူးခပ်ပြီး အကြွင်းကို လူကြီးသူမများ စားရသည်။ ခက်စွ။ ။
ငါတို့ကား ဟင်းရည်ကို သောက်ကာ ဟင်းဖတ်ကို မြှပ်ကာ အလုပ်အလွေး စားရိုး။ သူတို့ကား ဟင်းရည်ကို အကုန်သောက်ပြီးမှ အသားပြုတ် စသည်ကို စား၏။ ဆားလည်းမသင့်။ ဆီလည်းမသင့်။ မန်ကျည်းမှည့် အရသာကို တမ်းတမိသည်။ ထမင်းဖြူဖြူ ဟင်းပူပူကို လွမ်းတမိသည်။ ။
ငါတို့ကား ကိုယ့်သဘောအလျောက် ဟိုပန်းကန် လှမ်းယူ။ သည်ပန်းကန် လှမ်းနှိုက်။ ကိုယ်မြိန်သလို ကောင်းနိုးရာရာ ကြံဖန်စားကြ၏။ လွတ်လပ်စွ။ သူတို့ စားပွဲတွင်ကား "ကျေးဇူးပြု၍ ဆားအနည်းငယ် ယူပါရစေ"၊ "အခွင့်လွှတ်ပါ"၊ "ကျေးဇူးတင်ပါ၏" တို့ကို ထပ်တလဲလဲ မပြောလျှင် ဝမ်းမဝ။ ဤလောကွတ်စကား တို့လည်း ငါ့နှုတ်မှ အလိုအလျောက် မထွက်။ ကြိုးစား ကြံစည် ပြောနိုင်မှ အထစ်ထစ် အငေါ့ငေါ့ ထွက်ကြသည်။ "ကျေးဇူးတင်ပါ၏" ဟု လုပ်၍ ပြောရခြင်းထက် အကြောင်းအားလျော်စွာ ပြုံး၍ ပြရခြင်းက မြတ်သလိုလို။ ငါ မဆုံးဖြတ်တတ်။ ။
ငါ့စကားကို သူတို့စကား ဖြစ်အောင် စိတ်ထဲတွင် ဘာသာပြန်ကာ ထုတ်၍ ပြောရခြင်းသည် မလွယ်ကူ။ သူတို့စကားကို ငါ့စကား ဖြစ်အောင် ဘာသာပြန်ကာ နားလည်ရသည်လည်း ခက်စွ။ "ဘုန်းကြီး" ဆိုသော ငါ့စကားကို သူတို့ နားလည်အောင် ငါ ဘာသာမပြန်တတ်။ သူတို့ စကားတလုံးကို ငါ့သဘောအလျောက် "နတ်" ဟု ဘာသာပြန်ကြည့်သောအခါ မမှန်သည်ကို တွေ့ရ၏။ ။
မိုးသောက်ထမှ အိပ်ရာဝင် တိုင်အောင် သည်ကိုယ် သည်လက် သည်ခြေထောက်တို့ကို ထုပ်ကာ ပတ်ကာ ချည်နှောင်ကာ ထားရခြင်းလည်း ကျဉ်းကျပ်စွ။ ကျောတောင့် ရင်အောင့် မသက်သာ။ သိုးမွေးထည်ကား ယားကျိကျိ။ ဆောင့်ကြောင့်လည်း မထိုင်ရ။ ခြေလည်း မဆင်းရ။ ကျောလည်း မခင်းရ။ တနေ့လုံး ငုံ့ချည်မှီချည် တွန့်ကာ လိမ်ကာ နေရခြင်းသည် မချမ်းသာ။ လူကွယ်ရာတွင် တင်ပျဉ်ချိတ်ရန် ကြိုးစားပြန်လည်း ဘောင်းဘီက အခွင့်မပြု။ ။
ဟိုအရပ် သည်အရပ် လည်ပတ်ပြန်လျှင်လည်း ကလေးများက ဝိုင်းကြည့်။ လူကြီး အချို့က အမှတ်မဲ့ပြုံး။ လူရိုးရိုး မှန်ပါလျက်နှင့် အကြည့်ခံရခြင်းသည် ဆိုးစွ။ ။
တံခါးတွေ အလုံပိတ်ကာ အိမ်ထဲ၊ အခန်းထဲတွင် လှောင်၍ နေရခြင်းလည်း မွန်းလှ၏။ ။
သူတို့ ဓလေ့ထုံးစံကို သတိထားပြန်လျှင်လည်း ငါ့အလုပ် လစ်ဟင်းသည်။ ငါတို့ ဓလေ့အလိုက် နေပြန်လျှင်လည်း သူတို့ အပြုံးကို ခံရ၏။ ငါတို့ဓလေ့ကို သူတို့ ဂရုမပြု။ သူတို့ဓလေ့ကို ငါတို့ ဂရုပြုရသည်။ ငါတို့ ဝန်ထုတ်ကား လေးလှစွ။ အဖြူလည်း အဝါ့အကြောင်း၊ အဝါလည်း အဖြူ့အကြောင်းကို နားလည်အောင် ကြိုးစားက မသင့်ပေလော။ ဆန်လည်း ဆန်အလျောက် အာဟာရကို ပေးသည်ပင်။ဂျုံလည်း ဂျုံအလျောက် အာဟာရကို ပေးသည်ပင်။ ။
မီးဖိုထဲတွင် မီးလည်း ဖုတ်ဖုတ် ကျလေပြီ။ ဆောင်းလေကြမ်းလည်း ငြိမ်လေပြီ။ ညဉ့်လည်း နက်လေပြီ။ ငါလည်း ရေနွေးအိတ်ကို အဖော်ပြုကာ ထူလှသော စောင်လွှာများအောက်သို့ လျှိုးဝင်လျက် လှောင်သော အခန်းထဲတွင် အိပ်ပျော်ရန် ကြိုးစားရလေသတည်း။ ။ (မင်းသုဝဏ်)
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment