Understanding What's Actually Happening — Buddhist Wisdom
(ဘာသာပြန်တင်ပြချက်သာ ဖြစ်ပါသည်။)
(၁)
ကျွန်ုပ်တို့အများစုသည် ကိုယ့်ကိုယ်ကိုယ် မေးမြန်းရပ်တန့်စဉ်းစားလေ့ မရှိသော မေးခွန်းတရပ် ရှိပါသည်။
ဘဝတလျှောက်လုံးတွင် မေးခွန်းများစွာကို မေးနေကြပါသည်။
ဘယ်အလုပ်အကိုင်ကို ရွေးချယ်မလဲ၊ ဘယ်ဆုံးဖြတ်ချက်ကို ချမှတ်မလဲ၊ ပြဿနာများကို ဘယ်လို ဖြေရှင်းမလဲ၊ ကိုယ်လိုချင်သည့် အရာကို ဘယ်လို ရယူမလဲ စသဖြင့် မေးနေကြပါသည်။
ပြင်ပလောကအကြောင်း—သတင်းများ၊ ဖြစ်ရပ်များ၊ အခြားသူများ၏ ထင်မြင်ချက်များကိုလည်း မေးမြန်းလေ့ရှိကြပါသည်။
သို့ရာတွင် အလွန်အရေးပါနိုင်သော မေးခွန်းတရပ်ရှိသော်လည်း အများအားဖြင့် စိတ်ထဲကို မဝင်လာတတ်ပါ—
ယခုအချိန်၊ ယခုအခါ၊ ယခုစိတ်အတွင်း၌ အမှန်တကယ် ဘာတွေ ဖြစ်ပေါ်နေသလဲ။
မနေ့က ဖြစ်ခဲ့သည်များ မဟုတ်ပါ။
မနက်ဖြန် ဖြစ်လာနိုင်သည်များ မဟုတ်ပါ။
တစုံတယောက် ပြောခဲ့သည်၊ လုပ်ခဲ့သည်များလည်း မဟုတ်ပါ။
ယခုနေရာ၊ ယခုအချိန်—
“အသက်ရှင်နေခြင်း” ဟု ခေါ်သော အတွေ့အကြုံအတွင်း၌
အမှန်တကယ် ဘာတွေ ဖြစ်ပေါ်နေသလဲ။
ခဏရပ်ပြီး အလေးအနက် စဉ်းစားကြည့်ပါက စိတ်ဝင်စားဖွယ် အရာတရပ်ကို တွေ့မြင်လာနိုင်ပါသည်။
ကျွန်ုပ်တို့သည် ကိုယ့်အတွေ့အကြုံအတွင်းမှာပဲ ဘဝတခုလုံး နေထိုင်လာကြသော်လည်း
ထိုအတွေ့အကြုံကို ကိုယ်တိုင် တိုက်ရိုက်ကြည့်ရှုလေ့ မရှိကြပါ။
အတွေ့အကြုံကို “ဖြတ်သန်းကြည့်” နေကြပြီး—
လောကကို ကြည့်ကြသည်၊ လူတွေကို ကြည့်ကြသည်၊ ကိုယ့်ရည်မှန်းချက်များ၊ ကြောက်ရွံ့မှုများကို ကြည့်ကြသည်။
သို့သော် အတွေ့အကြုံကို ကိုယ်တိုင် ပြန်လှည့်ကြည့်ခြင်းတော့ နီးပါး မရှိပါ။
အတွေ့အကြုံတရပ်၊ အတွေ့အကြုံဖြစ်ပေါ်နေသည့် လုပ်ငန်းစဉ်ကိုယ်တိုင်သည်
ငါးတကောင်က ကိုယ်ကူးခတ်နေသော ရေကို သတိမထားမိသကဲ့သို့
ကျွန်ုပ်တို့အတွက် မမြင်ရဘဲ ကျန်ရစ်နေတတ်ပါသည်။
ဒီမှာ ပိုမို နက်ရှိုင်းသော အာရုံထူးခြားမှုတရပ် ရှိပါသည်—
ကျွန်ုပ်တို့သည် “နားလည်ပြီးသား” ဟု ထင်မြင်နေကြပါသည်။
ဘာတွေ ဖြစ်နေသည်ကို သိနေပြီဟု ထင်ကြပါသည်။
အကြောင်းပြချက်များ ရှိပါသည်။
ဇာတ်လမ်းများ၊ အဓိပ္ပါယ်ဖော်ပြချက်များ ရှိပါသည်။
“အလုပ်ကြောင့် စိတ်ဖိစီးနေတာပါ။”
“အဲဒီလူကြောင့် မပျော်ဘူး။”
“ဒီလို ခံစားနေရတာ အဲဒီအဖြစ်အပျက်ကြောင့်ပါ။”
အရာအားလုံးအတွက် အကြောင်းပြချက်များ ရှိပါသည်။
သို့သော် အကြောင်းပြချက် ရှိခြင်း သည်
အမှန်တကယ် မြင်တွေ့နားလည်ခြင်း နှင့် တူညီမနေပါ။
အချို့အခါတွင် ထိုအကြောင်းပြချက်များကပင်
အမှန်တကယ် ဖြစ်ပေါ်နေသည့် အတွေ့အကြုံကို မြင်နိုင်ခြင်းကို
တားဆီးသည့် အတားအဆီး ဖြစ်လာတတ်ပါသည်။
ထိုအကြောင်းပြချက်များသည်
တိုက်ရိုက် အတွေ့အကြုံပေါ်ကို ဖုံးအုပ်ထားသည့်
အတွေးအခေါ်အလွှာတရပ်၊ အဖုံးတရပ် ဖြစ်လာတတ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည်
နှစ်ထောင်ကျော် ခြောက်ရာနှစ်ကျော် အလွန်ရှေးကာလ၌ပင်
ဤအချက်ကို သတိပြုမြင်တွေ့ခဲ့ပါသည်။
လူသားအများစုသည်
ပညာမရှိခြင်းကြောင့်၊ အားနည်းခြင်းကြောင့်၊ သဘောကောင်းမရှိခြင်းကြောင့် မဟုတ်ဘဲ
ကိုယ့်အတွင်း၌ ဖြစ်ပေါ်နေသည့် အရာကို
ရှင်းလင်းစွာ ကြည့်ရှုနည်း မလေ့လာရသေးခြင်းကြောင့်
မိုးမှုန်အတွင်းကဲ့သို့ ဘဝကို ဖြတ်သန်းနေကြသည်ဟု
ဘုရားရှင် မြင်တော်မူခဲ့ပါသည်။
သဗ္ဗာသဝ သုတ္တန် (Sabbāsava Sutta) တွင်
စိတ်ကို အသုံးချသည့် နည်းလမ်း နှစ်မျိုးကို ခွဲခြားဖော်ပြထားပါသည်။
တမျိုးမှာ
“ယောနိသော မနသိကာရ” — အမြစ်အထိ ရောက်သည့် ပညာရှိသော အာရုံစိုက်ခြင်း ဖြစ်ပြီး၊
အခြားတမျိုးမှာ
“အယောနိသော မနသိကာရ” — အမြစ်ကို လုံးဝ မထိမိသော မပညာရှိသည့် အာရုံစိုက်ခြင်း ဖြစ်ပါသည်။
(၂)
ကွာခြားချက်က ဘာလဲ။
ဒီအရာဟာ ပြဿနာတွေကို လျစ်လျူရှုခြင်း၊ ဒုက္ခရှိနေတာကို မရှိသလို ဟန်ဆောင်ခြင်း မဟုတ်ပါ။
ဒုက္ခအလယ်မှာ ရှိနေချိန် ကိုယ့်အာရုံကို ဘယ်နေရာမှာ တင်ထားသလဲ ဆိုတဲ့ အချက်ကို ဆိုလိုတာပါ။
မပညာရှိသော အာရုံစိုက်ခြင်း (အယောနိသော မနသိကာရ) ထဲမှာ ပိတ်မိနေတဲ့အခါ
အဖြစ်အပျက်ဇာတ်လမ်းတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေ အဆင့်မှာပဲ ရပ်နေတတ်ကြပါတယ်။
ဖြစ်ခဲ့တာတွေကို ပြန်ပြန်စဉ်းစားမိတယ်။
ဖြစ်လာနိုင်တာတွေကို ကြိုတင်စိတ်ကူးမိတယ်။
ဘာကြောင့် ဒီလိုခံစားနေရတာလဲ၊ ဘယ်သူ့အပြစ်လဲ၊ ကိုယ့်အကြောင်း ဘာကို ပြောနေတာလဲ ဆိုပြီး ခွဲခြမ်းစိတ်ဖြာနေတတ်ကြပါတယ်။
အချို့အခါ အသုံးဝင်နိုင်ပေမဲ့
အများအားဖြင့်တော့ ဒုက္ခကို တိတိကျကျ မြင်ခြင်းမဟုတ်ဘဲ
ဒုက္ခအကြောင်းကို စဉ်းစားနေရုံသာ ဖြစ်ပြီး
စိတ်က အဝိုင်းဝိုင်းလည်နေရစေတတ်ပါတယ်။
ပညာရှိသော အာရုံစိုက်ခြင်း (ယောနိသော မနသိကာရ) ကတော့ မတူပါဘူး။
ဇာတ်လမ်းထဲမှာ ပျောက်မသွားဘဲ
အတွေ့အကြုံကို ကိုယ်တိုင် တိုက်ရိုက်ကြည့်ပါတယ်—
ယခုအချိန်မှာ အမှန်တကယ် ဘာတွေ ဖြစ်ပေါ်နေတာလဲ။
ကိုယ်ခန္ဓာထဲမှာ ဘာသိမြင်မှုတွေ ရှိနေတာလဲ။
ဒီခံစားချက်ရဲ့ အရသာ (quality) က ဘယ်လိုလဲ။
ယခုအချိန်မှာ စိတ်က ဘာလုပ်နေတာလဲ။
ဒီလိုကြည့်ခြင်းဟာ
ကိုယ့်ပြဿနာတွေကို ပယ်ချခြင်း၊ မရှိသလို လုပ်ခြင်း မဟုတ်ပါ။
မဆုံးမခင် မရှောင်ဘဲ
ခွဲခြမ်းစိတ်ဖြာမှု များစွာမပါဘဲ တိုက်ရိုက် အသိအမြင်နဲ့ တွေ့ဆုံခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရား၏ ပထမဆုံး သာသနာတော်ဖြစ်သော
ဓမ္မစက္ကပဝတ္တန သုတ္တန် (Dhammacakkappavattana Sutta) တွင်
လောကကြီး၊ နတ်များ၊ သီအိုရီဒဿနများကို မပြောခဲ့ပါ။
အလွန်ရိုးရှင်းပြီး ချက်ချင်း တွေ့နိုင်သော အရာတခုမှ စတင်ခဲ့ပါသည်—
ဒုက္ခရှိနေခြင်း ကိုပါ။
ဘုရားရှင်က မိန့်တော်မူသည်မှာ—
“ဘိက္ခုတို့၊ ဤသည်ကား ဒုက္ခ အရိယသစ္စာ ဖြစ်၏—
မွေးဖွားခြင်းသည် ဒုက္ခ၊
အိုမင်းခြင်းသည် ဒုက္ခ၊
နာရောဂါဖြစ်ခြင်းသည် ဒုက္ခ၊
သေဆုံးခြင်းသည် ဒုက္ခ၊
မနှစ်သက်သော အရာနှင့် တွေ့ဆုံရခြင်းသည် ဒုက္ခ၊
နှစ်သက်သော အရာနှင့် ခွဲခွာရခြင်းသည် ဒုက္ခ၊
လိုချင်သော်လည်း မရခြင်းသည် ဒုက္ခ၊
အကျဉ်းချုပ်အားဖြင့် ကပ်လျက်ရှိသော ခန္ဓာငါးပါးသည် ဒုက္ခ ဖြစ်၏။”
ဘုရားရှင်သည်
အတွေ့အကြုံကိုယ်တိုင်ကို လက်ညှိုးညွှန်ပြခဲ့ပါသည်။
လူသားဘဝ၏ မရှောင်လွှဲနိုင်သော နာကျင်မှုများ၊
ဆုံးရှုံးမှု၏ စိတ်ကြေကွဲမှု၊
လိုချင်သော်လည်း မရသည့် စိတ်အကြပ်အတည်းများကို
အားလုံးကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပါသည်။
မည်သည့်အရာမျှ မငြင်းပယ်ခဲ့ပါ။
အဓိပ္ပါယ်အားဖြင့်—
ဒီကို ကြည့်ပါ။
အမှန်တကယ် ဖြစ်ပေါ်နေတာကို ကြည့်ပါ။
ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်တိုင် စိစစ်ပါ။
ကိုယ်တိုင် မြင်ကြည့်ရန် ဖိတ်ခေါ်ခြင်း—
ဒီအရာပဲ ဘုရားရှင်သင်ကြားခဲ့သည့် အဓိကအချက် ဖြစ်ပါသည်။
အမြဲတမ်း ရှိနေခဲ့ပေမဲ့
အတွေးအခေါ်များကြောင့် မရှင်းလင်းစွာ မမြင်နိုင်ခဲ့သည့် အရာကို
နိုးထလာစေရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။
ဒါကြောင့် မေးခွန်းက ဆက်လက် တည်ရှိနေပါသေးတယ်—
အမှန်တကယ် ဘာတွေ ဖြစ်ပေါ်နေတာလဲ။
ကိုယ့်ဇာတ်လမ်း မဟုတ်ပါ။
ကိုယ့်အဓိပ္ပါယ်ဖော်ပြချက် မဟုတ်ပါ။
ဘာကြောင့်လဲ၊ ဘာအဓိပ္ပါယ်ရှိလဲ ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာမှု မဟုတ်ပါ။
အရာကိုယ်တိုင်—
ယခုအချိန်၏ အသက်ရှင်လှုပ်ရှားနေသော
အမြဲပြောင်းလဲနေသည့် အမှန်တရားက ဘာလဲ။
တကယ်ကြည့်လိုက်ရင်
ဘာတွေကို တွေ့ရှိနိုင်မလဲ။
စိတ်ဝင်စားဖွယ် အချက်တရပ် ရှိပါသည်—
ကျွန်ုပ်တို့သည် လောကကို တိုက်ရိုက် မတွေ့ဖူးပါ။
ကျွန်ုပ်တို့ တွေ့ကြုံနေတာဟာ
လောကကိုယ်တိုင် မဟုတ်ဘဲ
စိတ်က ဖန်တီးထားတဲ့ လောကပုံရိပ် ဖြစ်ပါသည်။
မြင်သမျှ၊ ကြားသမျှ၊ ခံစားသမျှ အားလုံးသည်
အသိအမြင်ထဲ ဝင်မလာမီ
အဓိပ္ပါယ်ဖော်ပြမှု လုပ်ငန်းစဉ်တရပ်ကို ဖြတ်သန်းပြီးသား ဖြစ်ပါသည်။
ထိုအခါမှ “အတွေ့အကြုံ” ဟု ခံစားလာရခြင်း ဖြစ်ပါသည်။
အမှန်တရားကို မူလအတိုင်း မမြင်ရဘဲ
စိတ်က ဖန်တီးထားသော ပုံစံကိုသာ မြင်နေရခြင်း ဖြစ်ပါသည်။
ဒါဟာ ဒဿနသဘောတရားသာ မဟုတ်ပါ။
အမြင်အာရုံ လုပ်ငန်းစဉ် အမှန်တကယ် အလုပ်လုပ်ပုံ ဖြစ်ပါသည်။
အလင်းရောင်သည် မျက်စိထဲ ဝင်လာသောအခါ
လျှပ်စစ်လှိုင်းပုံစံသာ ဖြစ်ပါသည်။
မျက်စိက လျှပ်စစ်သင်္ကေတများအဖြစ် ပြောင်းလဲပြီး
ဦးနှောက်က ထိုသင်္ကေတများကို ကိုင်တွယ်ကာ ပုံရိပ်တခု ဖန်တီးပါသည်။
သင်မြင်နေရသော အရောင်၊ ပုံသဏ္ဌာန်၊ အနက်အနီး ခံစားချက်တို့သည်
ဦးနှောက်က ဖန်တီးထားသော ကိုယ်စားပြု ပုံရိပ်များသာ ဖြစ်ပြီး
အရာကိုယ်တိုင် မဟုတ်ပါ။
ဒါထက် ပိုနက်ပါတယ်။
စိတ်သည် အာရုံခံစားချက်ကိုသာ ဖန်တီးခြင်း မဟုတ်ဘဲ
အဓိပ္ပါယ်၊ အရေးပါမှု၊ စိတ်ခံစားမှု အလေးချိန်တို့ကိုပါ ထပ်မံ ထည့်သွင်းပါသည်။
ဒီနေရာမှာပဲ စိတ်ဝင်စားဖွယ် ဖြစ်လာပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားသည်
ဒီလုပ်ငန်းစဉ်ကို အလွန်တိကျစွာ ဖော်ပြထားပါသည်။
မဟာနိဒါန သုတ္တန် (Mahānidāna Sutta) တွင်
အတွေ့အကြုံအတွင်း အရာတခုမှ တခုသို့ ဆက်သွယ်သွားပုံ—
အခြေအနေတရပ်ချင်းစီကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။
အာနန္ဒာအား
“ဝေဒနာသည် တဏှာ၏ အခြေအနေဖြစ်၏…
ဖဿသည် ဝေဒနာ၏ အခြေအနေဖြစ်၏…
နာမရုပ်သည် ဖဿ၏ အခြေအနေဖြစ်၏…” ဟု ရှင်းပြခဲ့ပါသည်။
အာရုံနှင့် အရာတခု ထိတွေ့သောအခါ (ဖဿ)
ဝေဒနာ ဖြစ်ပေါ်လာပါသည်။
ဤ ဝေဒနာ (vedanā) သည်
စိတ်ခံစားချက် မဟုတ်ပါ။
ပို၍ အခြေခံကျသော အရာဖြစ်ပြီး
အတွေ့အကြုံတိုင်းကို အရောင်တင်ပေးသော
နှစ်သက်၊ မနှစ်သက်၊ အလယ်အလတ် ဆိုသည့် အရသာသာ ဖြစ်ပါသည်။
အတွေးတခု မထွက်ခင်တောင်
ဝေဒနာတရပ် ရှိနေပြီးသား ဖြစ်ပါသည်။
ဒါဟာ အလိုအလျောက် ဖြစ်ပေါ်ပြီး
သတိမပြုမိသည့် အဆင့်မှာပဲ ဖြစ်နေပါသည်။
ဒီဝေဒနာမှ စိတ်က တုံ့ပြန်ပါသည်—
နှစ်သက်လျှင် ပိုလိုချင်လာသည်။
မနှစ်သက်လျှင် ရပ်တန့်စေချင်လာသည်။
ဒီလှုပ်ရှားမှုကို
ဘုရားရှင်က တဏှာ (taṇhā) ဟု ခေါ်ပါသည်။
တဏှာမှ ကပ်လျက်မှု၊ ဖြစ်ပေါ်လာမှုများ ဆက်တိုက်ဖြစ်ပြီး
နောက်ဆုံးမှာ ဒုက္ခ ဖြစ်လာပါသည်။
ဒီလုပ်ငန်းစဉ်ဟာ
အတွေးထက်တောင် မြန်ပါတယ်။
အချိန်အခိုက်အတန့်တခုအတွင်းမှာပဲ
ဖဿ → ဝေဒနာ → တဏှာ → တုံ့ပြန်မှု
အားလုံး ပြီးစီးသွားပါတယ်။
သင်မြင်မိတာက ရလဒ်ပဲ ဖြစ်ပါတယ်—
“ငါ ဝမ်းနည်းတယ်”
“ဒီဟာ လိုချင်တယ်”
“အဲဒါ မကြိုက်ဘူး”
ဒါတွေက လောကရဲ့ အမှန်တရားလို ထင်ရပေမဲ့
အမှန်တော့ မဟုတ်ပါ။
စိတ်အောက်ပိုင်းမှာ ဖြစ်သွားပြီးသား လုပ်ငန်းစဉ်ရဲ့
နောက်ဆုံးထွက်ကုန်များသာ ဖြစ်ပါသည်။
ဥပမာတခု ယူကြည့်ပါစို့။
တစုံတယောက်က သင့်ကို စကားတခွန်း ပြောလိုက်ပြီး
သင် စိတ်ထိခိုက်သွားတယ် ဆိုပါစို့။
အဲဒီအချိန်မှာ
“သူ ငါ့ကို ထိခိုက်အောင် ပြောတယ်” လို့ ထင်ရပါလိမ့်မယ်။
ဒါပေမဲ့ အချိန်ကို နှေးကွေးစွာ ကြည့်လိုက်ရင်—
အသံဟာ နားထဲ ဝင်လာတယ် (ဖဃ်)
မနှစ်သက်သော ဝေဒနာ ဖြစ်လာတယ်
စိတ်က ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ကိုယ်တန်ဖိုး အမြင်အရ
အဓိပ္ပါယ်ဖော်ပြလိုက်တယ်
ပြီးတော့ တုံ့ပြန်မှု—
နာကျင်မှု၊ ကိုယ်ကာကွယ်မှု ဖြစ်လာတယ်။
“စိတ်ထိခိုက်တယ်” လို့ သတိမပြုမိခင်မှာ
အားလုံး ပြီးစီးသွားပြီးသား ဖြစ်ပါတယ်။
အဲဒီစကားကို
အခြားသူတယောက် နားထောင်ရင် မထိခိုက်နိုင်ပါဘူး။
ကိုယ့်ကိုယ်တိုင်တောင်
အခြားနေ့တနေ့မှာ ကြားရင် မသက်ရောက်နိုင်ပါဘူး။
ဘာပြောင်းလဲသွားတာလဲ။
စကား မပြောင်းပါဘူး။
စကားဆိုတာ အသံပဲ ဖြစ်ပါတယ်။
ပြောင်းလဲသွားတာက
အလယ်ပိုင်း လုပ်ငန်းစဉ်—
အဓိပ္ပါယ်ဖော်ပြပုံ၊ တုံ့ပြန်ပုံ ဖြစ်ပါတယ်။
သတိပဋ္ဌာန် သုတ္တန် (Satipaṭṭhāna Sutta) တွင်
ဘုရားရှင်က ဒီအရာကို တိုက်ရိုက် ကြည့်ရှုရန် သင်ကြားခဲ့ပါသည်—
“နှစ်သက်သော ဝေဒနာ ဖြစ်လျှင်
‘ငါ နှစ်သက်သော ဝေဒနာ ခံစားနေရသည်’ ဟု သိ၏။
နာကျင်သော ဝေဒနာ ဖြစ်လျှင်
‘ငါ နာကျင်သော ဝေဒနာ ခံစားနေရသည်’ ဟု သိ၏။
အလယ်အလတ် ဝေဒနာ ဖြစ်လျှင်
‘ငါ အလယ်အလတ် ဝေဒနာ ခံစားနေရသည်’ ဟု သိ၏။”
ရိုးရှင်းတိကျသော အသိအမြင်သာ ဖြစ်ပါသည်။
ခွဲခြမ်းစိတ်ဖြာမှု မဟုတ်ပါ။
အကဲဖြတ်ခြင်း မဟုတ်ပါ။
ရှိနေတာကို သိခြင်းသာ ဖြစ်ပါသည်။
ဒီနေရာမှာပဲ
အမှန်တကယ် ဖြစ်ပေါ်တာနဲ့
စိတ်က ထပ်ပေါင်းလိုက်တာကို
ခွဲခြားမြင်လာနိုင်ပါတယ်။
ဒီမှာပဲ ရှင်းလင်းမှု စတင်ပါတယ်။
Understanding What's Actually Happening — Buddhist Wisdom https://www.youtube.com/watch?v=w8EdSF_HjPk
ဒေါက်တာတင့်ဆွေ
Comments
Post a Comment