နွားညီနောင် ရွှေခြူကုံးနဲ့
လူလုံးပြ ဟန်ရေးကြွယ်။
ရှစ်စထောင် လှည်းယဉ်ကြော့နဲ့
ပွဲဝင်တော့မယ်။ ။
မမလေး သေးသွယ်သွယ်
လိုက်မယ်ဆို နံ့သာသ
ခန်းဆောင်ကကြွ။
မမလေး သေးသွယ်သွယ်
လိုက်မယ်ဆို နံ့သာသ
ခန်းဆောင်ကကြွ။ ။
ဆံမြိတ်နွယ် ခိုတောင်ချနဲ့
လက်အပွ ပဒုမ္မာ။
သရက်ထည် ပွင့်ဝါရိုက်နဲ့
လိုက်ဖက်လှပါ။ ။
ပြုံးတော့မဲ့ နွဲ့မူရာ
ပျူငှာလို့ ကြည်ဝင်း။
နွားညီနောင် ခြေကုန်သုတ်အောင်
သျှောင်ကြီးရှင် ခါးပုံပြုတ်အောင်
ရုပ်ကကြောရှင်း။ ။
ခေါင်းပေါင်းစ တထောင်ထောင်
အရီးလူ လှည်းအိုပျက်က
ပြုံးမျက်စလှောင်။
ဆောင်ပန်းအိမ် လက်ျာကျက
ဗေါင်းစနဲ့ ပျိုတို့မောင်
ပြုံးယောင်ယောင် တိတ်တခိုး။
ကွမ်းနုဝါ သူငုံလို့
ပန်းပဝါ သူခြုံလို့
မလေးလုံ အရှက်ကြီးသူမို့
ထီးကာလို့မိုး။ ။
ဘုံကထိန် ဂုဏ်သိန်ဟည်း
စင်တော်ကြီး ရုပ်စုံမြိုင်
ပွဲအုပ်မနိုင်။
သူကြီးကမှိုင်
ကျောင်းထိုင်က ညည်း။
အုတ်ကျက်ကယ် ဆူညံနှင့်
စင်ဆော်သံ မိုးယံအုပ်
ပတ်တုတ်လို့တီး။ ။
သပြေညို ပင်ပျိုအုပ်မှာ
လှည်းဖြုတ်လို့ နေရာယူ
ပွဲကြည့်တူတူ။
ဆောင်းလေက ကလူ
နှင်းမြူက အဝဲ။
စောင်မြိတ်တို တထည်တည်းမို့
မောင့်ရွှေကိုယ် နံ့သာခဲနဲ့
လူပုံမှာ တူစုံနွှဲရတယ်
မေ့တတ်နိုင်ဘဲ။ ။
တင်မိုး (မန်းတက္ကသိုလ်)
ပုံအတွက် ကျေးဇူး။
ဆရာတင်မိုးရေးတဲ့ကဗျာ စစ်မှန်ရင် စာလုံးပေါင်းသတ်ပုံတွေ မှန်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment