ပြန်စာ = သူတော်ကောင်းဟု အခေါ်ခံလိုသောကြောင့်မူ လူကြီးမင်းပြောသလို လုပ်မည်မဟုတ်။
(၁)
ဆွမ်းတော်
ကွန်မင့်တခု = ဘုရားပန်းတင်သလို ကျက်သရေ မင်္ဂလာတော့ရှိပါတယ်။ မှည့်သွားလျှင်ခွဲ၍ကပ်ပါ။
ပြန်စာ = သစ်သီးအမှည့်လဲ ခွဲတင်လေ့မရှိပါ။ ခွဲတင်သူတွေကို အပြစ်မဆိုပါ။
တယောက်စာမရှိ၊ စတိ။ ပန်းကန်ငယ်လေးတွေနဲ့လည်း ကပ်ပါ၏။
ဇွန်း၊ ခက်ရင်း၊ တူတစုံ မပါလည်း ရတယ်။
လက်သုတ်ပုဝါ၊ တစ်ရှူး၊ လက်ဆေးရေ၊ ဆင်နတိုက်ဇာ မလိုပါ။
သက်သတ်လွတ်ဟင်း ဖြစ်ချင်မှဖြစ်မယ်။
အချိုပွဲ ငှက်ပျောသီး အခွံမခွါပါ။ သစ်သီး လေးစိတ် မစိတ်ပါ။
အုန်းရေဖန်ခွက်မှာ ပိုက်တပ်ချင်မှသာ တပ်ပါမယ်။
ဘုရားလက်ထက်မှာ မရှိလောက်မဲ့ ထောပတ်သီး၊ စထောဘယ်ရီ၊ ဘလူးဘယ်ရီတွေလည်း ကပ်ပါတယ်။
ကိုကာကိုလာလည်း တင်လိုက တင်နိုင်တယ်။ ပီဇာတို့ ဘာဂါတို့တင်လည်း ငရဲမကြီးပါ။
ဆင်းတုတော် ၃ ဆူရှိလို့ ဆွမ်းပွဲ ၃ ပွဲမပြင်ပါ။
ဆင်းတုတော်သေးလို့ နည်းနည်း၊ ကြီးမားလို့ များများလည်း မတင်ပါ။
ထိုင်းကနေပင့်လာတဲ့ ဆင်းတုတော်ဖြစ်လို့ ကွေ့တီယိုနဲ့ သင်္ဘောသီးထောင်းတင်ရမယ် မဟုတ်ပါ။
ဘာကျန်သေးလဲ။ နောက်တယောက်က တမျိုးလာဦးမယ်။
ကိုဗစ်ကာလမှာ ဆင်းတုတော်ကို နှာခေါင်းစည်း မကပ်ခဲ့ပါ။
(၂)
ဘုရားစင်
ဘုရားစင်ပုံနဲ့စာတင်တိုင်း လာတတ်တဲ့ကွန်မင့်တွေရှိတယ်။ နမူနာနည်းနည်းသာထည့်ပါမယ်။
၁။ ဘုရားကျောင်းဆောင် (ဘုရားစင်လို့ရေးတာအောက်က ကွန်မင့်)
၂။ ဆရာ တခုနော် ဘုရားစင်လို့ ခေါ်တာထက် ဘုရားကျောင်းဆောင်လို့ ခေါ်တာက ပိုများသပ္ပါယ်မလားလို့ပါဆရာ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျနော့်အတွေးလေးကို ပြောပြတာပါ။
၃။ ဘုရားစင်မဟုတ်ပါဘူး။ ဘုရားကျောင်းဆောင်လို့ ခေါ်သင့်ပါတယ်ရှင့်။ ဖိနပ်စင် ပန်းကန်စင် စာအုပ်စင်တို့လို အရာဝတ္ထုတွေတင်တဲ့ စင်မျိုးမဟုတ်ဘဲ မြတ်စွာဘုရား ကိန်းစံဝတ်စံမြန်းရာ ဘုရားကျောင်းဆောင်ပါရှင့်။
မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ မဟုတ်ပါ။ သတ္တဌာနမှာ ခုနစ်ရက်ခုနစ်လီ မဟာဗောဓိညောင်ပင်ကို စူးစိုက်ကြည့်တော်မူခဲ့တယ်။ (၄၉) ရက်တိတိ ဘယ်ကျောင်းမှ မရှိသေးပါ။ အဲဒီနောက်မှာ မိဂဒါဝုန်ကို ခြေလျင်ခရီးကြွတယ်။ လမ်းမှာ ကျောင်းတော်၊ ဇရပ်ရှိတယ်လို့ မဖတ်ဖူးပါ။
မြတ်စွာဘုရားဟာ သံဃာတော်တချို့ကိုအကြောင်းပြုပြီး၊ ပလလဲတောမှာ တပါးတည်း ဝါကပ်တော်မူပါတယ်။ မီးတင်းကုပ်မှာလည်း သီတင်းသုံးဖူးသေးတယ်။ နောက်ဆုံး ကုသိနာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်ပါတယ်။ ကျောင်းတော်ကြီးတွေမှာ မဟုတ်ပါ။
ကျွန်တော့်သားသမီးတွေ အိမ်ခွဲတိုင်း၊ တပြည်တရွာကို ပြောင်းရွှေ့တိုင်းမှာ ရောက်တဲ့နေရာ ဘုရားစင်အရင်လုပ်လို့ သူတို့အမေက အမြဲမှာလေ့ရှိတယ်။
ကျွန်တော်တသက်မှာ ရွှေရောင် ငွေရောင်တွေနဲ့ ဘုရားကျောင်းဆောင် မရှိဖူးခဲ့ပါ။
မည်ကမတ္တဘုရားစင်တောင် မထားသူတွေက ဘုရားအဆုံးအမ ပိုတည်ကြသူတွေရှိနိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment